သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူနှင့်တွေ့ဆုံခြင်း

‘‘အခုအနေအထားမှာ ရန်ကုန်မှာတော့ မိုးရေကို စစ်ဆေးသင့်တယ်။ ထိန်ပင်အမှိုက်ပုံ မီးလောင်တော့ ပလတ်စတစ်တွေ လောင်ကျွမ်းတယ်။ အဲဒီလိုလောင်ကျွမ်းတော့ ဒိုင်အောက်ဇင်ဓာတ်တွေ ထွက်တယ်။ ဒိုင်အောက်ဇင်ဓာတ်တွေ ရေထဲ ကျသွားရင်တော့ အသုံးပြုမိရင် ကင်ဆာဖြစ်တယ်။ မိုးရွာလိုက်တော့ ပိုဆိုးပေါ့’’
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူ ဓာတ်ပုံ - ဖြိုးဖြိုးဝေ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီးရှိ ဧက ၃၀၀ ကျယ်ဝန်းသော အမှိုက်ပုံကြီးသည် ဧပြီ ၂၁ ရက်က မီးစတင်လောင်ကျွမ်းရာ ၁၀ ရက်ခန့်အကြာတွင် မီးငြိမ်းခဲ့သည်။


အမှိုက်ပုံမီးခိုးငွေ့များသည် ရန်ကုန်မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်းခရိုင်ရှိ မြို့နယ်အချို့သို့ ပျံ့နှံ့ပြီး ထိန်ပင်အနီးဝန်းကျင်ရှိ ပြည်သူအချို့ အသက်ရှူကျပ်၍ ဆေးကုသမှုခံယူခဲ့ရသည်။

ထိန်ပင်အမှိုက်ပုံ မီးလောင်မှု ဖြစ်ပွားစဉ် လေထုအခြေအနေများ နှင့် မီးငြှိမ်းသတ်ပြီး လက်ရှိအခြေ အနေကို စိမ်းလန်းအမိမြေဖွံ့ဖြိုး တိုးတက်ရေးအသင်း ဥက္ကဋ္ဌ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးပညာရှင် ဦးဝင်းမျိုးသူနှင့် မေးမြန်းထားသည်များကို ဖော်ပြ လိုက်ပါသည်။

ထိန်ပင်အမှိုက်ပုံ အနီးဝန်းကျင်မှာ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက် ရေးအသင်းက လေထုတိုင်းတာ စစ်ဆေးတာမျိုး လုပ်ဖူးပါသလား။

ထိန်ပင်နားမှာတော့ လေထု မစစ်ဆေးဖူးဘူး။ ဒါပေမဲ့ လှိုင်သာ ယာမြို့နယ်မှာတော့ လေထုစစ်ဖူး တယ်။ လူနေထိုင်တဲ့နေရာမှာပဲ စစ်တာ။ လွန်ခဲ့တဲ့တစ်နှစ်လောက် က တိုင်းတာ။ အမှုန်အမွှားများ တယ်။ ပူပြင်းတဲ့အချိန်ဆို များ တယ်။ ရာသီအကူးအပြောင်း အချိန်ဆို အမှုန်တွေက ပိုများ တတ်တယ်။ WHO သတ်မှတ် ချက်ထက်တော့ ကျော်ပြီးသားဖြစ် နေတယ်။

ထိန်ပင်အမှိုက်ပုံ မီးလောင်တော့ အသင်းအနေနဲ့ လေထုစစ်ဆေးခဲ့ ပါသလား။ ဘာတွေစစ်ဆေးတွေ့ ရှိပါသလဲ။

ဧပြီ ၂၃ ရက်ကနေ ၂၅ ရက် နေ့အထိ တိုင်းပါတယ်။ လှိုင်သာယာ၊ တာမွေ၊ အင်းစိန်မြို့နယ် တွေမှာ တစ်နေ့ကို ရှစ်နာရီ လေထုစစ်ဆေးတယ်။ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်တွေ မြင့်မားနေ တာရယ်၊ လေထုထဲမှာ အမှုန် အမွှားပါဝင်မှု မြင့်မားနေတာတွေ့ရတယ်။

အဲဒီဓာတ်တွေက လူတွေကို ဘယ်လိုဆိုးကျိုးတွေ ပေးနိုင်ပါသလဲ။

ဆာလဖာဒိုင်အောက်ဆိုက် က အဆုတ်ထဲဝင်ရင် အဆုတ်ကို ထိခိုက်စေသလို အဆောက်အအုံ တွေလည်း ဆွေးမြည့်ပျက်စီးစေ တယ်။ ရေနဲ့ထိတော့ အက်စစ် ဓာတ်ပြောင်းသွားတော့ ရေထဲကျ ရင် ရေသတ္တဝါတွေ သေစေတယ်။

