စစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်သည့် အနေဖြင့် တောင်ကိုရီးယားနှင့် ဆွေးနွေးမည့် အစီအစဉ်ကို မြောက်ကိုရီးယား ဖျက်သိမ်း

ပူးပေါင်း စစ်ရေးလေ့ကျင့်မှု တစ်ခုကို ကန့်ကွက်သည့် အနေဖြင့် ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးရန် အစီအစဉ်ကို မြောက်ကိုရီးယားဖက်က ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

အစောပိုင်းက မေ ၁၆ ရက်တွင် ကိုရီးယား နှစ်နိုင်ငံ အစိုးရ ထိပ်တန်း အရာရှိများကြား နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စ ဆွေးနွေး ညှိနှိုင်းရန် သဘောတူညီထားသည်။ သို့သော် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက် လုပ်ဆောင်နေမှုသည် ရန်စသည့် အပြုအမူဟု မြောက်ကိုရီးယားက စွပ်စွဲပြီး ယင်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား အစိုးရပိုင် ကေစီအန်အေ သတင်းဌာနက အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မိမိတို့ကို ကျူးကျော်လိုသည့် အရိပ်အယောင်ဖြင့် ရန်စသော သဘောထားဟု ယူဆကြောင်း ကြေညာခဲ့သည်။

ပြီးခဲ့သည့် လကုန်ပိုင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းတို့ လူချင်းတွေ့ဆုံခဲ့ရာ၌ နှစ်နိုင်ငံကြား ရန်လိုခြိမ်းခြောက်သည့် အပြုအမူမျိုး ရှောင်ရှားကြရန် ကတိကဝတ် ပြုခဲ့ဖူးသည်။

မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် ဆွေးနွေးပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်သည့်အပြင် အမေရိကန် အစိုးရ အနေဖြင့်လည်း နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို လွန်လွန်ကျွံကျွံ တစ်ဖက်သတ် တောင်းဆိုနေပါက ကင်မ်နှင့် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ လူချင်းတွေ့မည့် ကိစ္စကိုပါ ပြန်လည် စဉ်းစားသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးပေါင်း၍ နောက်ဆုံးပြုလုပ်နေသော စစ်ရေးလေ့ကျင့်မှုကို Max Thunderဟု အမည်ပေးထားပြီး B-52 ဗုံးကြဲလေယာဉ်ကြီးများ၊ F-15K တိုက်လေယာဉ်များ အပါအဝင် စစ်လေယာဉ် အစီး ၁၀၀ မျှ အသုံးပြုခဲ့ကြောင်း သိရသည်။

Ref: Time