ရိုက်တာသတင်းထောက်နှစ်ဦး၏ လက်ကိုင်ဖုန်းမှ တွေ့ရှိသည့်အချက်အလက်များကို သက်သေခံအဖြစ် တရာရုံးလက်ခံ

အစိုးရထုတ်ပြန်ချက်များကို လျှို့ဝှက်ပုံစံဖြစ်အောင် စွပ်စွဲတင်သွင်းခြင်းဟု သတင်းထောက်နှစ်ဦးပြော
ယမန်နေ့က ရိုက်တာသတင်းထောက်နှစ်ဦး ရုံးထုတ်လာစဉ် ကိုဝလုံးနှင့် ၎င်းအား နှုတ်ဆက်နေသော ဇနီးသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ရိုက်တာသတင်း ထောက်နှစ်ဦး၏ လက်ကိုင်ဖုန်း များမှရရှိသော လျှို့ဝှက်အချက် အလက်ဟုဆိုသည့် စာရွက်စာ တမ်း ၂၁ ရွက်ကို သက်သေခံ အချက်အလက်များအဖြစ် မြောက်ပိုင်းခရိုင်တရားရုံးက ယမန်နေ့က လက်ခံခဲ့သည်။

ရိုက်တာသတင်းထောက် နှစ်ဦး၏ ရုံးထုတ်တွင် နေပြည် တော်​ ရဲမှုခင်းတပ်ဖွဲ့ နည်းပညာမှုခင်းဌာန (CID) မှ ရဲမှူး အောင်ကျော်ဆန်းက ယင်းစာရွက်စာတမ်းများကို သက်သေခံအဖြစ် ရုံးတော်သို့ မေလ ၂၁ နှင့် ၂၂ရက်တွင် တင်သွင်းခဲ့သည်။

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖုန်း ထဲမှတွေ့ရသည့် အချက်အလက် များသည် ဒေသဖွံ့ဖြိုးရေးစီမံကိန်း များ၊ NVC ကတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်များ စသည့် အစိုးရ ကထုတ်ပြန်သည့် စီမံကိန်းများနှင့် ပတ်သက်သော အချက်အလက် များသာဖြစ်ပြီး ထိုကဲသို့ အချက် အလက်များကို လျှို့ဝှက်ပုံစံမျိုး ဖြင့် ရုံးတော်သို့ တင်လာခြင်းဖြစ် ကြောင်း ကိုဝလုံးက ပြောသည်။

‘‘အစိုးရထုတ်ပြန်တဲ့ အချက်အလက်တွေကို ဘယ်အချက်အလက်ကိုမှ မထိနဲ့။ ဒါက မင်းတို့လျှို့ဝှက်ချက်ဥပဒေနဲ့ ငြိတယ်ဆို

တာမျိုး နောက်သတင်း မယူရဲအောင် Message ပေးချင်တဲ့ပုံစံမျိုးနဲ့လုပ်တယ်လို့ ကျွန်တော် နားလည်တယ်’’ဟု ၎င်းကပြောသည်။

သက်သေခံအဖြစ် ရုံးတော် သို့ တင်သွင်းသည့် အချက် အလက်များ (သတင်းထောက်နှစ် ဦး၏ ဖုန်းထဲမှရရှိသော အချက် အလက်များ)ကို အဆင့်မြင့် ဆော့ဖ်ဝဲများဖြင့် စစ်ဆေးထား ကြောင်း နည်းပညာမှုခင်းဌာန (CID) နည်းပညာကျွမ်းကျင်သူ ရဲမှူးအောင်ကျော်ဆန်းက ရုံး တော်၌ ထွက်ဆိုသည်။

ယင်းအပေါ် ရိုက်တာ သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင်က ဖုန်းကိုထိန်းသိမ်းထားသည့် အစဉ်အဆက်မပါသဖြင့် ယင်းအချက်အလက်များကို သက်သေခံပစ္စည်းအဖြစ် လက်မခံသင့်ကြောင်းကန့်ကွက်ခဲ့သည်။ 

သို့သော် တရားသူကြီးက သက်သေခံပစ္စည်းအဖြစ် လက်ခံကြောင်း အမိန့်ချမှတ်ခဲ့သည်။

‘‘စွပ်စွဲခံရသူတွေကို ဖမ်း သွားတယ်။ ဖုန်းတွေ သိမ်းသွား တယ်။ ဒီဖုန်းက ဘယ်ကိုရောက် သွားလဲ။ ဘယ်သူက ဆက်သုံးနေ လဲ။ ဒီအီလက်ထရွန်နစ်ပစ္စည်း ဆိုတာက အများကြီးပြဿနာရှိ နိုင်တယ်’’ဟု ဦးသန်းဇော်အောင် က ပြောသည်။

နည်းပညာကျွမ်းကျင်သူ ရဲမှူးအောင်ကျော်ဆန်းက သတင်းထောက်နှစ်ဦး၏ ဖုန်းထဲမှ အချက်အလက်များကို ရုံးတော် သို့ တင်ပြထွက်ဆိုရန် အချက် အလက်များရှာဖွေရာတွင် အခြား တစ်ဦးကိုခေါ်ယူ၍ အကူအညီ တောင်းခဲ့သည်။

ရုံးတော်သို့ တင်သွင်းခဲ့သည့် အချက်အလက်များသည် ဖုန်းပိုင် ရှင်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖန်တီးထား သော အချက်အလက်များမဟုတ် ဘဲ ဖေ့စ်ဘွတ်ခ်၊ မက်ဆင်ဂျာတို့ မှ တစ်ဆင့် ရောက်လာသည့် အချက်အလက်များဖြစ်ကြောင်း ကိုဝလုံးက ပြောသည်။

အဆိုပါ အချက်အလက်များထဲမှ အချို့အချက်အလက်များသည် ကာယကံရှင်များပင် မသိဘဲ ရောက်လာသည့် အချက်အလက်များပင်ရှိကြောင်း ၎င်းကပြောသည်။

ကိုကျော်စိုးဦးက ‘‘အဲဒါတွေကို သူတို့က လျှို့ဝှက် ပုံစံမျိုး မဖြစ် ဖြစ်အောင် စွပ်စွဲနေတာကို တွေ့ရတယ်’’ဟုပြော သည်။ 

အဆိုပါ သတင်းထောက် နှစ်ဦးအမှုကို မေလ ၂၈ ရက် (တနင်္လာနေ့)တွင် ဆက်လက်ရုံးထုတ်မည်ဖြစ်ကြောင်း တရားသူကြီးက ကြေညာသည်။

More in News Section

Top News