မောင်မလိုက်ပေါင် ချန်သာထားခဲ့

စာရေးသူမှာ မြေးငယ်လေးနှစ်ဦး ရှိပါတယ်။ နှစ်ဦးစလုံးက မိန်း ကလေးတွေပါ။ အကြီးက (၁၁) နှစ်။ အငယ်က (၉)နှစ်ရှိပါပြီ။ သူ တို့နှစ်ဦး မြန်မာစာကို ရေးတတ်၊ ဖတ်တတ်ပြီဆိုတာနဲ့ ဥယျာဉ်မှူး ဆရာကြီး မင်းသုဝဏ်ဖန်တီးပေးခဲ့ တဲ့ ကလေးကဗျာ ပန်းဥယျာဉ်ထဲ ကို စာရေးသူက အရောက်ခေါ် သွားခဲ့ပါတယ်။ ပထမဆုံး မြန်မာ ကဗျာကို သူတို့နှစ်နှစ်ခြိုက်ခြိုက် လက်ခံလာအောင် သံနေသံထား နဲ့ ရွတ်ဆိုပြပြီး ဆွဲဆောင်ရပါ တယ်။ တတ်နိုင်သမျှ ဟန်အမူအ ရာလေးပါ လုပ်ပြပါတယ်။ ကဗျာစာသားကို ပီသအောင်ရွတ်ပြီး အဓိပ္ပာယ်နဲ့အတူ သီဆိုမှုရယ်၊ သရုပ်ဖော်မှုရယ် ပေါင်းစပ်ပြလိုက်တော့ အထူးစိတ်ပါဝင်စားလာတာ တွေ့ရပါတယ်။ အဓိကအားဖြင့် မြေးငယ်လေးတွေဟာ မြန်မာ ကဗျာကို သံနေသံထားနဲ့ ရွတ် တတ်လာမယ်။ သရုပ်ဆောင်မှု (Performance) အတတ်ကို ကဗျာရွတ်ရာမှတစ်ဆင့် အခြေခံ ကျကျ လေ့ကျင့်နိုင်မယ်။ ကဗျာ ထဲမှ မြန်မာ့ယဉ်ကျေးမှုနဲ့ ဓလေ့ ထုံးစံတွေကိုပါ အထိုက်အ လျောက် နားလည်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အထက်ပါအ တိုင်း ကလေးကဗျာပန်းဥယျာဉ်ထဲ ကို ခေါ်ဆောင်ရခြင်းဖြစ်ပါတယ်။

မိမိကိုယ်တိုင် မိခင်ရဲ့ သား ချော့တေးနဲ့ ကလေးကဗျာပန်း ဥယျာဉ်ထဲကို ငယ်ရွယ်စဉ်က ဝင် ရောက်ပြီး ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ အတွေ့အကြုံတွေကို အိုမင်းသည် အထိ မမေ့နိုင်တာ အမှန်ပါပဲ။ စာ ရေးသူငယ်ငယ်က ဖားကလေး တွေကို ဘယ်နေရာတွေ့တွေ့ လိုက်ပြီးရိုက်လေ့ရှိပါတယ်။ တစ် နေ့မှာ အမေဆိုပြတဲ့ သားချော့ တေးကို အိပ်မပျော်နိုင်လို့ နား ထောင်ရင်း နားထောင်ရင်း ‘မျက် လုံးရယ်ကြောင်တောင်တောင်နဲ့ ဖားကောင်ကသေး’ ဆိုတဲ့ အဓိပ္ပာယ်ကို ‘သားကရိုက်တော့ မယ်လို့ ဟန်ပြင်တဲ့အခါ ဖားငယ် ကျော်စံကွေးလေးတွေ ကြောက် ပြီး မျက်လုံးကြောင်တောင်တောင် နဲ့ ငေးနေရှာတာပေါ့’ လို့ အမေက ရှင်းပြတယ်။ အဲဒီနေ့ကစပြီး စာရေးသူဟာ ဖားလေးတွေကို သနားစိတ်ဝင်ပြီး ရက်ရက်စက်စက် လိုက်ရိုက်တဲ့အလုပ်ကို မလုပ်တော့ပါ ဘူး။

