ပြည်ပမျိုးစိတ်များကပေးလာသည့် နှောင့်ယှက်မှုများအတွက် ပြင်ဆင်ရမည့်အချိန်

စိုက်ပျိုးထားသော အပင်ကို ကိုက်ဖြတ်နေသည့် ရွှေခရုအချို့ ဓာတ်ပုံ − ရေတံခွန်တောင်သူပညာပေးအဖွဲ့

တစ်ချိန်က လယ်ထဲသို့ စပါးကြဲပြီးလျှင်ရာသီဥတုမှန်ကန်ပါက ပျိုးပင်ပေါက်များ ကောင်းမွန်စွာ ရှင်သန်သဖြင့် စိတ်ချလက်ချနေနိုင်သော်လည်း ယခုအခါတွင် လယ်သမားကြီး ကိုကျော်လွင်တစ် ယောက် ရာသီဥတုမှန်ကန်လျှင် ပင်စိတ်ချလက်ချနေ၍ မရတော့ပေ။ 
 


အကြောင်းရင်းသည်စပါး စေ့များသည် ပျိုးပင်ထွက်လာ သည်နှင့် ကိုက်ဖြတ်စားသောက် ရန်အသင့် စောင့်ဆိုင်းနေသည့် ဒေသမျိုးရင်းမဟုတ်သော ရွှေခရု ဆိုသည့် သတ္တ၀ါကြောင့် ဖြစ် သည်။ ခရုများစတင်ဝင်ရောက် လာသည့် နှစ်ကမျိုးကြဲရာမှ ထွက် လာသည့် ပျိုးပင်များကိုကိုက် ဖြတ်စားသောက်သဖြင့် ကိုကျော် လွင်တစ်ယောက် သုံးကြိမ်တိုင် တိုင်မျိုးကြဲခဲ့ရသည်။ 

ယင်းနှစ်က စပါးစိုက်ဧက၂၀ တွင် နှစ်ဧကသာ စပါးဖြစ်ထွန်း သည်။ ယင်းအချိန်က ရွှေခရုအ ကြောင်း သေချာစွာမသိရှိသဖြင့် မည်ကဲ့သို့ဆောင်ရွက်ရမည်၊ ကာ ကွယ်ရမည်ကို မသိရှိ၍ ပျက်စီး ဆုံးရှုံးမှုများခဲ့သည်ဟု ကိုကျော် လွင်ကပြောသည်။ 

ရွှေခရုရန် ကာကွယ်ဖို့ရန် လယ်ကန်သင်းရိုးကို မြင့်မြင့် ထားရသလိုမိုးရွာလာပါက လယ် ကွင်းထဲရှိ မိုးရေများကိုရေစုပ် စက်ဖြင့် ဂရုတစိုက်စုပ်ထုတ်ပစ်ရ သည်။ ခရုများကိုကောက်ယူကာ လွှင့်ပစ်ရသည်။ 

‘‘မျိုးပွားတာ အားကောင်း ဆုံးအချိန်က မိုးရာသီပဲ။ သူတို့က  ရေရှိတဲ့နေရာတိုင်းမှာရှိတယ်။ အ ရင်ကထက်စာရင်လယ်ကို အရမ်း ဂရုစိုက်ရတယ်။ ကန်သင်းတွေကို ၀င်ပေါက်မရှိအောင်သေချာပိတ် ရတယ်’’ ဟု ထိန်တစ်ပင်ကျေးရွာ  ဒေသခံ တောင်သူကိုကျော်လွင်က ပြောသည်။ 

ထို့အပြင် ဧရာတီတိုင်းအပါ အ၀င် စပါးစိုက်ပျိုးရာ ဒေသအချို့ ရှိတောင်သူများသည် စပါးစိုက်ရာ တွင် ဆောင်ရွက်ရသည့်လုပ်ငန်း  ဆောင်တာများအပြင် ရွှေခရု ကြောင့် အလုပ်ပိုများလုပ်ဆောင် နေရသည်။ 

