ထင်ပေါ်လိုမှု၏နောက်ကွယ် အန္တရာယ်

ဆယ်ကျော်သက်အရွယ်လူငယ်အချို့သည် ဖေ့စ်ဘွတ်ခ်ပေါ်၌ လူသိများ၊ Like များသည်ကို အောင်မြင်မှုတစ်ခုဟု ယူဆလာသည်။ (ဓာတ်ပုံ − စိုင်းဇော်)

ဖေ့စ်ဘွတ်ခ်အသုံးပြုခဲ့သည့်လေး နှစ်အတွင်း မေလ ၁၈ ရက်သည် ရွှေယမင်းအတွက် အထူးခြားဆုံးနေ့ဖြစ်သည်။ သို့သော် ဝမ်းသာရမည်လား၊ ဝမ်းနည်းရမည်လား ဝေခွဲမရဖြစ်နေသည်။

အသက်(၂၁)အရွယ် ရွှေယ မင်းသည် အခြား ဖေ့စ်ဘွတ်ခ်အသုံးပြုသူများကဲ့သို့ ထင်ပေါ်၍ အောင်မြင်ကျော်ကြားလိုသည်။ Follower အများကြီးရလိုသည်။ ပို့စ်တစ်ခုတင်တိုင်း Like အများ ကြီးရလိုသည်။

ရွှေယမင်း   လိုအင်ဆန္ဒပြည့်ခဲ့ သည်။ တစ်ရက်တည်း Follower ငါးသောင်းခန့်သူ ပိုင်ဆိုင်ခဲ့သည်။ ‘ကြောက်တောင် ကြောက်တယ်’ ဟု ရွှေယမင်းက ယင်းအတွေ့အ ကြုံနှင့် ပတ်သက်​၍ ပြောသည်။

တစ်ရက်တည်း Follower မြောက်အမြား  ရောက်ရှိလာ သည်ကို အစပိုင်းတွင် အံ့သြဝမ်း သာရသော်လည်း ခဏအကြာ အံ့သြဝမ်းသာခြင်းတို့ ပျောက်ကွယ် ကုန်သည်။

အကြောင်းရင်းသည် အလုံး အရင်းဖြင့် ရောက်ရှိသည့် Follow-er များသည် နာမည်တူရွှေယမင်း နှင့် မှားယွင်းကာ ၎င်းအကောင့်ထံ ရောက်ရှိလာခြင်းဖြစ်သည်။ ‘‘တ ကယ်မသိဘူး။ သူငယ်ချင်းတွေ ရှင်းပြမှပဲ သိတာ’’ဟု ၎င်းက ရှင်း ပြသည်။

ဖေ့စ်ဘွတ်ခ်ပေါ်တွင် ယခု ရက်ပိုင်းအတွင်း ရွှေယမင်းအမည် ဖြင့် ဆယ်ကျော်သက်အရွယ် မိန်း ကလေးငယ်တစ်ဦးရှိသည်။ ၎င်း ကို အများစုက 2 in 1 ဟု တင်စား ခေါ်ဝေါ်သည်။

၎င်းနှင့် အရွယ်တူ အမျိုးသား လူငယ်  နှစ်ဦးစလုံးနှင့် ချစ်နေ ကြောင်း ပုံများနှင့်တကွ ဖေ့စ် ဘွတ်ခ်ပေါ် တင်ဆက်ရာမှ ရုတ် ချည်းလူသိများလာသည်။

၎င်းသည် လူငယ်နှစ်ဦးနှင့် အချစ်ရေးကို Shwe Yamin အမည်ဖြင့် လူမှုကွန်ရက်အကောင့်တွင် ပွင့်လင်းစွာ တင်ဆက်ခဲ့သည်။

ရွယ်တူလူငယ်နှစ်ဦးနှင့် တွဲ သွား၊ တွဲလာ ပြုလုပ်နေသည်ကို ဓာတ်ပုံများဖြင့် အမျိုးမျိုးတင် ဆက်ခဲ့သည်။ အထူးခြားဆုံးသည် လူငယ်နှစ်ဦးစလုံးကို ၎င်းက နှုတ် ခမ်းချင်း အနမ်းပေးနေသည့် ဗီဒီယို ဖိုင်ကို တင်ဆက်ခြင်းဖြစ်သည်။