ဒါကြောင့် စာရေးသူက မြေး ငယ်တွေကို ကဗျာပန်းဥယျာဉ် ရောက်တာနဲ့ ပထမဦးဆုံး ‘ရွှေခဲ ကြက်တူရွေး’ ဆိုတဲ့ ကဗျာပန်း လေးကိုရွေးပြီး ဆင်မြန်းစေခဲ့ပါ တယ်။ အဲဒီကဗျာလေးကို ရွတ်ဆို ပြီးတဲ့နောက် မြေးပေါက်စလေး တွေဟာ ကျေးငှက်ကလေးတွေကို ချစ်တတ်၊ ခင်တတ်တဲ့ စိတ်တွေ ဝင်လာတာ တွေ့ရပါတယ်။ အိမ် ရှေ့မှာ ငှက်ကလေးတွေကို အဘိုး နဲ့အတူ အစာကျွေးချင်လာပါ တယ်။ တိရစ္ဆာန်တွေအပေါ် သနားကြင်နာတဲ့စိတ်ကို ကလေးကဗျာ ကစပြီး ပျိုးထောင်ပေးလိုက်သလို ပါပဲ။

နောက်တစ်ဆင့်မှာ ‘တစ် ကျော့ နှစ်ကျော့ တေးကိုသီ’ အစ ချီတဲ့ ‘ပန်းသည်’ ကဗျာလေးကို ရွတ်ဆိုဖို့ သင်ပေးပါတယ်။ ကျောင်းမှာ သင်ယူတာရှိကြပေ မယ့် စာရေးသူက မြေးတွေကို ကဗျာမှတစ်ဆင့် စိတ်မြတ်တွေရှင် သန်အောင် ရည်ရွယ်ပြီး နေအိမ် မှာ သီးခြားအချိန်ယူသင်ပြဆိုပြရ ခြင်းဖြစ်ပါတယ်။ တကယ်လည်း အကျိုးထူးပါတယ်။ ကဗျာထဲမှ ‘မောင်လေးရေ ထပါတော့၊ ရောင်နီလာလှပေါ့’ တဲ့ စာသားလေးကို သရုပ်ဖော်ရာမှ မြေးအငယ်က အိပ်ဟန်ပြုနေစဉ် အစ်မကြီးကဆို ပြီး နှိုးတဲ့အမူအရာလေးကို လုပ် ခိုင်းပါတယ်။ အဲဒီမှာ မြေးအကြီး က မြေးအငယ် နဖူးဆံစလေးကို သပ်ပြီး ‘ညီမလေးရေ ထပါတော့ ရောင်နီလာလှပေါ့’ လို့ ရွတ်ဆို သရုပ်ဖော်ပုံကိုကြည့်ပြီး အဘိုးရင် ထဲမှာ ပီတိလှိုင်းတွေ ရိုတ်ခတ်သွားပါတော့တယ်။ အကြီးက အငယ် ကို ယုယညှာတာစွာ ဦးဆောင် လမ်းပြမှုစရိုတ်တွေ သူ့အတိုင်းအ တာနဲ့သူ ပေါ်ပေါက်လာပြီလို့ ခံစားရသလိုပါပဲ။

တတိယအနေနဲ့ စာရေးသူ ငယ်စဉ်က အသည်းစွဲခဲ့တဲ့ ‘လယ် စောင့်တဲ’ ကဗျာပန်းလေးကို ဆင် မြန်းစေခဲ့ပါတယ်။ အထူးသဖြင့် မိုးတွင်းကာလ ခရီးသွားတဲ့အခါ မြေးတွေကို ရေတွေဖွေးနေတဲ့ လယ်ကွင်းရဲ့အလယ်မှာရှိတဲ့ တဲ ကလေးတွေကို လက်ညှိုးညွှန်ပြ ရင်း ‘မိုးရေ တက်ရေ တဖွေးဖွေး ကွင်းကျယ်ဟိုးအဝေး’ လို့ အစချီ ပြီး ဦးစွာရွတ်ဆိုပြခဲ့ဖူးတာဖြစ်ပါ တယ်။ မြေးလေးတွေအနေနဲ့ ကျေးလက်ဒေသ သဘာဝအပေါ် ခုံမင် မြတ်နိုးတဲ့ စိတ်အလှကို ကဗျာက လက်ဆင့်ကမ်းနိုင်ခဲ့တာ အမှန်ပါ ပဲ။ သူတို့ဟာ စာအုပ်ထဲက ပန်းချီ ပုံတွေယူလာပြီး ‘ဘိုးဘိုး ဒီမှာ လယ်စောင့်တဲ’ လို့ ပြောရုံမက၊ ကြာနီတစ်ပွင့် ဖြူတစ်ပွင့်ရှိတဲ့ ရေ ဖွေးဖွေးပုံကို ခပ်ကြမ်းကြမ်းရေးဆွဲ လာကြပြန်ပါတယ်။ မြန်မာ့ကျေး လက်လူနေမှုကို အမြဲသတိရ အောင် နိုးဆွပေးတဲ့ ‘လယ်စောင့် တဲ’ ကဗျာကို သူတို့မြတ်နိုးတာ တွေ့ရလို့ ဝမ်းသာမဆုံးဖြစ်မိပါ တယ်။

