ဝိတ်ချသူတွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းပညာ Gadget များ

ခေတ်သစ် မြို့ပြလူနေမှုပုံစံမှာ ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတွေ တော်တော်နည်းသွားပါပြီ။ ရုံးခန်းထဲမှာ တကုပ်ကုပ်ထိုင်ရင်း ကွန်ပျူတာရှေ့မှာအလုပ်ရှုပ်နေတဲ့ အချိန်တွေက ပိုများလာပါတယ်။ လှုပ်ရှားမှုနည်းသွားတဲ့အပြင် အစားအသောက်ကိုလည်း ဆင်ခြင်မှုအားနည်းတဲ့ အခါ ကိုယ်အလေးချိန်တွေ တိုးလာ၊ ဝလာကြတာ ဓမ္မတာပါပဲ။

အဆီတက်လို့၊ အထိုင်များလို့ ဝလာတာဟာ ကျန်းမာရေးအတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ရေရှည်မှာလည်း နောက်ဆက်တွဲလူမှုရေး၊ကျန်းမာရေး ပြဿနာတွေ ထပ်ပြီးကြုံလာနိုင်ပါတယ်။ အဝလွန်နေတာကို ဝိတ်ချဖို့အတွက် အခြေခံအကျဆုံး နည်းလမ်းနှစ်ခုက လေ့ကျင့်ခန်းလုပ်ဖို့နဲ့ အစားဆင်ခြင်ဖို့ ဖြစ်ပါတယ်။ အခုဆောင်းပါးမှာတော့ ဝိတ်ချနေသူတွေအတွက် ပိုပြီးထိရောက်အဆင်ပြေစေမယ့် နည်းပညာ Gadget လေးတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

စမတ်ပေါင်ချိန်စက်
နည်းပညာခေတ်မှာတော့ အိမ်သုံး ပေါင်ချိန်စက်တွေဟာ ကိုယ်အလေးချိန်တစ်ခုတည်းကို ဖော်ပြတာမျိုး မဟုတ်တော့ပါဘူး။ ဥပမာ Fitbit က ထုတ်လုပ်တဲ့ စမတ်ပေါင်ချိန်စက်တွေဆိုရင် ကိုယ်အလေးချိန်အပြင် ခန္ဓာကိုယ်မှာရှိတဲ့ အဆီရာခိုင်နှုန်း၊ ကြွက်သားရာခိုင်နှုန်း၊ ရေပမာဏအစရှိတာတွေကိုပါ တစ်ပါတည်းဖော်ပြပေးပါတယ်။အဲဒီအချက်အ လက်တွေကို ကိုယ့်ရဲ့စမတ်ဖုန်းမှာ ထည့်သွင်းထားတဲ့ App ကိုBluetooth ချိတ်ပြီး ကြည့်ရုံပါပဲ။ ပေါင်ချိန်သူရဲ့ အသက်၊ အရပ်အမြင့် စတာတွေကိုမှတ်သားထားပြီး လက်ရှိ ကိုယ်အလေးချိန်၊ အဆီပမာဏအရ ကျန်းမာရေးနဲ့ သင့်တော်သလား၊ အဝလွန်နေသလား (ဒါမှမဟုတ်) လိုတာထက် ပိုပြီး ပိန်နေသလားဆိုတာတွေကိုလည်း ဖော်ပြနိုင်ပါသေးတယ်။ ကိုယ်အလေးချိန်ချည်းပဲမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့အဆီအချိုးအစားကိုပါ ဖော်ပြ နိုင်တာကြောင့် အစားဆင်ခြင်သူတွေရော  လေ့ကျင့်ခန်းလုပ်သူတွေအတွက်ပါ အရမ်းအသုံးဝင်ပါတယ်။

စမတ်လက်ပတ်နာရီ
ဈေးကွက်ထဲမှာ စမတ်လက်ပတ်နာရီတွေ မျိုးစုံရှိနေပါတယ်။ အား ကစားလှုပ်ရှားမှုအတွက် အထူးပြုဖန်တီးထားတဲ့ နာရီတွေလည်း တော် တော်များပါတယ်။ စမတ်လက်ပတ်နာရီတွေရဲ့ အာရုံခံကိရိယာဟာ လက်ကောက်ဝတ်သွေးကြောကို ထောက်လှမ်းပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို ဖော်ပြပေးနိုင်ပါတယ်။ ခေတ်မီစမတ် လက်ပတ်နာရီတွေမှာ ပြေးနေတဲ့အချိန်၊ ရေကူးနေတဲ့အချိန်၊ အလေးမနေတဲ့အချိန် သင့်တော်သလို ပြောင်းလဲထားနိုင်မယ့် Mode တွေပါ ထည့်ပေးထားတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် နှလုံးခုန်နှုန်း ဘယ်လောက်ရှိ တယ်၊ ကယ်လိုရီပမာဏဘယ်လောက် လောင်ကျွမ်းသွားတယ်ဆိုတာကို အနီးကပ်ဆုံး ခန့်မှန်းပေးနိုင်ပါတယ်။ ဝိတ်လျှော့ဖို့ ကယ်လိုရီတွက်ပြီး စားနေသူတွေ၊ ကျန်းမာရေးအတွက် အားကစားလိုက်စားသူတွေဆိုရင် တော့ ဒီလို လက်ပတ်နာရီလေးတစ်လုံးလောက် ရှိထားတာ မမှားပါဘူး။

