မကွေးတိုင်းအတွင်း မြွေပွေးခြောက် ဈေးကောင်းရ၍ ရှာဖွေသူများလာ

ဖမ်းမိသည့်မြွေပွေးတစ်ကောင်ကို အခြောက်လှန်းရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)

 မြွေပွေး အကောင် ခြောက်များ ဈေးကောင်းပေးကာ လာရောက်ဝယ်ယူသူ များပြားလာသဖြင့် မကွေးတိုင်းမြို့နယ် အချို့တွင် မြွေပွေးရှာသူ  များပြားလာကြောင်း ဒေသခံများက ပြောသည်။

မန္တလေးဈေးကွက်တွင် မြွေ ပွေးအကောင်ခြောက် တစ်ပိဿာ လျှင် ကျပ်နှစ်သောင်းကျော်၊ သုံး သောင်းဈေးရှိပြီး ကျေးရွာများ၌ အကောင်ခြောက်တစ်ပိဿာလျှင် ကျပ်တစ်သောင်းခွဲခန့် ဈေးပေါက် နေကြောင်း အောင်လံမြို့နယ် တင်းတောကျေးရွာ ဒေသခံတစ် ဦးက ပြောသည်။

မြွေပွေးအကောင်ခြောက် များကို အခြားနယ်များမှ လာ ရောက်ဝယ်သည့်အပြင် ကိုယ်တိုင်စုဆောင်းကာ မန္တလေးသို့ တိုက်ရိုက်တင်ပို့ရောင်းချသူများ ရှိနေသဖြင့် မြွေပွေးအစိုတစ်ပိ ဿာလျှင် ကျပ်ငါးထောင်ပေးကာ ၀ယ်ယူသူများရှိကြောင်း အောင်လံမြို့နယ် တောင်တီးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

‘‘မြွေပွေးကို ခါးကရိုက်ရင် မ၀ယ်ဘူး။ ခေါင်းကိုရိုက်သတ် လိုက်မှ ၀ယ်တာ။ အစိုအတိုင်း ရောင်းလို့ရသလို အကောင်ကို အရှည်လိုက်ခွဲ အခြောက်လှမ်းပြီး လည်း ၀ယ်တယ်။ ရွာတွေအထိ ကားတွေနဲ့ဆင်းဝယ်တော့ မြွေ ပွေးရှာသူတွေ တစ်နေ့တခြား များများလာနေပြီ’’ဟု တောင်တီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဇော်က ပြောသည်။

ထိုသို့ မြွေပွေးအ၀ယ်ဈေး ကွက် ဖြစ်နေသည်မှာ တစ်လ ကျော်ရှိနေပြီး တရုတ်နိုင်ငံသို့ တင်ပို့ရန်ဟု လာရောက်ဝယ်ယူသူများကပြောကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။

ယခုကဲ့သို့ မိုးဦးရာသီတွင် လူငါးဦးခန့်စုကာ တစ်ညတာ တောလည် ရှာဖွေပါက မြွေပွေး ငါးပိဿာမှ ၁၀ ပိဿာသာအထိ ရရှိသဖြင့် လူတစ်ဦးလျှင် တစ်နေ့ကျပ် ငါးထောင်မှ တစ်သောင်းခန့် ရရှိကြောင်း တင်းတောကျေးရွာဒေသခံတစ်ဦးက ပြောသည်။

တောင်တွင်းကြီး မြို့နယ် တွင် မြွေပွေးအကောင်ခြောက် နှင့် မြွေဟောက်၊ လင်းမြွေအရှင်များ လာရောက်ဝယ်ယူသဖြင့် မြွေရှာသူများလာကြောင်း တောင်တွင်း ကြီးမြို့နယ် ပရပ်ကျယ်ကျေးရွာ ဒေသခံတောင်သူတစ်ဦးက ပြော သည်။မြွေဟောက်နှင့် လင်းမြွေ အရှင်တစ်ကောင်လျှင် အကောင်အကြီး၊ အသေးအလိုက် ကျပ်နှစ် သောင်းမှ သုံးသောင်းအထိ ဈေးရရှိကြောင်း ၎င်းကဆိုသည်။

Top News