အဲဒီနောက် ‘သပြေသီး ကောက်’ကို ဆက်ပြီးရွတ်ဆိုဖို့ သင်ကြားပေးပါတယ်။ ကဗျာထဲ မှာပါတဲ့ ‘မျှော့နက်မည်းကြီး’ ဆိုတာကို သူတို့နားလည်အောင် ရှင်း ပြဖို့ တော်တော်အခက်တွေ့ရပါ တယ်။ ကံအားလျော်စွာ အ နောက်တိုင်းတောတွင်း ရုပ်ရှင် ကားတစ်ကားမှာတွေ့လို့ မြေး တွေကို အဲဒါ ‘မျှော့နက်ကြီး’ လို့ ပြောပြနိုင်ခဲ့ပါတယ်။ အိမ်ရှေ့ အုန်းပင်မှ ကြွေကျတဲ့ အုန်းလက် ကိုယူပြီး ‘အုန်းလက်နွားလေး’ ဆို တာကို အဘိုးကိုယ်တိုင် သရုပ်ပြ တော့ မြေးတွေက ဟားတိုက်ပြီး ရယ်မောကြပြန်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အကြောက်တရားကို လွယ်လွယ်နဲ့ မထားအောင် စေ့ ဆော်ပေးပြီး အဖော်အပေါင်းနဲ့ ကစားကြမယ်၊ သွားကြမယ်ဆိုတဲ့ အသိစိတ်လေးတွေ ပေါ်ပေါက်စေ တာ အမှန်ပါပဲ။

နောက်ဆုံး စာရေးသူ ဒုက္ခ တွေ့ရတဲ့ ကဗျာတစ်ပုဒ်ကတော့ ‘ဆွမ်းအုပ်နီနီ အမေရွက်လို့’ အစ ချီ ‘ဥပုသ်စောင့်’ ဆိုတဲ့ ကဗျာပါ ပဲ။ ဘာသာတရားနဲ့ နီးစပ်အောင်၊ သံဃာတော်ကို ရိုသေစိတ်ရှိ အောင် ဆွဲဆောင်ရာမှာ အလွန် ထက်မြက်လှပတဲ့ ကဗျာပန်းလေး ဖြစ်ပါတယ်။ မြေးနှစ်ဦးကို အကြီး က မိခင်နေရာ၊ အငယ်က သား လေးနေရာထားပြီး ကဗျာကို တစ် ကျော့စီ သီဆိုခိုင်းပါတယ်။ အ လွတ်ရပြီဆိုတဲ့အခါမှ သံနေသံ ထား ဟန်နေဟန်ထားနဲ့ သူတို့အ ကြိုက် သရုပ်ဆောင်ခိုင်းပါတယ်။ ‘ကျောင်းကြီးပေါ်မှာ မောင်ငယ် ဆော့တော့၊ ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်’ လို့ မိခင်နေရာမှ မြေးအကြီးက ဘုန်းကြီးရိုက်မယ့် ဟန်အမူအရာကို ပြလိုက်တဲ့အခါ မြေးအငယ်က တင်ပါးကို လက် နှစ်ဖက်နဲ့ပွတ်ပြီး ခုန်ဆွခုန်ဆွလုပ် ပြနေပါတော့တယ်။ စာရေးသူက ‘မြေးလေး အရိုက်ခံရမယ်လို့ ရွယ် ပြရုံရှိသေးတာ ဘာဖြစ်လို့ တင်ပါး ပွတ်ပြီး ခုန်ပြရတာလဲ’ လို့ မေးမိ ပါတယ်။ မြေးငယ်က ဖေ့စ်ဘွတ်ခ် ထဲမှာ သူ့သူငယ်ချင်းပြလို့ ဘုန်း ကြီးက တကယ်ရိုက်တာတွေ့တဲ့ အကြောင်း၊ ကိုရင်တွေ တင်ပါးမှာ ဒဏ်ရာကြီးတွေ ဖြစ်ကုန်ကြောင်း ပြောရုံမျှမက ‘အဲဒီဘုန်းကြီး ကျောင်းသွားတဲ့ကဗျာကို သမီး မဆိုလို့ မရဘူးလား ဘိုးဘိုး’ လို့ ပြောလာပြန်ပါတယ်။ စာရေးသူ မှာ ပါးစပ်အဟောင်းသားနှင့် နား ထောင်နေမိပါတယ်။ အိုင်တီ ခေတ်မှာ ကလေးတွေ မြင်တာ၊ သိတာ မြန်လွန်းလှပါလားလို့ လည်း အံ့ဩနေမိပြန်ပါတယ်။