အမှိုက်ပုံ မီးလောင်နေတုန်း မိုးရွာ လိုက်တဲ့အခါမှာကော ဓာတ် အပြောင်းအလဲတွေ ဖြစ်ပေါ်ပါသလား။

ထိန်ပင်အမှိုက်ပုံ မီးလောင် တော့ ကျွန်တော် အပါအဝင် အသင်းက ရေစစ်ဆေးသူတွေက ပြည်ပရောက်နေတော့ အဲဒီမိုးရေ ကို မစစ်ဆေးလိုက်ရဘူး။ အခု လက်ရှိရွာနေတဲ့ မိုးရေတော့ စစ် ဆေးဖို့ရှိတယ်။ ရေမှာ သောက်သုံး ဖို့အတွက်ဆို PH အဆင့်သတ်မှတ် ချက် ၆ ဒသမ ၉ ဆို သောက်သုံးရတယ်။ သုံးဖို့အတွက်ဆို PH အဆင့် ၅ ဒသမ ၅ ဆိုရတယ်။ သတ်မှတ်ထားတဲ့ PH အဆင့် အောက်  ၅ ဒသမ ၅ အောက် ရောက်ရင် အက်စစ်မိုးလို့ ပြော ဖူးတယ်။ ၂၀၀၄ လောက်တုန်းက မိုးဇလကတိုင်းထားတဲ့ အက်စစ် မိုး ရန်ကုန်နဲ့ မကွေးမှာ တွေ့ဖူး တယ်။ အက်စစ်မိုးကတော့ အရေပြားထိမိရင် အရေပြားနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်တယ်။

အခုအနေအထားမှာ ရန် ကုန်မှာတော့ မိုးရေကို စစ်ဆေး သင့်တယ်။ ထိန်ပင်အမှိုက်ပုံ မီး လောင်တော့ ပလတ်စတစ်တွေ လောင်ကျွမ်းတယ်။ အဲဒီလို လောင်ကျွမ်းတော့ ဒိုင်အောက်ဇင်ဓာတ်တွေ ထွက်တယ်။ ဒိုင် အောက်ဇင်ဓာတ်တွေ ရေထဲကျ သွားရင်တော့ အသုံးပြုမိရင် ကင် ဆာဖြစ်တယ်။ မိုးရွာလိုက်တော့ ပိုဆိုးပေါ့။

ထိန်ပင်အမှိုက်ပုံက မီးမလောင် ခင်ကကော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိနိုင်သလား။

ထိန်ပင်အမှိုက်ပုံက အရင် ကတည်းက အမှိုက်ပုံကထွက်နေ တဲ့ အမှိုက်ရေတွေကြောင့် အနီး အနားမှာရှိတဲ့ မြေအောက်ရေ ပျက်စီးနေပြီ။ နောက် အမှိုက်ပုံက မီသိန်းဓာတ်ငွေ့ထွက်တယ်။ မီ သိန်းဓာတ်ငွေ့ကြောင့်လည်း မီး လောင်မှုဖြစ်လာတယ်။ အနံ့က စူးတော့ အဆုတ်ကို ထိစေတယ်။

မြန်မာနိုင်ငံမှာ အမှိုက်စွန့်ပစ်မှု စနစ်နဲ့ ပတ်သက်ပြီး ဘယ်လိုနည်း လမ်းတွေက အကောင်းဆုံးဖြစ် မယ်လို့ထင်ပါသလဲ။

အမှိုက်ကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ နည်းပညာရွေးဖို့လိုတယ်။ အမှိုက်ကို ဒီအတိုင်း မြေကြီးထဲ ထည့်ပြီးဖုံးမလား။ နိုင်ငံခြားမှာဆို အမှိုက်ကနေ စွမ်းအင်ထုတ်တာ တွေ အများကြီးရှိတယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံမယ့်သူတွေကိုလည်း အဆင်ပြေအောင် လုပ်ဆောင်ပေး တယ်။ ဒီမှာက စီးပွားရေးလာလုပ် တဲ့သူတွေ အဆင်ပြေအောင် ဖန် တီးမပေးနိုင်ဘူး ဖြစ်နေတယ်။ အဲ ဒါတွေက အခက်အခဲရှိတယ်။

