ပြည်တွင်းငြိမ်းချမ်းရေးနှင့်စစ်ပွဲများရပ်စဲရေး မန္တလေးကဗျာဆရာများစုပေါင်း၍ ငြိမ်းချမ်းရေးကဗျာရွတ်ပွဲကျင်းပ

ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်ပွဲများရပ်စဲရေး မန္တလေးကဗျာဆရာများ ကဗျာရွတ်ဆိုပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ − ထက်သာဦး)

 ပြည်တွင်းငြိမ်းချမ်းရေး နှင့် စစ်ပွဲများရပ်စဲရေး မန္တလေးမြို့မှ ကဗျာဆရာ ၃၀ ဦးခန့် စုပေါင်း ကာ ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲ ကျင်းပခဲ့သည်။

အဆိုပါငြိမ်းချမ်းရေးကဗျာ ရွတ်ဆိုပွဲကို မေလ ၁၆ ရက်ညနေ က မန္တလေးမြို့ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းတွင် ပြုလုပ်ပြီး မန္တလေးမြို့ ကဗျာစာပေအသိုင်းအဝိုင်းမှ လူ ၁၀၀ ခန့် တက်ရောက်ခဲ့သည်။

 ‘‘စစ်ပွဲတွေ ရပ်စေဖို့ ကျွန် တော်တို့ကဗျာတွေ ရွတ်မယ်။ ကျွန်တော်တို့ ရွတ်ဆိုတဲ့အသံကို ကြားသည်ဖြစ်စေ၊ မကြားသည် ဖြစ်စေ ပြည်သူတွေ ငြိမ်းငြိမ်းချမ်း ချမ်းနေနိုင်ဖို့ ရည်ရွယ်တယ်’’ဟု ဦးဆောင်ကျင်းပသူ ကဗျာဆရာ ထွဏ်းသွေးအိမ်က ပြောကြားခဲ့ သည်။

ကဗျာရွတ်ဆိုပွဲ တက်ရောက်လာသည့် ကဗျာဆရာများက စစ်ပွဲများရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေး အတွက် ၎င်းတို့၏ခံစားမှုများအ ပေါ် ကဗျာရွတ်ဆိုခဲ့ကြောင်း ဦးဆောင်ကျင်းပသူ လူငယ်ကဗျာ ဆရာ မောင်ဖြိုးဝေက ပြောသည်။

‘‘စစ်ပွဲလို့ ပြောရင် လက်နက်ကိုင်ထားသူမှန်သမျှကို ရပ်တန့် စေချင်တယ်။ စစ်ကြောင့် တိုင်း ပြည်ဘယ်လောက်အထိနာသလဲ ဆိုတာ ပြည်သူ၊ ပြည်သားတွေ အကုန်သိတယ်။ ဒါကို ကဗျာ ဆရာတွေကလည်း သိတယ်ဆို တာကို ပြောချင်တယ်။ လက်နက်ကိုင်ထားပြီး စစ်ပွဲကို ဖန်တီးနေသူ မှန်သမျှ ရပ်တန့်ကြပါလို့ ပြောချင်ပါတယ်’’ဟု လူငယ်ကဗျာဆရာ မောင်ဖြိုးဝေက ပြောသည်။

 ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲ တွင် ပြီးခဲ့သည့် ရက်ပိုင်းက ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်ပွဲတစ်ခု ၌ ပါဝင်ကဗျာရွတ်ဆို၍ ထောင် ဒဏ်ကျခံရသည့် ကဗျာဆရာကလင့်(မန္တလေး)၏ ယင်းနေ့တွင်ရွတ်ဆိုသော ကဗျာကို ကဗျာဆရာငါးဦးက ဂုဏ်ပြုရွတ်ဆိုခဲ့သည်။

တိုင်းရင်းသားဒေသများ၌ ထိုးစစ်များ အမြန်ဆုံးရပ်တန့်ရေး နှင့် ကချင်ပြည်နယ်မှ ပိတ်မိပြည် သူများ အမြန်ဆုံးလွတ်မြောက် ရေး မေလ ၆ ရက် ညနေက မန္တလေးဈေးချိုတော်အနီး ဆန္ဒပြရာ၌ သက်ဆိုင်ရာဌာနထံ ခွင့်ပြုချက်တောင်းခံခြင်းမရှိဆိုကာ ဦးဆောင်သူ သုံးဦးကို  ချမ်းအေးသာစံ မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် မေလ ၇ ရက်တွင် အမှုဖွင့်ခဲ့ သည်။  အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ တွင် ဝင်ရောက်ကဗျာရွတ်ဆိုသည့် ကဗျာဆရာကလင့် (မန္တ လေး)ကိုချမ်းအေးသာစံတရားရုံးကထောင် ဒဏ်နှစ်လ ချမှတ်ခဲ့သည်။

‘‘ကဗျာဆရာတစ်ယောက် ကဗျာရွတ်တာကို ဖမ်းခွင့်ရှိလား ဆိုတဲ့ မေးခွန်းပြန်ထုတ်ရမယ့် အ နေအထားကိုပဲ ပြောချင်ပါတယ်’’ ဟု ကဗျာဆရာ မောင်ဖြိုးဝေက ဆိုသည်။

ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲ များကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့နှင့် မုံရွာမြို့တွင် ပြုလုပ်ခဲ့သည်။