လွန်ခဲ့တဲ့တစ်လတာအတွင်း ဘုန်းကြီးတွေ ရိုက်ချက်ပြင်းတဲ့အ မှုနှစ်မှုရဲ့သတင်းဟာ ပြည်သူတွေ ကြားမှာ ပျံ့နှံ့သွားခဲ့တာ အမှန်ပါ ပဲ။ တစ်မှုက ကျိုက်ထိုမြို့နယ်အ တွင်း ကျောင်းတစ်ကျောင်းမှာ ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ ကိုရင်လေးခုနစ်ပါးကို ၂ ပေအ ရှည် ၂ လက်မအကျယ် ပျဉ်ပြားနဲ့ ရိုက်လို့ ကိုရင်လေးတွေ အကြီးအ ကျယ် ဒဏ်ရာရကုန်တဲ့အမှုဖြစ်ပါ တယ်။ ဒဏ်ရာတွေအကြီးအကျယ် ရတဲ့ပုံကိုလည်း ဖေ့စ်ဘွတ်ခ်တွေ မှာ ပြထားပြီး ဖြစ်စဉ်အသေးစိတ် ကိုတော့ သတင်းစာတွေမှာ ဖတ် ရှုခဲ့ရပါတယ်။ နောက်တစ်မှုက မတ္တရာမြို့နယ်မှ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဘုန်းကြီးကျောင်း သားလေးကို ဆံပင်ဆွဲပြီး တရွတ် တိုက်ပါလာတဲ့အခါ ရိုက်နှက်ထိုး ကြိတ်တဲ့အမှုပါပဲ။ ကျောင်းသား လေးဟာ ဆေးရုံတင်ရတဲ့အထိ ဒဏ်ရာတွေရပြီး ကြောင်တောင် တောင် ဖြစ်သွားတယ်လို့ သတင်း တွေမှာ ဖတ်ရပါတယ်။ အဲဒီလိုပုံ တွေ၊ အဲဒီသတင်းတွေကြောင့် ရင် သွေးငယ်တွေရင်ထဲမှာ ဘုန်းတော်ကြီးတွေကို ကြောက်ရွံ့စိတ်ဝင် ကုန်မှာ အလွန်စိုးရိမ်မိပါတယ်။ နောက်ထပ် ကြားရတဲ့ ဘုန်းကြီး ကျောင်းမှ သက်ငယ်မုဒိမ်းမှု၊ ကျောင်းသားငယ်လေးတွေကို ကာမဆက်ဆံမှု စတဲ့သတင်းဆိုး တွေ ရှိပါသေးတယ်။