 လျှပ်စစ်ထုတ်မယ်ဆိုရင် လည်း လျှပ်စစ်ကနည်းနေတော့ မလိုချင်ကြဘူး။ မီသိန်းဓာတ်များ များထွက်ရင် လျှပ်စစ်ထုတ်ဖို့ တွက်ခြေကိုက်တယ်။ ကျွန်တော် တို့ အမှိုက်တွေရဲ့ ၆၀ ရာခိုင်နှုန်း က မီးဖိုချောင်က အမှိုက်တွေပဲ။ ဒါပေမဲ့ အမှိုက်စွန့်ပစ်တဲ့အခါ စနစ်တကျ မပစ်တော့ မီသိန်း ဓာတ်တွေက တခြားဟာတွေနဲ့ ရောနေတယ်။ ဥပမာ သဲတွေနဲ့ ဓာတ်ပြုတော့ မီသိန်းဓာတ်ထွက်ရှိမှု ကျသွားတယ်။ လျှပ်စစ်ထုတ်ဖို့ လိုသလောက် ပမာဏမရတော့ ဘူး။ အဲဒီတော့ စီးပွားရေးအရ တွက်ခြေမကိုက်ဘူး ဖြစ်သွား တယ်။

အမှိုက်ကနေ လျှပ်စစ်အပြင် စီးပွားရေးအရ တွက်ခြေကိုက် အောင် ဘယ်လိုလုပ်လို့ရနိုင်ပါ သလဲ။

အမှိုက်ကို စီးပွားရေးအတွက် ပြန်အသုံးပြုဖို့ဆို အမှိုက်သိမ်း ဆည်းမှုကတည်းက စနစ်ကျဖို့လို တယ်။ အမှိုက်ကို ဒီအတိုင်း လွှင့် ပစ်လိုက်တော့ သဲတွေနဲ့ ရောသွား တယ်။ အဲဒီတော့ အမှိုက်ကို စွန့် ပစ်တဲ့သူရော၊ အမှိုက်ကို စီမံခန့်ခွဲတဲ့ စည်ပင်ကရော အမှိုက်ကို တွေ့တဲ့နေရာ၊ ပစ်တဲ့ပုံစံကို ပြောင်းရမယ်။ အမှိုက်စပစ်ကတည်းက အမှိုက်ကို ခွဲပစ်ရမယ်။ အဲဒီအတွက် ပြည်သူတွေကို သင်ပေးရမယ်။ ပညာပေးကာလ လုပ်ရမယ်။

နောက် ဥပဒေနဲ့ ထိန်း ကျောင်းရမယ်။ အဲဒီလိုလုပ်ဖို့ အတွက် ရပ်ကွက်အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်မှဖြစ် မယ်။ အခုက ရပ်ကွက်မှာ စည်ပင် သာယာ အထောက်အကူပြုလူ ငယ်အဖွဲ့လည်း မရှိ၊ ရွေးချယ် တင်မြှောက်မှုလည်းမရှိ၊ မြူနီ စီပယ်ဥပဒေကိုလည်း ပြန်ပြင်ရ မယ်။ အမှိုက်ကနေ စွမ်းအင်ထုတ် ဖို့ စိတ်ဝင်စားတဲ့သူတွေ အများကြီးပါ။ အမှိုက်ကို မြေကြီးထဲမြှုပ်ပြီး ဓာတ်ငွေ့ထုတ်မလား၊ မြေသြဇာလုပ်မလား၊ နောက် လောင်စာလုပ်မလားဆိုတာတွေရှိတယ်။ နိုင်ငံခြားမှာ အမှိုက်ကနေ ၉၀ရာခိုင်နှုန်းလောက် ပိုက်ဆံပြန်ရ အောင် လုပ်ကြတယ်။

အမှိုက်ကနေ မြေသြဇာအဖြစ် အသုံးပြုဖို့ကော လုပ်ဆောင်တာ တွေရှိနေပြီလား။

ကျွန်တော်တို့အသင်းက မန္တ လေးမြို့တော်ဝန်နဲ့ ဆွေးနွေးပြီးပြီ။ မန္တလေးကနေထွက်တဲ့ အမှိုက် တန် ၆၀၀ ထွက်တဲ့ အမှိုက်ပုံ နှစ်ပုံကို မြေသြဇာအဓိကထုတ် မယ်။ ဒီမြေသြဇာရဲ့ အဓိက အ ကျိုးအာနိသင်ကတော့ ကောင်း တယ်။ ချက်ချင်းတော့မပြဘူး။ တောင်သူတွေအတွက် အကျိုးဖြစ် ထွန်းနိုင်ပေမယ့် အချိန်တော့ ယူရတယ်။ နောက် ဒီအမှိုက်ပုံတွေ မီသိန်းထွက်ရှိမှု တိုင်းတာရဦးမယ်။ မြေသြဇာအတွက်လည်း ဈေးကွက်လေ့လာရဦးမယ်။ မန္တလေးအမှိုက်ပုံအတွက် ကျွန်တော် တို့က နည်းပညာလည်း ပေးမယ်။ ငွေလည်း ကူရှာပေးမယ်။

ကျေးဇူးတင်ပါတယ်။

Top News