ဖိအားများကြားမှ လိဒ်စ်ယူနိုက်တက်၏ မြန်မာခရီးစဉ်

ခြေစမ်းပွဲမစတင်မီ လိဒ်စ်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း မန္တလာသီရိကွင်းအတွင်း ဝင်ရောက်လာစဉ် ဓာတ်ပုံ − စိုင်းဇော်

ရန်ကုန်မြို့ သုဝဏ္ဏအား ကစားကွင်း ပတ်လည်တွင် အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်စ် ယူနိုက်တက် ခြေစမ်းခရီးစဉ်ကို အားပေးသည့် ပရိသတ်အများက ကြိုဆိုနေသော်လည်း ကွင်းအ တွင်း ဆင်ဝင်အောက် ကားတစ်စီး ပေါ်က ဆင်းလာသည့် လိဒ်စ်အ သင်းပိုင်ရှင် အွန်ဒရေ ရာဒရစ်ဇာနီ အတွက်မူ အကျပ်ရိုက်စေမည့် မေးခွန်းများ ကြုံခဲ့ရသည်။ 


လိဒ်စ်ယူနိုက်တက်၏ မြန်မာနိုင်ငံခရီးစဉ် ရောက်မလာမီက တည်းက ဘင်္ဂါလီအဖွဲ့အစည်းများ နှင့် နိုင်ငံတကာမီဒီယာများကကန့် ကွက်ဝေဖန်မှုများ ရှိခဲ့ပြီး မေလ ၉ ရက် သုဝဏ္ဏကွင်း၌ မြန်မာလိဂ် ညွန့်ပေါင်းနှင့် လိဒ်စ်အသင်း ခြေ စမ်းပွဲမယှဉ်ပြိုင်မီ နာရီပိုင်းအလို ၌လည်း ပြည်ပမီဒီယာအချို့က အွန်ဒရေ ရာဒရစ်ဇာနီကို မေးခွန်း ဆက်ထုတ်ခဲ့သည်။

သို့သော် လိဒ်စ်အသင်းပိုင် ရှင် ရာဒရစ်ဇာနီက ‘‘ကျွန်တော်တို့ မြန်မာနိုင်ငံကို နိုင်ငံရေးအတွက် လာတာမဟုတ်ပါဘူး။ ဘောလုံး ကစားဖို့ သက်သက်လာတာပါ’’ ဟု ပြန်လည်တုံ့ပြန်သည်။

ရခိုင်ပြည်နယ် အရေးကိစ္စ နှင့် စပ်လျဉ်း၍ လူ့အခွင့်အရေးချိုး ဖောက်မှုများရှိနေသည် ဟု သတင်းအချို့ ပေါ်ထွက်နေ၍ဘင်္ဂါလီအရေးလှုပ်ရှားသည့် အဖွဲ့အစည်းများ၊ ဗြိတိန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အ စည်းများ၊ ဗြိတိန်အားကစားဝန်ကြီးအဖြစ် လျာထားခံရသည့် လေဘာပါတီ လွှတ်တော်အမတ်ကိုယ် တိုင်တို့က လိဒ်စ်အသင်း၏ မြန်မာ ပြည်ခရီးစဉ်ကို ဟန့်တားခဲ့သည်။ ထို့အပြင် အသင်းပရိသတ်အချို့ က လိဒ်စ်အသင်း လူမှုကွန်ရက်စာမျက်နှာနှင့် Twitter တို့တွင် ဝေ ဖန်ကန့်ကွက်စာများ ၀င်ရောက် ရေးသားခဲ့သည်။

 ထိုသို့သော ဝေဖန်မှုများ ကြားက အင်္ဂလန်ချန်ပီယံရှစ် ကလပ် လိဒ်စ်ယူနိုက်တက်အသင်း အနေဖြင့် မြန်မာနိုင်ငံသို့ ခြေစမ်း ခရီးစဉ် လာရောက်ခြင်းသည် ငွေ ကြေးအတွက်မဟုတ်ဘဲ ဘောလုံး နှင့် လူ့အသိုင်းအ၀ိုင်း ပေါင်းစပ်ရန် အတွက်ဖြစ်ကြောင်း ရာဒရစ်ဇာနီ က ဆိုသည်။ ထို့အပြင် လိဒ်စ်အ သင်းနှင့်အတူ အမာခံပရိသတ် ၂၀၀ ခန့်က မြန်မာနိုင်ငံထိ လာ ရောက် အားပေးခဲ့ပြီး ၎င်းတို့၏ လုံခြုံရေးနှင့် တည်းခိုနေထိုင်ရေး ပါ မြန်မာဘောလုံးအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