အဆိုးဆုံးက ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ရွာလေး တစ်ရွာက အသက်မပြည့်သေးတဲ့ မိန်းကလေး စုစုပေါင်း လေးဦးတိ တိကို တစ်ပါးတည်းနေထိုင်သော ဘုန်းကြီးက တစ်နှစ်အတွင်း အ ကြိမ်ကြိမ် မုဒိမ်းကျင့်ကြောင်း မိဘအုပ်ထိန်းသူများရဲ့ တိုင်ကြားချက် အရ အရေးယူလိုက်တဲ့သတင်းပါ ပဲ။ မျက်မှောက်ခေတ် သက်ငယ် မုဒိမ်းမှုတွေဟာ ဘုန်းကြီးကျောင်း ပရိဝုဏ်အထဲ ရောက်လာပါပြီ ကောဟု တွေးတောရင်း အနာ ဂတ်သာသနာအတွက် လွန်စွာရင် လေးမိပါတယ်။ ဘုန်းကြီးက သူ့ မှာ ဆန္ဒရှိလာပြီဆိုရင် ‘ရဲဘော်တို့ မာဆတ်ဝင်ရအောင်’ လို့ အော် ပြောပြီး မိန်းကလေးတွေကို ကျက် သရေခန်းအတွင်း ခေါ်သွင်းသွား ကြောင်း သတင်းထဲမှာ ဖတ်ရ တော့ ‘အတော် မိုက်ရိုင်းလှပါလား နော်’ လို့ ဒေါသပြင်းစွာ ထွက်မိပါ တော့တယ်။

အထက်ပါဖြစ်စဉ်ရဲ့ အဓိက အကြောင်းရင်းတွေကို လေ့လာ ကြည့်ရင် မိန်းကလေးငယ်တွေ ဟာ ပညာလိုချင်လွန်းလို့ ပန်း ကောင်းအညွန့်ချိုးတာကိုခံပြီး သင်ယူနေကြရတာပါလားဆိုတာကို တွေ့ရှိပါတယ်။ မိန်းကလေးငယ် လေးတွေရဲ့ရွာမှာ မူလတန်း ကျောင်းမရှိဘဲ အလွန်ဝေးကွာတဲ့ ဘုန်းကြီးရှိရာ ကျေးရွာမှ မူလတန်း ကျောင်းကို တက်ကြရတဲ့အ ကြောင်း၊ မိဘတွေကလည်း ဆင်း ရဲလွန်းလို့ ဘုန်းတော်ကြီးကျောင်း မှာ ကျောင်းအိပ်ကျောင်းစား အပ် နှံထားရခြင်းဖြစ်ကြောင်း သိရှိရပါ တယ်။ ဒါကြောင့် ပညာရေးဝန် ကြီးဌာနက အဲဒီမိန်းကလေးတွေ ရဲ့ ကျေးရွာမှာ မူလတန်းကျောင်း တစ်ကျောင်း အမြန်ဆုံးဖွင့်လှစ် ပေးပါလို့ ရွာခံ မြေးငယ်၊ သမီး ငယ်တို့ရဲ့ကိုယ်စား အလေးအ နက် တောင်းဆိုလိုပါတယ်။

ဆက်လက်ပြီး စာရေးသူရဲ့ မြေးအငယ်လေးရဲ့ တောင်းဆို ချက်ကိစ္စကို ပြန်လည်ဖြေရှင်းပေး ရပါဦးမယ်။ အကယ်၍ မြေးငယ် ကို ကဗျာဆက်ပြီး ရွတ်ဆိုစေချင် ရင် ‘မောင်လဲလိုက်မယ် ချန်မထား နဲ့ အမေသွားတော့ ပျင်းလှတယ်’ ဆိုတဲ့နေရာမှာ ‘မောင်မလိုက် ပေါင် ချန်သာထားခဲ့ အမေသွား တော့ အိပ်စောင့်မယ်’ လို့ ပြင်ရေး ပေးရမယ့် ကိန်းပါလားလို့ တွေး တောနေမိပါတယ်။ တစ်ဖက်မှာ တော့ စာရေးသူကို ဧပြီလအတွင်း က ဆရာတော်ကြီးတစ်ပါး မိန့် ကြားခဲ့တဲ့ စကားတစ်ခွန်းအရ ခေတ်အခြေအနေကို ချိန်ထိုးကြည့်နေမိပြန်ပါတယ်။

 ဆရာတော်ကြီး က ‘ဒကာကြီးယနေ့ခေတ် ကျောင်းပိတ်ရက်အတွင်း ဆယ်ကျော်သက်အရွယ် ကျောင်းသားလေးတွေကို ရှင်ပြုမယ့်ကိစ္စမှာ မိဘတွေက ပြောရ၊ ဆိုရ၊ သိမ်းသွင်းရတာ အတော်ခက်ခဲလာကြတယ်လို့ ကြားရတယ်။ သူတို့က လွတ်လွတ်လပ်လပ် လျှောက်လည်ချင်ကြတယ်။ ဖုန်းပွတ်ပြီး လက်ဖက်ရည်ဆိုင်၊ ကေတီဗီဆိုင်မှာပဲ အချိန်ဖြုန်းချင်ကြတယ်။ ပြီးတော့ မူးယစ်သောက်စားနေကြတာတွေများလာပြီး ဘုန်းကြီးတို့ကျောင်းတွေမှာတော့ ရှင်ပြုတဲ့အရေအတွက်တွေ ဆုတ်ယုတ်လာတယ် ဒကာကြီး’ လို့ဆိုရှာပါတယ်။