ရွှေခရုသည် ပြည်ပမှ ၀င် ရောက်လာသည့် မျိုးစိတ်တစ်ခု ဖြစ်ပြီး ဆန်စပါးများ အထွက် လျော့ကာတောင်သူများ၏ အ ကျိုးစီးပွား ထိခိုက်မှုဖြစ်ပေါ်စေ သည်မှာ ဆယ်စုနှစ်တစ်ခုတိုင် တော့မည်ဖြစ်သည်။ 

ယင်းသတ္တ၀ါကို နာဂစ်မုန် တိုင်းအပြီး တစ်နှစ်ခန့်အကြာစပါး စတင်စိုက်ပျိုးချိန်တွင် စပါးဖျက် ပိုးအဖြစ်စတင် တွေ့ရှိရသဖြင့် နာဂစ်ရေစီးကြောင်းနှင့်အတူ  ပါ လာခြင်းဖြစ်မည်ဟု တောင်သူများ ခန့်မှန်းသည်။ သို့သော်မွေးမြူရန် အခြားဒေသမှ လူအချို့က သယ် ဆောင်လာသည်ဟု လည်း တောင်သူများက ပြောဆိုပြန် သည်။ တောင်သူများအတွက် ထိ ခိုက်မှုများသည့် ရွှေခရုများကို ၁၀ နှစ်ခန့် ကြာချိန်အထိ ထိရောက် စွာနှိမ်နင်းနိုင်မည့် နည်းလမ်း မတွေ့ရှိသေးပေ။ 

ရွှေခရုသည် အ၀ါရောင်အ ဆင်းရှိပြီး ဥဥပါက ဥအရောင် သည်ပန်းရောင်ဖြစ်သည်။ တစ်နှစ် လျှင်သုံးကြိမ်ခန့်မျိုးပွားပြီး တစ် ကြိမ်မျိုးပွားပါက ဥအရေအတွက် ထောင်ဂဏန်းမှ သောင်းဂဏန်း ရှိသည်။ မျိုးပွားမှုအားကောင်း သည့်အပြင် ပိုးသတ်ဆေးဒဏ် ခံနိုင်သဖြင့် မျိုးပွားပျံ့နှံ့နေ ဆဲဖြစ်ပြီး လက်ရှိတွင် ရန်ကုန် တိုင်းနှင့် အင်းလေးကန်၌ ပင်ရွှေ ခရုကို အများဆုံးတွေ့မြင်နေရ သည်။ 

၂၀၁၇ ကမြန်မာတစ်နိုင်ငံ လုံးတွင်  ရွှေခရုဖျက်ဆီးမှုကြောင့် လယ်ဧက တစ်သောင်းကျော် ပျက်စီးခဲ့ကြောင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနစာရင်းများ တွင်ဖော်ပြ ထားသည်။ 

လယ်ယာမြေပျက်စီးမှု အ ကြောင်းရင်းများအနက် ဒုတိယ အများဆုံး ပမာဏဖြစ်သည်။ အကယ်၍ ၂၀၁၇   ကအချိန်အခါ မဟုတ် မိုးရွာသွန်းမှုကြောင့် လယ် ဧကများပျက်စီးမှု မဖြစ်ပေါ်ခဲ့လျှင် ရွှေခရုသည် လယ်မြေကိုအများ ဆုံးဖျက်ဆီးခဲ့သည့် အကြောင်း ရင်းတစ်ခုဖြစ်လာမည်ဖြစ်သည်။ 

‘‘အခုရွှေခရုကျနေတာကမ နိုင်တော့ဘူး။ သူက တစ်ခါပေါက် ရင် အများကြီး ပေါက်တာ။ ကောက်ပြီးလွှင့်ပစ်လို့လည်းမနိုင် တော့ဘူး။ သေသေချာချာနှိမ်နှင်း နိုင်မယ့် နည်းလမ်းမရှိသေးဘူး’’ ဟု လွတ်လပ်သော တောင်သူ လယ်သမားများအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်ကပြောသည်။ 

စိုက်ဧက၏ ၃၀ ရာခိုင်နှုန်းမှ ၅၀ရာခိုင်နှုန်းအထိ ရွှေခရုများက ကိုက်ဖြတ်စားသောက်ပြီး ယင်းတို့ က စပါးပင်ပေါက်များကိုကိုက် ဖြတ်စားသောက်သကဲ့သို့ အရွက် စိမ်းမှန်သမျှ ကိုက်ဖြတ်စား သောက်ကြောင်း ၎င်းကဆိုသည်။ 