အဆိုပါ ဗီဒီယိုဖိုင်ကြောင့် ရွှေယမင်းဟု ဖေ့စ်ဘွတ်ခ်ပေါ်၌ လူသိများလာစေခဲ့သည်။ ယင်း ဗီဒီယိုဖိုင်တွင် လူငယ်နှစ်ဦးက လည်း ၎င်းကို နှုတ်ခမ်းချင်းထိကာ အနမ်းပြန်ပေးခဲ့သည်။

‘‘ပေါ်ပြူလာဖြစ်ချင်ရင် အခြားနည်းလမ်းသုံးဗျာ။ သူ့အသက်က (၂၀)တောင် ပြည့်သေးရဲ့လား မသိဘူး’’ ဟု မန္တလေးမြို့နေ မကေ သီက ပြောသည်။ အပြင်းအထန် ဝေဖန်ခံရသည့် အဆိုပါဗီဒီယိုဖိုင် ကို ကာယကံရှင် ရွှေယမင်းကိုယ် တိုင်က ဖေ့စ်ဘွတ်ခ်တွင် ပြန်လည် ဖြုတ်ချသော်လည်း အချိန်နှောင်း ခဲ့ပြီဖြစ်သည်။

ဆိုရှယ်မီဒီယာသည် ကွန် ရက်တစ်ခုဖြစ်သဖြင့် အချင်းချင်း အပြန်အလှန်ချိတ်ဆက်မှုသည် အချိန်တိုအတွင်း  လူဦးရေသန်း ဂဏန်းအထိ ပျံ့နှံ့လွယ်သည်။ ရွှေယမင်းအနေဖြင့် ဗီဒီယိုနှင့် ဓာတ်ပုံများ ဖြုတ်ချခဲ့သော်လည်း တစ်ဦးထက်မက သိမ်းဆည်းထားသူများထံမှ ဗီဒီယိုနှင့် ဓာတ်ပုံများကို သူ့အနေဖြင့် လိုက်လံဖျက်ဆီးနိုင်ခြင်းမရှိပေ။


ရွှေယမင်းအကောင့်မှ ချစ်သူနှစ်ဦးနှင့် ပို့စ်တင်ခဲ့မိသည့်အတွက် နောင်တရပြီး တောင်းပန်ကြောင်းရေးသားထားသည့်စာ

နေ့ချင်း၊ ညချင်း ရွှေယမင်း ပေ့ခ်ျ ၁၄ ခုထွက်ပေါ်လာပြီး အ ကောင့်က တင်ဆက်ခဲ့သည့်အ ကြောင်းအရာများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများကို အဆိုပါပေ့ခ်ျများက ပြန်လည်တင်ဆက်ခဲ့သည်။ ပေ့ခ်ျ ၏ပရိုဖိုင်ဓာတ်ပုံကိုလည်း ရွှေယ မင်း၏ပုံကို အသုံးပြုခဲ့သည်။

‘‘ဒီကောင်တွေ ပေ့ခ်ျ Like များလာရင် ရောင်းတော့မှာ’’ ဟု ဝက်ဘ်ဆိုက် Developer ကိုထက်ဆွေက ပြောသည်။ ဆိုလိုသည်မှာ ရွှေယမင်းလူသိများလာသည်ကို အကြောင်းပြု၍   ပေ့ခ်ျတည် ဆောက်ရောင်းချသူများက အ မြတ်ထုတ်ခြင်းဖြစ်သည်။

2 in 1 ရွှေယမင်း၏ရက်ပိုင်း အတွင်း လူသိများလာမှုသည် အ ခြားအမည်တူ ရွှေယမင်းများ၏ ဖေ့စ်ဘွတ်ခ်အကောင့်များပါ လူမှားပြီး သူငယ်ချင်းဖြစ်လိုသူ ရုတ် တရက် တိုးလာသည်။

ဖေ့စ်ဘွတ်ခ်၏ Search Bar တွင် Shwe Yamin ဟု ရိုက်ထည့် ကာ တွေ့သမျှ ရွှေယမင်းတိုင်းကို Add တော့သည်။ အချို့သော ရွှေ ယမင်းတို့က Add Pattern ကို ပိတ်ထားသည့်အခါ Follow လုပ် ကြသည်။