အဓိက ကစားသမားအချို့ မပါဝင်သော်လည်း စုစုပေါင်းအ ဖွဲ့ဝင် (၃၄) ဦးပါဝင်သည့် လိဒ်စ် ယူနိုက်တက်အသင်းသည် မေလ ၈ ရက် ညနေက ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ မေလ ၉ ရက် နံနက်ပိုင်းတွင် လိဒ်စ်ယူနိုက်တက် အသင်းသားများသည် မြန်မာ ပုဆိုးများဝတ်ဆင်၍ ဗုဒ္ဓဘာသာ ၀င်များ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်သို့ သွား ရောက်ခဲ့သည်။

AYA Bank Tour 2018 အ စီအစဉ်ဖြင့် ရောက်ရှိလာသည့် လိဒ်စ်ယူနိုက်တက်အသင်းသည် မြန်မာနိုင်ငံသို့ ၁၉၆၀ နောက်ပိုင်း ခြေစမ်းပွဲ လာရောက်ကစားသည့် အင်္ဂလန်ကလပ်အသင်း တစ်သင်းဖြစ်ပြီး အခြားပရီးမီးယားလိဂ်အ သင်းများ မြန်မာနိုင်ငံသို့ လာ ရောက်ရန် လမ်းစတစ်ခုလည်းဖြစ် သည်။

 ဗြိတိန်နိုင်ငံ ရော့ရှိုင်းယား ပြည်နယ် အခြေစိုက် လိဒ်စ်ယူနိုက် တက်အသင်းသည် နာမည်ကြီး ကစားသမားများစွာ မွေးထုတ် ပေးခဲ့သည့် ကလပ်အသင်းဖြစ်ပြီး လက်ရှိတွင် လိဂ်ချန်ပီယံရှစ်ပြိုင် ပွဲ၌ ပါဝင်ကစားနေကာ မြန်မာပရိ သတ်များနှင့် မစိမ်းသည့်အသင်း ဖြစ်သည်။ အလန်စမစ်၊ ဖာဒီနန်၊ ကီးဝဲလ်၊ ဗီဒူကာစသည့် လိဒ်စ် အသင်း၏ နာမည်ကြီးကစားသ မားများကို အားပေးခဲ့သည့် မြန်မာ ပရိသတ်အနေဖြင့် လိဒ်စ်အသင်း လာရောက်ခြေစမ်းခြင်းက ဂုဏ် ယူဖွယ်ရာဖြစ်ကြောင်း မြန်မာ ဘောလုံး ပရိသတ်တစ်ဦးက ဆို သည်။

မေလ ၉ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ခြေစမ်းသည့် လိဒ်စ်ယူနိုက်တက်၏ အဖွင့်ခြေ စမ်းပွဲတွင် တာထွက်မလှခဲ့ဘဲ မြန်မာလိဂ်ညွန့်ပေါင်းအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်း ပွဲတွင် မြန်မာပရိသတ် ၁၆,၀၀၀ ကျော် ကွင်းအတွင်းလာရောက် အားပေးခဲ့သည်။

ထို့အပြင် ၂၀၁၁ နောက်ပိုင်း ဆိုးသွမ်းပရိသတ်အချို့ကြောင့် ပိတ်ပင်ထားသည့် ပိုက်ကွန်များ နှင့် သုဝဏ္ဏကွင်းသည်လည်းလိဒ်စ် အသင်းနှင့် ခြေစမ်းပွဲမတိုင်မီအကာ အရံများ ဖြုတ်ချခဲ့ကာ ခုနစ်နှစ်ကြာ ပြီး နောက်ပိုင်း ပထမဆုံးဘောလုံး ပရိသတ်များ လွတ်လပ်စွာ အား ပေးခွင့်ရခဲ့သည်။ လိဒ်စ်အသင်း ကစားသမားများက ပွဲအပြီး၌ ပရိ သတ်များကို ၀တ်စုံများအမှတ် တရ ပစ်ပေးခဲ့သည်။