မြန်မာနိုင်ငံတွင် ဒေသမျိုး ရင်းမဟုတ်ဘဲ  ကျူးကျော်ဝင် ရောက်လာသည့် (Invasive AlienSpecies- IAS) အပင်၊ သတ္တ၀ါအရေအတွက်  စုစုပေါင်း ၉၇မျိုးရှိသည်ဟု နိုင်ငံတကာ စစ်တမ်းများတွင် ဖော်ပြထား ကြောင်း ဇီဝမျိုးစုံ၊မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး အသင်း (BANCA) ၏ Program Officer   (Education & Livelihood) ဦး သော်ဖြိုးရွှေက ပြောသည်။ 

မြန်မာနိုင်ငံတွင် ဆိုးကျိုးပေး သော IAS  ဖြစ်သည့် ရွှေခရု၊ လိပ် ပါးနီ၊ အာဖရိကန်ငါးခူ၊ ယူက လစ်ပင်၊ မလေးရှားပိတောက် (အောရေးရှားပင်)၊ ပိစပ်ပင်၊ စိန် နားပန်းပင်၊ ဘောစကိုင်းပင်စ သည်တို့ကို ပြည်သူများ သတိပြု မိသော်လည်း မျိုးစိတ်အများစုကို မှုသတိမပြုမိသေးပေ။ 

ယင်း IAS အများသည် ကုန်း လမ်း၊ ရေလမ်းနှင့် လေကြောင်း လိုင်းများမှ မြန်မာနိုင်ငံတွင်းသို့  ၀င်ရောက်လာပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် ဆက်စပ် နေသည့် နယ်နိမိတ်တစ်လျှောက် တွင် ယင်းသို့ဝင်ရောက်မှုကို အ များဆုံးမြင်တွေ့ရကြောင်း နိုင်ငံ အဆင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မ ဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (၂၀၁၅-၂၀) တွင် ဖော်ပြထား သည်။ 

ရွှေခရုကဲ့သို့ပင် မြန်မာနိုင်ငံ ၏ မျိုးရင်းမဟုတ်ဘဲပြည်ပမှ ၀င် ရောက်လာသည့်အလှမွေးငါးတစ် မျိုးဖြစ်သည့် စုပ်ခွက်ငါးသည် ငါးလုပ်ရှင်များကို ဒုက္ခပေး နေသည်။ စုပ်ခွက်ငါးနှင့် ပတ် သက်၍ အလှမွေးငါးရောင်းဝယ် သူများက ပြည်ပမှ တင်သွင်းလာ ခြင်းဖြစ်သည်ဟု ငါးလုပ်ငန်းရှင် များက ပြောဆိုသော်လည်း အလှ မွေးငါးလုပ်ငန်းရှင်များ အသင်း ကမူ မြစ်ချောင်းများမှဖမ်းယူ၍ ပြန်လည်ရောင်းချခြင်း ဖြစ်သည် ဟု ဖြေကြားထားသည်။ 

စုပ်ခွက်ငါးများကို အလှမွေး ငါးအဖြစ် မွေးမြူလာသည်မှာ  ဆယ်စုနှစ်တစ်ခု ရှိပြီဖြစ်သော် လည်း ငါးမွေးမြူရေးကန်များသို့ ရောက်ရှိကာ လုပ်ငန်းရှင်များကို ၂၀၁၄ ကစတင်၍ ဆိုးကျိုးပေးနေ သည်။

စုပ်ခွက်ငါးများသည် ရေမရှိ သည့် ရွှံ့နွံထဲတွင်ပင် လချီ၍အ သက်ရှင်သန်နိုင်ပြီး ကိုယ်ခန္ဓာ သည်သုံးမြှောင့်ပုံသဏ္ဌာန် ရှိကာ ခန္ဓာကိုယ်ဘေးနှစ်ဖက်နှင့် ကျော ဘက်တွင် ဆူးချွန်ရေယက်တောင် များရှိသည်။ 

