အိန္ဒိယတွင် ဆောက်လုပ်ဆဲ ခုံးကျော်တံတား ပြိုကျမှုကြောင့် ၁၉ ဦးထက်မနည်း သေဆုံး

အိန္ဒိယတွင် ဆောက်လုပ်ဆဲ ခုံးကျော်တံတားတစ်စင်း ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဗာရာဏသီမြို့တွင် တည်ဆောက်နေဆဲဖြစ်သည့် တံတားပေါ်မှ ကွန်ကရစ်တုံးများက မေလ ၁၅ ရက်တွင် အောက်ဖက်မှ ကားများပေါ် ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ကွန်ကရစ်တုံး ပိပြီး သေသူများ ရှိခဲ့သလို ဆောက်လုပ်ရေး လုပ်သားများလည်း အသက်ဆုံးရှုံးခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

ကယ်ဆယ်ရေးများသည် ကွန်ကရစ်များ ပိနေသည့် ဘတ်စ်ကားနှင့် ကားများထဲ၌ ပိတ်ညပ်နေသူများကို ကယ်ထုတ်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ ညနေပိုင်းထိ အလောင်း ၁၈ လောင်းကို ဆွဲထုတ်နိုင်ခဲ့ပြီး နောက်ထပ် ပိတ်မိနေသူများကို ကယ်ဆယ်ရန် ဆက်လက် ကြိုးစားနေဆဲ ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်ကို တိတိကျကျ ပြောနိုင်ရန် ခက်ခဲနေဆဲဟု ဒေသခံ ရဲအရာရှိ တစ်ဦးက ဝန်ခံသည်။ ကွန်ကရစ်တုံးများ၏ အလေးချိန်ကြောင့် ပိမိသော ကားများမှာ ပြားချပ်လုနီးပါး ဖြစ်သွားသည်ကို တွေ့ရသည်။

ခုံးကျော်တံတား ပြိုကျရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးချေ။ ဒေသခံ အစိုးရ အဖွဲ့က ယင်းကိစ္စကို စုံစမ်းစစ်ဆေးရန် အမိန့်ထုတ် ညွှန်ကြားထားကြောင်း NDTVက ဖော်ပြခဲ့သည်။

အိန္ဒိယတွင် တည်ဆောက်မှု စံနှုန်းနှင့် စစ်ဆေးမှု အားနည်းချက်များကြောင့် လမ်းနှင့်တံတား မတော်တဆမှုများ ယခင်ကလည်း မကြာခဏ ဖြစ်ပေါ်ခဲ့ဖူးသည်။

Ref: NDTV