လိဒ်စ်အသင်းသားများသည် မေလ ၁၀ ရက် နံနက်တွင် မြန်မာ အမျိုးသားဘောလုံး အကယ်ဒမီ သုဝဏ္ဏမြက်ခင်းတုကွင်း၌ လူငယ် ဘောလုံး လေ့ကျင့်သင်ကြားရေး အစီအစဉ်အဖြစ် ကလေး ၂၅၀ ကို အခြေခံဘောလုံးပညာများ မျှဝေ သင်ကြားပေးခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်၊ ဗြိတိန်သံအမတ် အင်ဒရူးပက်ထ ရစ်၊ လိဒ်စ်အသင်းပိုင်ရှင် ရာဒရစ် ဇာနီနှင့် ကစားသမားများအတူ ပူးပေါင်း၍ လိုတရဟင်္သာတ ဘုန်းတော်ကြီးကျောင်း မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအသင်းသို့ ကျပ်သိန်း ၃၀၊ မေတ္တာအေးရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ သို့ ကျပ်သိန်း ၃၀၊ အစ္စလာမ်လူ ငယ်ပရဟိတအဖွဲ့သို့ ကျပ်သိန်း ၃၀၊ The Good Seeds Children စစ်ဘေးရှောင် မိသားစုကလေး ငယ်များသို့ ကျပ်သိန်း ၃၀ ပေး အပ်လှူဒါန်းခဲ့သည်။ 

လိဒ်စ်အသင်းသည် မေလ ၁၀ ရက် နေ့လယ်၌ မြန်မာ့ လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစား ရန် မန္တလေးမြို့သို့ ဆက်လက်သွား ရောက်ခဲ့သည်။ မေလ ၁၁ ရက်က မန္တလေးမြို့ မန္တလာသီရိ အားက စားကွင်း၌ ယှဉ်ပြိုင်သည့် မြန်မာ့ လက်ရွေးစင်အသင်းနှင့် လိဒ်စ်အ သင်း ခြေစမ်းပွဲသို့ ပရိသတ် ၂၇,၀၀၀ ကျော် လာရောက်အား ပေးပြီး အကြိတ်အနယ်ရှိခဲ့ကာ လိဒ်စ်အသင်းက ၂-၀ ဂိုး ဖြင့် အ နိုင်ရခဲ့သည်။

ယင်းခြေစမ်းပွဲ၌ မြန်မာ့ လက်ရွေးစင် ကစားသမားများအ နေဖြင့် လိဒ်စ်အသင်းကို ယှဉ်က စားနိုင်ခြင်း မရှိသော်လည်း ကြိုးစားကစားသဖြင့် ပရိသတ်များကနှစ်သင်းစလုံးကို အားပေးခဲ့သည်။

ပွဲချိန်အတွင်း မြန်မာတစ်သင်းတည်းသာ မဟုတ်ဘဲ လိဒ်စ်အ သင်းကိုပါ အော်ဟစ်အားပေးခဲ့ သည့် ပရိသတ်အတွက် လိဒ်စ်အသင်းသားများက ပွဲအပြီးအင်္ကျီ၊ ဖိနပ်နှင့် ဘောလုံးများလက်ဆောင်ပြန်လည်ပေးအပ်ခဲ့သည်။

ဘောလုံးအားကစားကို ရူးသွပ်သည့် မန္တလေးဘောလုံးပရိ သတ်များအနေဖြင့် ပထမဆုံး ပြိုင်ဘက်အသင်းကို အော်ဟစ် အားပေးခြင်းဖြစ်ကြောင်း မန္တလေး မြို့ခံပရိသတ် ကိုဝေယံအောင်က ဆိုသည်။ 

‘‘ဒါက တကယ်တမ်းပြောရ ရင် ကျွန်တော်တို့မန္တလေးမှာ ပထ မဦးဆုံးအကြိမ် ပြိုင်ဘက်အသင်း ကို အားပေးသံကြားရတာပဲ။ ဒီမှာ က ဘောလုံးကို အရမ်းရူးသွပ် ကြ တယ်။ ကိုယ့်မြို့ခံနဲ့ ဘယ်အသင်း မဆို ကိုယ့်အသင်းပဲ အားပေးလာ ခဲ့ကြတာ နှစ်ပေါင်းကြာနေပြီ။ ဒီ လိုမျိုး အားပေးသံတွေနဲ့ ကြုံရတဲ့ အတွက် ၀မ်းသာမိပါတယ်’’ဟု ၎င်းကဆိုသည်။