အကြောင်းအမျိုးမျိုးကြောင့် ငါးမွေးမြူရေးကန်ထဲရောက်ရှိလာ  သည့် စုပ်ခွက်ငါးများသည် စီးပွား ဖြစ်မွေးမြူထားသည့်ငါးများ၏ အစာကို လုယက်စားခြင်း၊ မွေး မြူရေးငါးများသည် ၎င်းတို့၏ ဆူး တောင်များနှင့် ခြစ်မိ၍ သေဆုံး ခြင်းများဖြစ်ပေါ်နေကြောင်း ငါး လုပ်ငန်းရှင်များက ဆိုသည်။ 

ဒေသမျိုးရင်း မဟုတ်သည့် ငါးအမျိုးအစားများကို အကြောင်း အမျိုးမျိုးကြောင့် ပြည်တွင်းသို့ တင်သွင်းမည်ဆိုပါက မြန်မာနိုင်ငံ  ငါးလုပ်ငန်းဦးစီးဌာန၏ တရားဝင် ခွင့်ပြုချက်ရယူရမည်ဖြစ်ပြီး ငါး မျိုးများကို သေချာလေ့လာပြီးမှ တင်သွင်းသင့်ကြောင်း ရန်ကုန် တိုင်းငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးလှဌေးက ပြောကြားထားသည်။ 

ထို့အပြင် အလှမွေးထားပြီး ကြီးထွားလာသော စုပ်ခွက်ငါးများ ကို ထိန်းသိမ်းစောင့်ရှောက်ရန်အ ခက်အခဲဖြစ်လာပါက မြစ်ချောင်း၊  အင်းအိုင်များအတွင်း မစွန့်ပစ် ဘဲမြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာ နများသို့ ဆက်သွယ်ကာအကြံ ဉာဏ်တောင်းခံနိုင်ကြောင်း၎င်းက ပြောသည်။ 

‘‘မြန်မာနိုင်ငံက မျိုးရင်းမ ဟုတ်ဘဲဝင်ရောက်လာတဲ့ငါးတွေ ကဒီကရေမြေအနေအထားနဲ့ အ ဆင်ပြေပြီးအကျိုးပြုနေတဲ့ ငါး တွေလည်းရှိပါတယ်။ တီလားဗီး ယားတို့၊ ငါးခုံးမတို့ပါ။ သူတို့ဆို ဈေးကွက်လည်းရှိတယ်။ အဆင် ပြေတယ်။ စုပ်ခွက်ငါးကတော့ လူလည်းမစားတော့ လုပ်ငန်းရှင် တွေ အဆင်မပြေဖြစ်ကြရတယ်’’ ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်အထွေ ထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။ 

လက်ရှိအထိ စုပ်ခွက်ငါး များနှင့် ပတ်သက်၍ အကြံ ဉာဏ်တောင်းခံမှုမျိုး မရှိသေး သော်လည်း အကြံဉာဏ်တောင်း ခံလာပါက ယင်းစုပ်ခွက်ငါးများကို  ဖျက်ဆီးရမည့်နည်းလမ်း အကြံ ဉာဏ်ပေးမည်ဟု ငါးလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

တွံတေးမြို့ရှိ ငါးမွေးမြူရေး ကန်ဧက ရှစ်ထောင်ခန့်တွင်လည်း စုပ်ခွက်ငါးများဝင်ရောက်မျိုးပွား နေသဖြင့် ငါးလုပ်ငန်းရှင်များ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ဦးသော်ဖြိုးရွှေက ပြောသည်။ 

စုပ်ခွက်ငါးပြဿနာကြုံပါက ကန်များရှိရေကို ကုန်စင်အောင် ထုတ်၍ ကန်အောက်ခြေရွှံ့နွံထဲရှိ စုပ်ခွက်ငါးများကို ငါးခြောက်လုပ် ၍ အမှုန့်ကြိတ်ကာ ငါးစာ၊ ၀က် စာနှင့် ကြက်စာအဖြစ်ပြန်လည် အသုံးပြုနိုင်သည်ဟု ငါးလုပ်ငန်း ရှင်များအား အကြံဉာဏ်ပေးထား ကြောင်း ရန်ကုန်တိုင်း ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦး ထွန်းဝင်းမြင့်က ပြောသည်။ 