ဗုဒ္ဓဘာသာဟာ ဦးနှောက်ကို ဆင်ခြင်တုံတရားပွားများစေပြီး နှလုံးသားကို မေတ္တာအားကြီးမား စေတဲ့ ဘာသာတရားဖြစ်ပါတယ်။ ဆင်ခြင်တုံတရား နည်းပါးမှုနဲ့ မေတ္တာမိုးခေါင်တဲ့ လူ့အဖွဲ့အစည်း ကြီး ဖြစ်မလာအောင် ဘယ်လိုကြံ ဆောင်ကြမလဲဆိုတာကို ‘ဆရာ၊ ဒကာ’ အလေးအနက် စဉ်းစားရ မယ့် အချိန်ကာလကို ရောက်လာ ပါပြီ။ နောက်ဆုံးတော့ မျိုးဆက် သစ် မြေးအငယ်လေးကို သံဃာ အပေါ် အထင်မမှားရအောင် သာ သနာဝင် ဘိုးဘိုးတစ်ဦးအနေနဲ့ အောက်ပါအတိုင်း ရှင်းပြလိုက်ရ ပါတယ်။

‘‘မြေးလေး- ဘုန်းတော်ကြီး ကျောင်းမှာ လူကြီးမိဘတွေ တရား နာနေတုန်း မျက်စိနောက်အောင် ဆော့တဲ့ကလေးတွေကို ဘုန်း တော်ကြီးက ရိုက်လိမ့်မယ်လို့ မေမေက သတိပေးတာပါ။ တကယ်မရိုက်ပါဘူး။ အဲဒီ ဖေ့စ် ဘွတ်ခ်မှာ ရိုက်တာ တကယ့်ဘုန်း ကြီး မဟုတ်ဘူးမြေးလေး။ မေမေ နဲ့ ဆွမ်းပို့တဲ့ ကျောင်းထိုင်ဘုန်း တော်ကြီးကမှ တကယ်ဘုန်းကြီး။ နောက်ပြီး မြေးလေးက ‘စိပ်ပုတီး နဲ့ ဘုန်းတော်ကြီးလိုနေပါ့မယ်’ဆို တော့ ဘုန်းတော်ကြီးက သဘော ကျပြီး မုန့်တွေတောင် ကျွေးဦးမှာ။ ဒါကြောင့် တင်ပါးကိုပွတ်ပြီး ခုန် ဆွခုန်ဆွမလုပ်နဲ့နော်။ လက် ကလေးကာပြပြီး ‘မောင်မဆော့ ပေါင် စိပ်ပုတီးနဲ့ ဘုန်းတော်ကြီး လိုနေပါ့မယ်’ လို့ဆိုနော်။ ဘိုးဘိုး က ဘုန်းတော်ကြီးလုပ်ပြီး ချော ကလက်တွေ ကျွေးမယ်ဗျား’’လို့ ပြောပြမှ မြေးငယ်က ခေါင်းညိတ် ပြီး အထက်ပါအတိုင်း ရွတ်ဆို သရုပ်ပြပါတော့တယ်။ ကလေး ကဗျာဥယျာဉ်မှူးကြီး ဆရာကြီး မင်းသုဝဏ်သာ အသက်ထင်ရှား ရှိရင် စာရေးသူရဲ့ အကျပ်အတည်း ကိုကြည့်ပြီး ပြုံးနေရှာရော့မယ်လို့ တွေးမိရင်း... ။

(ဆောင်းပါးရှင် မြင့်မိုရ်ဆွေသည် မြို့ပြရေးရာ၊ ယဉ်ကျေးမှု၊ ခရီးသွား၊ စာပေနှင့် မျက်မှောက်ရေးရာများ ရေးသားနေသူဖြစ်သည်)

Top News