စမတ်ဖုန်း
 ဒီခေတ်မှာတော့ လူတိုင်းလိုလို စမတ်ဖုန်းကိုင်နေကြပါပြီ။ တကယ်လို့ လက်ပတ်နာရီလို သီးခြားပစ္စည်းမျိုး မဝယ်ချင်ဘူးဆိုရင် စမတ်ဖုန်း အခြေပြု App တွေကိုလည်း ဝိတ်လျှော့ဖို့ အထောက်အပံ့အနေနဲ့ အသုံးချနိုင်ပါသေးတယ်။ iPhone တွေရော Android OS သုံး ဖုန်းတွေမှာပါ သုံးစွဲသူရဲ့ ကျန်းမာရေးအချက်အလက်တွေကို အိတ်ကပ်ထဲကနေတစ်ဆင့် ထောက်လှမ်းစုဆောင်းနိုင်တဲ့ Feature တွေ ပါရှိတတ်ပါတယ်။ ဥပမာတစ်နေ့ကို ခြေလှမ်းဘယ်လောက်များများ လမ်းလျှောက်ဖြစ်သလဲ  ဆိုတာမျိုးတွေကို စမတ်ဖုန်းသုံးပြီး အလွယ်တကူ သိနိုင်ပါတယ်။ Androidဖုန်းတွေမှာဆိုရင် Google Fit လို App တွေကို Download ဆွဲချပြီး ထည့်ထားရုံပါပဲ။

စမတ်ချိန်ခွင်
အားကစားရုံမှာ လေ့ကျင့်ခန်းသွားမလုပ်ဖြစ်တဲ့ သူတွေကတော့ အစားဆင်ခြင်ပြီး ဝိတ်လျှော့တဲ့နည်းကို ရွေးချယ်နိုင်ပါတယ်။ ဒီနေရာမှာဘာစားသင့်တယ်၊ ဘာမစားသင့်ဘူးဆိုတာကို ကိုယ်တိုင်အကဲမဖြတ် တတ်ရင် နည်းပညာအကူအညီ လိုအပ်လာပါပြီ။ SITU ရဲ့ အစားအ သောက် စမတ်ချိန်ခွင်လိုပစ္စည်းမျိုးတွေက အခုအခက်အခဲကို ဖြေရှင်းဖို့ အကောင်းဆုံးရွေးချယ်မှုပါပဲ။ အဲဒီလို ချိန်ခွင်လေးတွေအပေါ်မှာ ကိုယ်စားမယ့် အစားအသောက်ကို တင်လိုက်ရုံပါပဲ။ ဒါဆိုရင် ကိုယ့်ဝမ်းထဲရောက်သွားမယ့် ကယ်လိုရီပမာဏကို အနီးစပ်ဆုံး ခန့်မှန်းပေးနိုင်ပါ တယ်။ နောက်ပြီး နေ့စဉ် ကိုယ်စားမယ့် ကယ်လိုရီအတိုင်းအတာကို သတ်မှတ်ပေးထားနိုင်တာကြောင့် အဲဒီထက်ကျော်သွားရင် သတိပေးဦးမှာပါ။ အစားအသောက်ကို ဆင်ခြင်ပြီး နေထိုင်မှုပုံစံပြောင်းလဲဖို့ ရွေးချယ်ထား တဲ့ ဝိတ်ချသူတွေကတော့ ဒီလိုချိန်ခွင်လေးတွေ မဖြစ်မနေ ဆောင်ထား သင့်ပါတယ်။

မတ်တတ်အလုပ်စားပွဲ
နေ့တိုင်း ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့ လူတွေကတော့ ကိုယ့်အလုပ်စားပွဲကို မတ်တတ်ရပ် အလုပ်လုပ်ရတဲ့ပုံစံ အဆင့် မြှင့်ပြောင်းလဲလိုက်တာ ပိုကောင်းပါတယ်။ ဆိုဖာထိုင်ခုံပေါ်မှာလောက်  သက်သောင့်သက်သာမရှိပေမယ့် ခန္ဓာကိုယ်ရဲ့ အဆီလောင်ကျွမ်းမှုကို အများကြီး ပိုအားကောင်းစေတာကြောင့်ပါ။ ပျမ်းမျှအားဖြင့်တော့တနင်္လာကနေ သောကြာအထိ ငါးရက်အတွင်း အလုပ်စားပွဲမှာ ထိုင် မနေဘဲ မတ်တတ်ရပ်ပြီး တစ်နေ့ရှစ်နာရီ အလုပ်လုပ်မယ်ဆိုရင် ကယ်လိုရီနှစ်ထောင်ကျော်ထိ ပိုမို လောင်ကျွမ်းစေတာကြောင့် ဝိတ်ချဖို့ အရမ်းအထောက်အကူဖြစ်ပါတယ်။ လေ့လာမှုတွေအရ ပုံမှန်အခြေအနေထက် တစ်နေ့ကို သုံးနာရီလောက် မတ်တတ်ပိုရပ်နေမယ်ဆိုရင် တစ်နှစ်လုံးမှာ ကယ်လိုရီ သုံးသောင်းလောက်အထိ လောင်ကျွမ်းနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ ကိုယ်အလေးချိန် ရှစ်ပေါင်လောက်ကျသွားမယ့် စွမ်းအင် ပမာဏပါပဲ။ —Ref: Gottabemobile

 

Top News