‘‘ကန်ထဲက ရေတွေ စုပ် ထုတ်လိုက်ရင်တောင် စုပ်ခွက်ငါး ကကန်အောက်ခြေက ရွှံ့နွံတွေ ထဲမှာ တော်တော်ကြာအောင်အ သက်ရှင်နေနိုင်တယ်။ အသက် လည်းပြင်းတယ်။ သူတို့ကိုစားတဲ့ သူတချို့လည်း အသားယားတာ တွေဘာတွေဖြစ်တော့ မစားရဲကြ ဘူး။ ရောင်းဖို့ဈေးကွက်လည်းမရှိ တော့ တော်တော်ဒုက္ခရောက်ပါ တယ်’’ ဟု တွံတေးမြို့နယ်ရှိ ငါး လုပ်ငန်းရှင်တစ်ဦးကပြောသည်။

လေ့လာချက်များအရ ဧက ၄၀ရှိ ငါးကန်တစ်ကန်ငါးဖော်ချိန် တွင်စုပ်ခွက်ငါးပိဿာချိန် ၂,၀၀၀ ကျော် (ကောင်ရေ ၄,၀၀၀ခန့်) ထွက်ရှိနေခြင်း၊ ငါးကန်အလုပ် သမားများ၏ ခြေ၊ လက်တို့တွင်စုပ်ခွက်ငါးများကြောင့် ဒဏ်ရာရရှိ ခြင်း၊ ငါးကြင်း၊ ငါးခေါင်းပွတို့ကို  ကျွေးမွေးသည့်အစာတောင့်များ ကို စုပ်ခွက်ငါးများက လုယက် စားသောက်သဖြင့် မွေးမြူထား သည့် ငါးများအစာဝလင်စွာမစား ရခြင်း၊ စုပ်ခွက်ငါးများ၏ ဆူး တောင်များနှင့် ထိခိုက်ကာ ဒဏ် ရာရသေဆုံးမှုဖြစ်ပေါ်ခြင်း၊ ငါး မွေးကန်၏ ကန်ပေါင်နံရံများကို တူးဆွခြင်းကြောင့် ကန်ပေါင်ပျက် စီးပြီး ငါးထွက်နှုန်းလျော့ကျကာ ငါးလုပ်ငန်းရှင်များအရှုံးနှင့် ရင် ဆိုင်ရခြင်းများ ကြုံတွေ့နေသည် ကို လေ့လာတွေ့ရှိခဲ့ကြောင်း ဦး သော်ဖြိုးရွှေကပြောသည်။ 

ယင်းကဲ့သို့ မျိုးရင်းမဟုတ် သည့် မျိုးစိတ်များပြည်တွင်းသို့ ၀င်ရောက်လာမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် စီမံဆောင်ရွက်နေမှုများရှိကြောင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးမျိုးတင့်ထွန်းကဆို သည်။ 

‘‘နိုင်ငံထဲကို တခြားနိုင်ငံက ပိုးမွှားတွေ မ၀င်ဖို့အတွက်က ကုန်းလမ်း၊ရေလမ်း၊လေလမ်းဝင် ပေါက်တွေမှာ စစ်ဆေးရေးဂိတ် တွေဖွင့်ထားပါတယ်။ ကျွန်တော် တို့ဝန်ကြီးဌာနဆိုရင်လည်း စစ် ဆေးရေးဂိတ်တွေရှိတယ်။ အပင် တွေ၊ အသားတွေ၊ အကောင်တွေ မသွင်းခင်မှာပိုးမွှားပါ၊မပါ စစ် ဆေးမှုတွေလုပ်တာရှိတယ်။ မပါ မှထောက်ခံချက် နဲ့ဝင်ခွင့်မပြုတာ ပါ။ ဒါကလုပ်ရိုးလုပ်စဉ်လုပ်ငန်း တစ်ခုပါ’’ ဟု ဦးမျိုးတင့်ထွန်း က ဆိုသည်။ 

အန္တရာယ်ရှိနိုင်သည့် အရာ များအားတွေ့ရှိပါက လေ့လာစမ်း သပ်ခြင်းနှင့် ဖျက်ဆီးပစ်ခြင်းများ ရှိကြောင်း ၎င်းကဆိုသည်။ 

