ငြိမ်းချမ်းရေးအတွက် ဆန္ဒပြမှုကြောင့် တရားစွဲခံရသူ ၁၅ ရက်အတွင်း ၄၂ ဦးရှိလာ

စစ်ပွဲများရပ်တန့်ရန် ဆန္ဒပြမှုများကြောင့် ၁၅ ရက်အတွင်း တရားစွဲဆိုခံထားရသော အမှု ၁၃ မှုရှိပြီး ငြိမ်းချမ်းရေးတက်ကြွလှုပ် ရှားသူ ၄၂ ဦး တရားရင်ဆိုင်နေ ရကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့) က ယမန်နေ့တွင် သတင်း ထုတ်ပြန်သည်။

ငြိမ်းချမ်းရေး လှုပ်ရှားမှု ကြောင့် ငြိမ်းစုစီ ပုဒ်မများဖြင့် တရားစွဲဆိုခံရမှုသည် ရန်ကုန်တိုင်းတွင် ခုနစ်မှု၊ မန္တလေးတိုင်းတွင် သုံးမှု၊ ကချင်ပြည်နယ်တွင် နှစ်မှုနှင့် ပဲခူးတိုင်းတွင်တစ်မှု စုစုပေါင်း ၁၃ မှုဖြစ်သည်။

 တရားစွဲခံရမှု အများဆုံး သည် ရန်ကုန်မြို့ဖြစ်ပြီး မေလ ၁၂ ရက်တွင် တာမွေအဝိုင်းထိပ်၌ ငြိမ်းချမ်းရေး ဆန္ဒပြမှုကြောင့် တက်ကြွလှုပ်ရှားသူ ၁၇ ဦးကို ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ထား သည်။ ထို့အပြင် မေလ ၁၄ ရက် က မဟာဗန္ဓုလပန်းခြံအတွင်း ငြိမ်းချမ်းရေးကဗျာရွတ်ဆိုမှုတွင် ပါဝင်သူသုံးဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားသည်။

ငြိမ်းစုစီမတင်သောကြောင့် တရားစွဲခံရသူများရှိသလို ငြိမ်းစုစီတင်လျက်နှင့်လည်း တရားစွဲခံနေ ရကြောင်း အသံ(လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့)မှ မောင်ဆောင်းခက ပြောကြားသည်။

သို့သော် မြန်မာနိုင်ငံရဲတပ် ဖွဲ့(နေပြည်တော်)ပြောရေးဆိုခွင့် ရှိသူ ရဲမှူးကြီးမျိုးသူစိုးက ငြိမ်းချမ်း ရေးဆန္ဒပြသူများ တရားစွဲဆိုခံရမှု သည် ခွင့်ပြုချက်မရှိဘဲ ဆောင် ရွက်ခြင်းကြောင့် ဖြစ်ကြောင်း ပြောသည်။

‘‘ခွင့်ပြုချက်မတင်လို့ပါ။ ခွင့် ပြုချက်မရှိဘဲနဲ့ စုရုံးတာတွေ လုပ် လို့ ဥပဒေနဲ့အညီ အရေးယူထား တာပါခင်ဗျ’’ဟု ရဲမှူးကြီးက ပြော သည်။

တာမွေအဝိုင်းထိပ်၌ ငြိမ်း ချမ်းရေးဆန္ဒပြမှုကြောင့် ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ခံထားရ သော တက်ကြွလှုပ်ရှားသူ ၁၇ ဦး အနက် ဖမ်းဆီးရန် ကျန်ရှိသော ကိုးဦးကို ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ က ယမန်နေ့တွင် ဆင့်ခေါ်၍ စစ် ချက်ယူခဲ့သည်။

‘‘အဓိကက ကျွန်မတို့ကို စစ် ချက်ယူတယ်။ ပွဲနဲ့ပတ်သက်ပြီး တော့ မေးမြန်းတာပေါ့။ နောက် ပြီး ကျွန်မတို့ကို အမှုဖွင့်လိုက် ကြောင်း ပြောပြီး ခံဝန်လုပ်ခိုင်း တာပေါ့’’ဟု မေလ ၁၂ ရက်တွင် တာမွေအဝိုင်းထိပ်၌ ငြိမ်းချမ်းရေး ဆန္ဒပြပွဲပြုလုပ်ရာတွင် ဦးဆောင်  ပါဝင်သူ မအိအိမိုးက ပြောသည်။

ကချင်ဒေသ စစ်ပွဲများကြောင့် ပိတ်မိနေသူများ ဘေးကင်းလုံခြုံ ရာသို့ ရောက်ရှိရေးဆောင်ရွက် ပေးရန်နှင့် စစ်ပွဲများရပ်တန့်ရန် မေလ ၂ ရက်က ရန်ကုန်မြို့၌ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့ (KIA) အကြား ဧပြီက ကချင်ပြည်နယ် တနိုင်း၊ ဖား ကန့်၊ မိုးကောင်းနှင့် အင်ဂျန်းယန် မြို့နယ်အတွင်း တိုက်ပွဲများဖြစ် ပွားခဲ့ရာ ဒေသခံ ငါးထောင်ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယင်းတို့အနက် တနိုင်းမြို့နယ် အောင်လော့ဒ်ဒေသရှိ လူနှစ် ထောင်ခန့် တောထဲ ပိတ်မိနေ၍ အမြန်ဆုံး ကယ်ထုတ်ပေးရန် ကချင်လူငယ်များဦးဆောင်သည့် အဖွဲ့က ဧပြီ ၃၀ ရက်က စ၍ မြစ် ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော် တောင်းဆိုသည့် လှုပ်ရှားမှုများ ဆောင်ရွက်နေသည်။ စစ်ဘေး ရှောင်များ လွတ်မြောက်ရေး တောင်းဆိုမှုတွင် တိုင်းနှင့် ပြည် နယ်အသီးသီးရှိ လူငယ်များပါဝင် ကူညီဆောင်ရွက်ရန် ကချင်လူ ငယ်အဖွဲ့က တောင်းဆိုထား သည်။  ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်တွင် မေလ ၁၂ ရက်က ရဲကင်းစခန်းနှင့် ပြည်သူ့စစ်များ ကို တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)က ဝင်ရောက်တိုက်ခိုက် ၍ အရပ်သားများအပါအဝင် ၂၀ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။