ရန်ကုန်အသင်းအနိုင်ရသော်လည်း နှစ်ကျော့ပေါင်းရလဒ်ဖြင့် ပြိုင်ပွဲမှထွက်

AFC Cup အာဆီယံဇုန်အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ တွင် ရန်ကုန်အသင်းက ဆီးရက်စ် နီဂရိုးအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိသော်လည်း နှစ်ကျော့ပေါင်း ၆-၅ ဂိုးဖြင့် ရှုံးနိမ့်ကာ ဗိုလ်လုပွဲ နှင့် လွဲချော်ခဲ့သည်။


မေလ ၁၆ ရက်က ရန်ကုန် မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့် အဆိုပါပွဲသည် အကြိတ်အနယ်ရှိပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ ပွဲချိန်အတွင်း နှစ်ဖက်အသင်းမှ ကစားသမားတစ်ဦးစီ အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည်။ ရန်ကုန်အသင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိမှသာ အာဆီယံဇုန် ဗိုလ်လုပွဲတက်ရောက်နိုင်မည် ဖြစ်သဖြင့် တိုက်စစ်ဖွင့်ကစားခဲ့ကာ ဆီးရက်စ်နီဂရိုးအသင်းကို ဖိအားပေးနိုင်ခဲ့ သည်။

ပထမပိုင်း ၂ မိနစ်တွင် ရန်ကုန်ကွင်းလယ်ကစားသမား ကိုဆူကီက ဦးဆောင်ဂိုးသွင်းယူပြီး ဆီးရက်စ်နီဂရိုးအသင်းက ပထမ ပိုင်းပြီးခါနီးတွင် ချေပဂိုးပြန်လည် သွင်းယူကာ တစ်ဖက်တစ်ဂိုးစီ သရေဖြစ်နေခဲ့သည်။ ဒုတိယပိုင်းတွင် ပိုမိုအကြိတ်အနယ်ရှိခဲ့ပြီး ဆီးရက်စ်နီဂရိုးအသင်းက ပွဲချိန်၇၂မိနစ်တွင်ရန်ကုန်နောက်တန်း အမှားမှတစ်ဆင့် ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ဂိုးသွင်းယူခဲ့သည့် ဆီးရက်စ်နီဂရိုး ကစားသမား မာရာအွန်က ရန်ကုန်ကစားသမားသိန်းဇော်ကို ရန်စခြင်းကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့သည်။

ပွဲချိန် ၈၂ နှင့် ၈၆ မိနစ်တွင်ရန်ကုန်အသင်းက နှစ်ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့သော်လည်း တိုက်စစ်မှူး အီမန်နျူရယ်ပြိုင်ဘက်ကစားသမားများနှင့် အချင်းများခြင်းကြောင့် ကွင်းလယ်ဒိုင်က အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။

လက်ကျန်ပွဲချိန်တွင် နှစ် သင်းစလုံး ဂိုးထပ်မံသွင်းယူနိုင် ခြင်းမရှိသဖြင့် ပွဲအပြီး၌ ရန်ကုန်အသင်းက ၃-၂ ဂိုး ဖြင့် အနိုင်ရရှိသည်။ သို့သော် ပထမအကျော့ဆီးရက်စ်နီဂရိုးအသင်း အိမ်ကွင်း ၌ ကစားစဉ်က ဆီးရက်စ်နီဂရိုး အသင်းက ၄-၂ ဂိုးဖြင့် အနိုင်ရရှိထားသောကြောင့် နှစ်ကျော့ပေါင်း၆-၅ ဂိုးဖြင့် အာဆီယံဇုန် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။