ကျောက်တံတားမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

 ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အမှတ် (၂)ရပ်ကွက် မဟာဗန္ဓုလပန်းခြံလမ်း အလယ်ဘလောက်ရှိ SAMSUNG Customer Service အတွင်း ဧပြီ ၁၆ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ယင်းမီးလောင်မှုသည် အဲ ကွန်းနှင့် လျှပ်စစ်မီးများသို့ သွယ် တန်းထားသော ၀ိုင်ယာကြိုးများ ပေါ်တွင် တီဗီပစ္စည်းဟောင်းများ စုပုံထားရှိရာမှ ၀ိုင်ယာကြိုးဒဏ်ဖြစ်ပြီး အပူလွန်ကဲကာ စတင်လောင်ကျွမ်းကြောင်း၊ ဆမ်ဆောင်းအမျိုးအစား အဲကွန်းတစ်လုံး၊ တီဗီပစ္စည်းဟောင်းများနှင့် စက္ကူကတ်ထူပုံးအဟောင်းများ မီးလောင်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၅၀,၀၀၀ ရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။


‘‘ဒီအဆောက်အအုံတွေက ရှေးတုန်းက အဆောက်အအုံတွေ။ အပြင်ကသာအုတ်တွေ၊ အထဲကသစ်သားတွေ။ မီးလောင်ရင် အကုန်ကုန်မှာ။ အခုလည်း အောက်ဆုံးမြေညီက စလောင်တော့ အပေါ်ထပ်ကလူတွေ ဆင်းမရဘူးလေ။ မီးခိုးတွေကလည်း မွှန်နေတာ’’ဟု ယင်းလမ်းနေ အသက် (၄၀) ကျော် အမျိုးသမီးက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ SAMSUNG Customer Service မန်နေဂျာ ဦးသီဟအောင်ကို ကျောက်တံတားမြို့မ ရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အရေးယူထားသည်။

More in News Section