ယခင် Follower ၅,၀၀၀ ခန့် သာရှိသည့် အမည်တူ ရွှေယမင်း သည် တစ်ရက်တည်း Follower ၅၆,၀၀၀ ကျော်ဖြစ်လာသည်။

‘‘ညီမက နာမည်ကြီးနေတဲ့ ရွှေယမင်းမဟုတ်ဘူးဆိုတာ ပို့စ် တင်ပြီး ရှင်းပြလိုက်မှ အဆင်ပြေ သွားတော့တယ်။ ပရိုဖိုင်ပုံကို လည်း အရင်ကတည်းက သေချာ မမြင်ရအောင် တင်ထားတာ။ အခု လူမှားမှာစိုးလို့ သေချာမြင်ရတဲ့ပုံ တင်ထားရတယ်’’ဟု အမည်တူ ရွှေယမင်းက ပြောသည်။

နှစ်ပိုင်းအတွင်း ဆိုရှယ်မီဒီ ယာသုံးစွဲသူ ပိုမိုများပြားလာသည် နှင့်အမျှ ယခုဆယ်ကျော်သက်အ ရွယ် မိန်းကလေးများသည် ဖေ့စ် ဘွတ်ခ်ပေါ်၌ လူသိများ၊ Like များ သည်ကို အောင်မြင်မှုတစ်ခုဟု ယူဆလာသည်။

ယခုနှစ် အကယ်ဒမီပေးပွဲ တွင် မည်သည့်မင်းသား၊ မင်းသမီး သာ အကယ်ဒမီရခဲ့လျှင် ကိုယ်တုံးလုံးချွတ်၍ Live လွှင့်ပြမည်ဆို သော မိန်းကလေးအချို့ပင် ရှိခဲ့ သည်။ ထို့အပြင် မည်သည့်ဘော  လုံးအသင်းသာ အနိုင်ရခဲ့ပါက မိ မွေးတိုင်း၊ ဖမွေးတိုင်း ဓာတ်ပုံများ တင်ဆက်ပေးမည်ကဲ့သို့သော ပို့စ် များ ပိုများလာသည်။

Like အရေအတွက် ငါး ထောင်ပြည့်ပါက ကိုယ်လုံးတီး ချွတ်ပြမည်ဟူသော အပေးအယူ ကိစ္စများရှိလာသည်။

ဖေ့စ်ဘွတ်ခ်တွင် တောင်းဆို ထားသည့် Like အရေအတွက်ရရှိ ခဲ့သောကြောင့် ကိုယ်လုံးတီးချွတ် ပြသူ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးလည်း အမှန်တ ကယ်ရှိခဲ့သည်။

၎င်းက ဝေဖန်သူများကို Block ပြုလုပ်ခြင်းဖြင့် ဖေ့စ်ဘွတ်ခ်တွင် ထောက်ခံသူများနှင့်အတူ လက်ရှိအထိ အောင်ပွဲခံနေသည်။

ယခုကဲ့သို့ ဖေ့စ်ဘွတ်ခ်ကမ္ဘာ တွင် Like များဖြင့် ဆက်လက် သာယာနေသူများရှိသော်လည်း ရွှေယမင်းကမူ ထိုကဲ့သို့ ဆက်လက်သာယာနိုင်ခြင်းမရှိပေ။ ပို့စ်တင်ဆက်ခဲ့သဖြင့် နောင်တရနေ ပြီဖြစ်ကြောင်း မေလ ၁၈ ရက်တွင်ပင် ဝန်ခံခဲ့သည်။

‘‘တော်တော်လေး  ဒုက္ခ ရောက်နေရပါပြီ။ ကိုယ်ချင်းစာ ပေးကြပါ’’ဟု အကောင့်တုများနှင့် ပေ့ခ်ျအတုများကို တောင်းပန်ခဲ့ သည်။ ပို့စ်တစ်ခုကြောင့် ပတ်ဝန်း ကျင်ကို မည်မျှအထိ ရင်ဆိုင်ဖြတ် ကျော်နေရသည်ကို မသိရပေ။

‘‘အွန်လိုင်းပေါ် ရောက်သွား တဲ့ဟာက ဘယ်တော့မှ ပျက်သွား တယ်ဆိုတာ မရှိဘူး။ သူအသက် ကြီးလို့ အဘွားကြီးဖြစ်သွားလည်း ရှိနေဦးမှာပဲ’’ဟု ကိုထက်ဆွေက ယင်းအဖြစ်အပျက်နှင့်ပတ်သက် ၍ ပြောသည်။