‘‘အားလုံးက မြန်မာနိုင်ငံရဲ့ ရေမြေ သဘာဝကို ဒုက္ခပေးနေ တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မျိုးရင်းမဟုတ်တဲ့ အပင်နဲ့ သတ္တ၀ါ မျိုးစိတ်တွေက ဒီမှာအကြောင်းအ မျိုးမျိုးနဲ့ အဆင်မပြေဖြစ်တာများ နေပါပြီ။ အိမ်မွေးတိရစ္ဆာန်လော ကမှာဆိုရင် မြွေတွေ၊ ပုတ်သင် ညိုမျိုးစိတ်တွေ တင်သွင်းလာ တယ်။ ကြပ်မတ်ပြီး ဆောက်ရွက် တာမရှိဘူး။ တင်သွင်းခွင့်ပြု ထားတယ်။ ရှေ့ဆက်ပြီးဘယ် ထောက်ထိ အန္တရာယ်များတယ် ဘယ်သူမှစနစ်တကျလေ့လာသုံး သပ်တာမရှိဘူး။ အဲဒါတွေကို စနစ်တကျ လုပ်သင့်တယ်။ ဒါမှ သာ နောက်ပိုင်းရေမြေသယံဇာတ ပျက်စီးတာရှောင်ရှားနိုင်မယ်’’ ဟု  ဦးသော်ဖြိုးရွှေက ဆိုသည်။ 

အစိုးရအနေဖြင့်လည်း လေ့ လာဆန်းစစ်မှုများ သေချာပြုလုပ် ၍ ပြည်သူလူထု နားလည်သဘော ပေါက်လာစေရန် ထုတ်ပြန်ပေး သင့်ပြီး ဒေသရင်းမျိုးစိတ်များ ထပ်မံဝင်ရောက်မလာစေရန် စီမံ ဆောင်ရွက်သင့်ကြောင်းနှင့် ပြည် တွင်းမျိုးရင်းမဟုတ်သည့် မျိုးများ ကို တင်သွင်းလာသည့် အခါဆိုး ကျိုးရှိ၊မရှိဆန်းစစ်ရန် လိုအပ် ကြောင်း ၎င်းကဆိုသည်။ 

ထို့အပြင် ၀င်ရောက်လာ သည့် မျိုးစိတ်သစ်များကို အသုံး ချ၍ ရနေပါက အကျိုးရှိသည်ဟု လူအများက ထင်မြင်နေသော် လည်း ဒေသခံမျိုးရင်းများမ ပျောက်ကွယ်ရန် ထိန်းသိမ်း စောင့်ရှောက်မှုနှင့် ဒေသခံမျိုးရင်း များကို အသုံးချ၍ ရအောင်စီမံ ဆောင်ရွက်မှုသည် အရေးကြီး ကြောင်း ဦးသော်ဖြိုးရွှေက ပြော ကြားသည်။

အစိုးရက ရေးဆွဲထားသည့် နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (၂၀၁၅-၂၀) တွင်မြန်မာနိုင်ငံသို့ ကျူးကျော်ဝင်ရောက်လာသည့် မျိုးစိတ် ၃၅မျိုးသည် ဆိုးကျိုးရှိ နေသည်ဟု ဖော်ပြထားသည်။ ယင်းတို့အနက်၁၈မျိုးသည် သစ် ပင်၊ ချုံပင်၊ နွယ်ပင် အမျိုးအစား များဖြစ်ပြီးကျန် ၁၇မျိုးသည် အင်း ဆက်၊  ခရုနှင့်ကပ်ပါးအနွယ်ဝင် များဖြစ်သည်။ 

မြန်မာနိုင်ငံတွင် IAS များ၏  အခြေအနေနှင့် ပတ်သက်သည့်  သတင်းအချက်အလက်များပြည့် စုံမှုမရှိသေးသည့်အပြင် အကျိုး သက်ရောက်မှုကို ပြည့်စုံစွာလေ့ လာထားခြင်း မရှိသေးကြောင်း ယင်းမဟာဗျူဟာနှင့် လုပ်ငန်းစီမံ ချက်တွင်ဖော်ပြထားသည်။ 