ဝေဖန်မှုများကြောင့် အား လုံးကစောင့်ကြည့်နေသည့် လိဒ်စ် ယူနိုက်တက်၏ ခြေစမ်းခရီးကို မြန်မာနိုင်ငံမှ ရုပ်သံများအပြင် လိဒ်စ်အသင်း၏ နိုင်ငံတကာ ရုပ် သံလိုင်းအချို့က တစ်ကမ္ဘာလုံးကို ထုတ်လွှင့်ပြသခဲ့သဖြင့် မြန်မာပရိ သတ်များ၏ နွေးထွေးစွာကြိုဆိုမှု ကို ပြသနိုင်ခဲ့သည်။

ထို့ကြောင့် လိဒ်စ်အသင်း၏ ခြေစမ်းခရီးစဉ်သည် မြန်မာနိုင်ငံ အတွက် ဘောလုံးအားကစားသာ မကဘဲ နိုင်ငံရေးအရပါ အောင် မြင်မှုရရှိခဲ့ကြောင်း အားကစား ကလောင်ရှင် ဦးချစ်ဝင်းမောင်က သုံးသပ်သည်။

‘‘အားလုံးသိတဲ့အတိုင်း ဒီပွဲ မတိုင်မီက လိဒ်စ်ကို ပြည်ပမီဒီယာ တွေက အရမ်းဝေဖန်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့လာတဲ့အချိန်မှာ နွေး ထွေးစွာ ကြိုဆိုနိုင်တယ်။ အသင်း သားတွေ ကိုယ်တိုင်ကလည်း ပုဆိုးတွေဝတ်ပြီး ဘုရားပေါ်တက် ခဲ့တယ်။ ဒါကအားလုံးထင်ထား သလို ကျွန်တော်တို့နိုင်ငံဟာ အ ကြမ်းဖက်မှုတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်မဟုတ်ကြောင်း ပြသ နိုင်ခဲ့တယ်။ ဘောလုံးမှာလည်း အင်္ဂလန်လို ကစားသမားတွေနဲ့ ကစားခွင့်ရလို့ ယုံကြည်မှုပိုစေခဲ့ သလို နိုင်ငံရေးအရလည်း အမြတ် ထွက်ခဲ့တဲ့ လုပ်ဆောင်မှုတစ်ခုပါ ပဲ’’ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံသို့ ခြောက်ရက် ကြာ ခြေစမ်းခရီးစဉ်လာရောက်ခဲ့ သည့် လိဒ်စ်ယူနိုက်တက်အသင်း သည် မေလ ၁၃ ရက် နံနက်တွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် အင်္ဂလန်နိုင်ငံ သို့ ပြန်လည်ထွက်ခွာခဲ့သည်။ ဝေ ဖန်မှုများ၊ အငြင်းပွားမှုများ၊ ပြည် ပမီဒီယာအချို့၏ မေးခွန်းထုတ် မှုများကြားက စောင့်ကြည့်ခဲ့ရ သည့် လိဒ်စ်ယူနိုက်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် အောင်မြင်စွာ ပြီးဆုံး ခဲ့သည်။

လိဒ်စ်အသင်း၏ မြန်မာ ပြည်ခရီးစဉ်သည် ဘောလုံးအား ကစားနည်းက နိုင်ငံရေး၊ လူမျိုး ရေး၊ ဘာသာရေးစွက်ဖက်မှု မရှိ ဘဲ စုစည်းညီညွတ်မှု၊ စည်းရုံးမှု ကို ပြသနိုင်ခဲ့သဖြင့် ၀မ်းသာမိ ကြောင်း မြန်မာနိုင်ငံ ဘောလုံးအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြော သည်။

‘‘ဘောလုံးကို ဘောလုံးလို့ ပဲ ကျွန်တော်တို့က မြင်ပါတယ်။ အ ဓိကကတော့ ဘောလုံးကစားနည်း က ကမ္ဘာမှာ ပိုပြီးတော့ ရင်းနှီးမှု၊ နွေးထွေးမှု၊ ချစ်ခင်မှုရစေတယ်။ နောက်ပြီးတော့ ဘောလုံးအပေါ် မှာ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုး ရေး စွက်ဖက်မှု မရှိဘဲနဲ့ ပိုပြီးတော့ စည်းရုံးသွားတဲ့ဟာမျိုးကို ကျွန် တော်တို့က လုပ်ပြခဲ့တာပါ’’ ဟု ဦးဇော်ဇော်က ပြောသည်။