ဖေ့စ်ဘွတ်ခ်ပေါ်တွင် အောင်မြင်လိုသည့် အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အဖော်အချွတ်ပုံ များ တင်ဆက်လေ့ရှိကြောင်း၊ ‘မအေးသောင်း’ ၏ အောင်မြင်မှု သည် အဖော်အချွတ်မပါသဖြင့်  လေ့လာသင့်ကြောင်း ဖေ့စ်ဘွတ်ခ် ကို ရှစ်နှစ်ခန့် အသုံးပြုခဲ့သည့် အသက်(၃၀)ခန့်အရွယ် ကိုကျော်ညွန့်က ပြောသည်။

‘‘ပို့စ်တစ်ခုတင်ပြီးရင် ဘယ် သူကများ Like လုပ်လဲဆိုတာ စိတ် ဝင်စားတာ အမှန်ပဲ။ Like ရဖို့အတွက်တစ်ခုတည်းနဲ့တော့ အဖော် အချွတ်မတင်ရဲဘူး။ တင်တဲ့လူ တွေကိုလည်း တစ်ချိန်မှာ သူတို့ အနေနဲ့ တည်ငြိမ်တဲ့နေရာတစ်ခု ရောက်လာရင် အရိပ်မည်းကို ဘယ်လိုရှင်းမလဲလို့ စဉ်းစားမိတယ်’’ဟု ဖေ့စ်ဘွတ်ခ်ကို ငါးနှစ်ခန့် သုံးစွဲခဲ့သူ ဒေါ်ယဉ်မင်းက ပြော သည်။

သို့သော် ဖေ့စ်ဘွတ်ခ်သည် လူတစ်ဦးတစ်ယောက်၏ စိတ် ထွက်ပေါက်ဖြစ်ကြောင်း၊ သူတစ် ပါးကို စော်ကားခြင်းမဟုတ်ဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အဖော် အချွတ်ပုံ တင်ဆက်နေသူများ၊ ကိုယ်ရေးကိုယ်တာကိစ္စရပ် တင် ဆက်နေသူများကို လွတ်လပ်မှု အရ အားပေးထောက်ခံကြောင်း အမည်မဖော်လိုသူ အသက်(၂၀) ကျော် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

‘‘အပြင်မှာလည်း လူတွေက အားပေးထောက်ခံတာ ကြိုက်တာ ပဲ။ ဒီလိုပဲ လူ့အသိုက်အဝန်းရဲ့ အလေ့အထက အွန်လိုင်းပေါ်ကို ရောက်လာတဲ့သဘောပါ’’ဟု နည်း ပညာဆိုင်ရာ အရပ်ဘက်အဖွဲ့အအစည်း (MIDO) မှ မထိုက်ထိုက် အောင်က ပြောသည်။

MIDO ဆိုသည်မှာ နည်းပ ညာဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များအပေါ် ဝေဖန်အကြံပြုသည့် အပြင် နည်းပညာနှင့် ဆက်နွှယ် သည့် သင်တန်းများ၊ စစ်တမ်းများ နှင့် လေ့လာစောင့်ကြည့်မှုများ ပြုလုပ်နေသည့် အဖွဲ့အစည်းဖြစ် သည်။

အွန်လိုင်းပေါ်၌ အောင်မြင် ကျော်ကြားမှုသည် ယနေ့ခေတ် တွင် အချိန်ခဏသာဖြစ်ကြောင်း၊ အဆိုပါကျော်ကြားမှုကို အခြား အခြင်းအရာတစ်ခုက မကြာမီ လွှမ်းမိုးမည်ဖြစ်သဖြင့် အွန်လိုင်းပေါ်မှ အောင်မြင်မှုကို မသာယာသင့်ကြောင်း မထိုက်ထိုက်အောင် က အကြံပြုသည်။