ပြည်တွင်းသို့ ၀င်ရောက်နေ  သည် IAS အချို့သည် သုတေသန လုပ်ငန်းများ၊ သစ်တောပြန်လည် ထူထောင်ခြင်းနှင့် အစားအစာ ထုတ်လုပ်ခြင်းတို့အတွက် ရည် ရွယ်ချက်ရှိရှိ တင်သွင်းခဲ့ပြီးအချို့ သည် မတော်တဆရောက်ရှိလာ ခြင်းဖြစ်သည်။ 

ယင်းကျူးကျော်ဝင်ရောက် လာသည့် မျိုးစိတ်များက မြန်မာ နိုင်ငံ၏ ဒေသမျိုးစိတ်များကို နေ ရာရွှေ့ပြောင်းစေခြင်း၊ ထိခိုက်စေ ခြင်း၊ လူတို့၏ ကျန်းမာရေးထိ ခိုက်စေခြင်း၊ တံတားသစ်များဆွေး မြည့်စေခြင်း၊ သစ်တောစိုက်ခင်း များတွင်  နေရာယူခြင်း၊ ကြီးထွား  မှုနှင့် ပြိုင်ဆိုင်မှုမြင့်မာခြင်း၊ ဂေ ဟစနစ်များ ပြောင်းလဲစေခြင်းတို့ ဖြစ်ပေါ်စေကြောင်း ယင်းလုပ်ငန်း စီမံချက်တွင်ဖော်ပြထားသည်။ 

‘‘တချို့ဒေသမျိုးရင်းအပင် တွေ၊ သတ္တ၀ါတွေ ရှိနေတုန်းက လည်း ကိုယ်တွေကို ထူးထူးခြား ခြားအကျိုးပြုကာ တစ်စုံတစ်ရာ သတိမထားမိဘူး။ အသစ်ဝင်လာ တဲ့ အပင်သတ္တ၀ါတွေလည်း ဆိုး ကျိုးပေးနေတယ်ဆိုတာ သတင်း တချို့ထဲဖတ်မိတယ်။ ယူကလစ် ပင်ကမြေအောက်ရေ အရမ်းစုပ်  တယ်တို့၊လိပ်ပါးနီက မျိုးရင်းလိပ် တွေ ပျောက်ကွယ်သွားစေတယ်  တို့တော့ကြားမိတယ်။ သေသေ ချာချာတော့သိပ်မသိဘူး’’ ဟု ဧရာဝတီတိုင်းဒေသကြီး စပါးစိုက် တောင်သူဦးမျိုးကဆိုသည်။ 

လက်ရှိတွင် ဒေသမျိုးရင်း မဟုတ်သည့် မျိုးစိတ်များ၏ ဆိုးကျိုးနှင့် ဒေသရင်းမျိုးစိတ်များ ရေရှည်တည်တံ့ရန် လိုအပ် ကြောင်း ပြည်သူအများစုသည် သိရှိနားလည်မှု မရှိသေးပေ။ 

‘‘အဓိက ကတော့ နိုင်ငံတွင်း မှာ  သဘာဝပတ်ဝန်းကျင်ကောင်း ဖို့၊ဇီဝမျိုးစုံတည်တံ့ဖို့အရေးကြီးပါ တယ်။ ပြည်သူလူထုတွေလည်းအ သိပညာတွေရရှိပြီး ဇီဝမျိုးစုံမျိုးကွဲ တွေကို ထိန်းသိမ်းစောင့်ရှောက်ရာ မှာ ပါဝင်ဖို့လိုအပ်ပါတယ်။ ကမ္ဘာ ပေါ်မှာ မရှိတော့တဲ့မျိုးစိတ်တွေ ကျွန်တော်တို့ နိုင်ငံမှာရှိသေး တယ်။ ဒါတွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့လိုအပ်တယ်။ပြည် ပက မျိုးစိတ်တွေရဲ့ အနှောင့်အ ယှက်တွေကို ပြည်တွင်းက မျိုး စိတ်တွေမခံရဖို့ အရေးကြီးပါ တယ်’’ ဟု ဦးသော်ဖြိုးရွှေက ပြော သည်။ 


စုပ်ခွက်ငါးများ
ဓာတ်ပုံ − BANCA

Top News