နိုင်ငံအတွင်း ကြိုးတံတား ၂၉ စင်းတွင် နှစ်စင်း စိုးရိမ်ရသည့် အခြေအနေရှိ

ဇူလိုင် ၃၁ ရက်တွင် တံတားအားလုံး၏ကြံ့ခိုင်မှုစစ်တမ်းရရှိမည်
သက်တမ်း ၂၂ နှစ်ရှိ မြောင်းမြကြိုးတံတားကို ဧပြီ ၁ ရက်က ပြတ်ကျပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 နိုင်ငံအတွင်းရှိ ကြိုးတံတား ၂၉ စင်း၏ ကြံ့ခိုင်မှု အခြေအနေကို တရုတ်ပညာရှင် များဖြင့် စမ်းသပ်စစ်ဆေးမှုများ အရ ကြိုးတံတား နှစ်စင်းသည် စိုးရိမ်ရသည့် အခြေအနေအဖြစ် ကြေညာထားကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးကျော်လင်းက ပြောသည်။

မကွေးတိုင်းရှိ မဲဇလီ ကြိုးတံတားနှင့် မွန်ပြည်နယ်ရှိ ဇာသပြင်ကြိုး တံတားတို့ကို စိုးရိမ်ရသည့်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဒုဝန်ကြီးက ဆိုသည်။

‘‘မကွေးတိုင်းမှာရှိတဲ့ မဲဇလီတံတားနဲ့ နောက်တစ်ခါ ဇာသပြင် တံတားတို့ရဲ့ အဆင့်သည် တရုတ်နိုင်ငံမှာဆိုရင် Grade-5 ဖြစ်နေပါတယ်။ ဒီဟာသည် အခြေအနေ ဆိုးရွားနေတဲ့အတွက် လောလောဆယ်မှာ ဒါကို Danger အခြေအနေ ကြေညာပြီးတော့ ကုန်တင်ယာဉ်တွေဆိုရင် ၁၃ တန်အောက် လျှော့ချခဲ့ပါတယ်။ ခရီးသည်တင် ဘတ်စ်ကားတွေဆိုရင်လည်း ကားကိုသတ်သတ်မောင်းခိုင်းပြီး ဟိုဘက်မှာ လူပြန်တက်ခိုင်းတာတွေ ပြုလုပ်စေပြီး ဆောင်ရွက်နေပါတယ်’’ဟု ဦးကျော်လင်းက ပြောသည်။

မေလ ၁၅ ရက်က နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးတွင် ပြုလုပ်သည့် အစိုးရ၏ ဒုတိယတစ်နှစ်တာ ဆောင်ရွက် ချက်များနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။

အဆိုပါ တံတားနှစ်စင်းကို အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင် ရေး ဆောင်ရွက်နေကြောင်းနှင့် လက်ရှိတွင် ကြိုးတံတား ၂၉ စင်း၏ ကြံ့ခိုင်မှုများကိုလည်း ပြန်လည်စစ်ဆေးနေကြောင်း ၎င်းက ဆို သည်။တစ်နိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်း၏ ကြံ့ခိုင်မှုအစီရင်ခံစာ ကို လာမည့် ဇူလိုင် ၃၁ ရက်တွင် အပ်နှံနိုင်ဖွယ်ရှိကြောင်း ဒုဝန်ကြီး က ဆက်လက်ပြောကြားသည်။

‘‘လာမယ့် ဇူလိုင် ၃၁ ရက် ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့ တံတား ၂၉ စင်းရဲ့ အခြေ အနေတွေအားလုံးဟာ ဘယ်လို အခြေအနေတွေရှိလဲဆိုတာ ထုတ်ပြန်ကြေညာသွားပါမယ်’’ ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းကဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ကြိုး တံတားများ၏ ကြံ့ခိုင်မှုအခြေအ နေ စစ်ဆေးမှုကို ယခင်အစိုးရ ငါးနှစ်တာအတွင်းက စတင်ခဲ့ကာ ၂ နှစ်လျှင်တစ်ကြိမ် စစ်ဆေးနေ သော်လည်း ကြိုး၊ တာဝါ၊ စတီး သံပေါင်များနှင့် အခင်း စသည့် အပြင်ပိုင်းမြင်သာသော အပိုင်း များသာ စစ်ဆေးနိုင်သေးသည်ဟု ဒုဝန်ကြီးက ဆိုသည်။

‘‘ပြီးခဲ့တဲ့ ၂ နှစ်တာကာလ အတွင်းမှာရော၊ ယခင် ငါးနှစ် ကာလအတွင်းမှာရော ကျွန်တော် တို့ လုပ်လို့ရတဲ့ အပိုင်းတွေအား လုံး တောက်လျှောက် ဆောင်ရွက် နေခဲ့ပါတယ်’’ဟု ၎င်းက ဆက် လက်ပြောကြားသည်။