ဆီးရီးယား လေတပ်စခန်းကို အစ္စရေး ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ဟု သတင်းများ ထွက်ပေါ်

၎င်းတို့၏ လေတပ်စခန်း တစ်ခုကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှု ကြုံတွေ့ခဲ့ကြောင်း ဆီးရီးယား အစိုးရက ကြေညာခဲ့သည်။

ဟွမ်းစ်မြို့ အနီးရှိ လေတပ်စခန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်လာခြင်း ဖြစ်သော်လည်း လေကြောင်းကာကွယ်ရေး စနစ်များက ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ဆီးရီးယား အစိုးရ မီဒီယာက မေ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် မည်သူက ဒုံးကျည် ပစ်လွှတ်သည်ဟု ဖော်ပြမထားသော်လည်း ဒေသတွင်း မီဒီယာများကမူ အစ္စရေး၏ လက်ချက်ဟု စွပ်စွဲ ဖော်ပြနေကြသည်။ အစ္စရေးသည် ၎င်းတို့၏ ရန်သူတော် ပြောက်ကျား အုပ်စုများနှင့် ဆက်စပ်နေသည့် ဆီးရီးယား စစ်စခန်းများကို ယခင်ကလည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်။

“ဟွမ်းစ်မြို့က လေတပ်စခန်း တစ်ခုကို ရန်သူ့ ဒုံးကျည်တွေ ဦးတည် ချဉ်းကပ်လာမှု ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုကို ဆီးရီးယားရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေက တုံ့ပြန်ခဲ့ပြီး ထိထိရောက်ရောက် ဟန့်တားနိုင်ခဲ့ပါတယ်”ဟု ဆီးရီးယား အစိုးရပိုင် ဆာနား သတင်းဌာနက ကြေညာခဲ့သည်။

သို့သော် အယ်လ်ဒါဘား လေတပ်စခန်းကို အစ္စရေးက ဒုံးကျည်ဖြင့် ပစ်ခတ်သည်ဆိုသော သဘောမျိုးမူ ဆီးရီးယား အစိုးရက တိုက်ရိုက် မစွပ်စွဲခဲ့သလို အစ္စရေးကလည်း မည်သည့်မှတ်ချက်မျှ မပေးခဲ့ချေ။

အဆိုပါ လေတပ်စခန်း အနီးတွင် အစ္စရေး၏ ရန်သူတော် အီရန်နိုင်ငံ၏ တော်လှန်ရေး အစောင့်တပ်ဖွဲ့များနှင့် ဟစ်ဇ်ဘိုလာ ပြောက်ကျားအုပ်စုများ တပ်ဖြန့် နေရာယူပြီး ဆီးရီးယား ပြည်တွင်းစစ်တွင် သမ္မတ ဘာရှာ အယ်လ်အာဆတ်၏ အစိုးရ တပ်ဖွဲ့များဖက်မှ ကူညီ တိုက်ခိုက်ပေးနေကြောင်း သိရသည်။

Ref: Business Insider

Top News