ဆယ်ကျော်သက်အရွယ်များ သည် ပတ်ဝန်းကျင်တွင် နေရာရရှိ လိုသည့် စိတ်အခံရှိကြောင်း၊ ဆို ရှယ်မီဒီယာ၌ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ဖြေရှင်း ရန်၊ ဆောင်ရန်၊ ရှောင်ရန် အသိ ဉာဏ်များ လူငယ်များတွင် ပိုမို အားကောင်းရန် ဆောင်ရွက်သင့် ကြောင်း ဖေ့စ်ဘွတ်ခ်၌ လူသိများ ပြားသည့် ဦးရဲမြတ်သူက ပြော သည်။ နိုင်ငံတကာတွင် အသက်အ ရွယ်အပိုင်းအခြားအလိုက် လိုက် နာရသည် စည်းကမ်းချက်များရှိ သော်လည်း မြန်မာနိုင်ငံတွင် လိုက်နာမှုအားနည်းသဖြင့် လူငယ်များ သည် ရှုပ်ထွေးနေကြောင်း ဦးရဲ မြတ်သူက ပြောသည်။

‘‘18+ အရ အရက်မသောက် နဲ့ဆို မသောက်ဘူး။ အသက်အ ရွယ်အလိုက် ထိန်းချုပ်မှုကို လိုက် နာရင် အပြင်မှာလည်း ဘာမှ မဖြစ် သလို ဆိုရှယ်မီဒီယာပေါ်မှာလည်း ဘာမှဖြစ်မလာဘူး။ စိတ်ထဲမှာရှိ လို့ အပြင်မှာဖြစ်လာပြီး ဆိုရှယ် မီဒီယာပေါ်မှာလည်း ဖြစ်လာတာ’’ ဟု ၎င်းက ပြောသည်။

ပိန်ပိန်ပါးပါး၊ အသားဖြူဖြူ နှင့် လေးကိုင်းကဲ့သို့ ကွေးနေသည့် နှုတ်များများပိုင်ရှင် ရွှေယမင်း သည် အွန်လိုင်းပေါ်ရှိ အောင်မြင် မှုကို ယခုအခါ မလိုချင်တော့ပေ။ ပိုဆိုးသည်က ၎င်း၏ညစ်ညမ်း HD ဗီဒီယိုဟု ရေးသား၍ ဗီဒီယို ဖိုင်တစ်ခု အွန်လိုင်းပေါ်တွင် ပျံ့နှံ့ လာသည်။

ရွှေယမင်းကမူ ၎င်းမဟုတ်ဘဲ စွပ်စွဲထားသည့် အဆိုပါ ဗီဒီယို ဖိုင်ဖြန့်ချိသူကို တရားစွဲမည်ဟု ကြေညာခဲ့သည်။ သို့သော် လက်ပြတ်အင်္ကျီအတို ဝတ်ဆင်ထားပြီး အမျိုးသားငယ်နှစ်ဦး၏ အနမ်းကို ပြုံးရွှင်စွာ ခံယူနေသည့် ၎င်း၏ ဓာတ်ပုံနှင့် ဗီဒီယိုများသည် ယနေ့ အထိ ဖေ့စ်ဘွတ်ခ်ကမ္ဘာတွင် လူ ကြည့်များနေဆဲဖြစ်သည်။

ရွှေယမင်းနည်းတူ အမည်တူ ရွှေယမင်းသည်လည်း အလိုအ လျောက် အောင်မြင်မှု၏ဒဏ်ကို မလိုလားပေ။ ‘Hi... Hi..... Hi’ ဟု ဖေ့စ်ဘွတ်ခ် Message မှ လာ ရောက်မိတ်ဆက်သည့် ပုရိသ ယောက်ျားတို့၏ရန်ကို ကြောက် ရွံနေသည်။

‘‘အိမ်က သိမှာ အရမ်း ကြောက်တာပဲ’’ ဟု အမည်တူ ရွှေ ယမင်းက ပြောသည်။ တစ်ရက်အ တွင်း အမည်မသိအမျိုးသားငါးဦး ခန့်က ရွှေယမင်း၏ Message သို့ လာရောက် ‘Hi’ ခဲ့သည်။

‘‘သူကတော့ နာမည်ကြီးချင် လို့ လုပ်တယ်ထင်တာပဲ။ ညီမ နာမည်မကြီးချင်ဘူး။ ဒီအကောင့် လည်း ဆက်မသုံးချင်တော့ဘူး’’ ဟု နာမည်တူ ရွှေယမင်းက ပြော သည်။

Top News