ဘဂ္ဂဒက်တွင် အသေခံ ဗုံးခွဲမှု တစ်ခုအတွင်း အနည်းဆုံး ၄ ဦးသေဆုံး

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်၌ ဖြစ်ပွားသော အသေခံ ဗုံးခွဲမှု တစ်ခုအတွင်း အနည်းဆုံး လူ ၄ ဦးမျှ သေဆုံးခဲ့ကြောင်း သိရသည်။

ဘဂ္ဂဒက်ရှိ ရှီးဟိုက် မွတ်ဆလင်များ အဓိက နေထိုင်ရာ ရပ်ကွက်တစ်ခုတွင် မေ ၂၄ ရက်က ဗုံးခွဲမှု ဖြစ်ပွားခဲ့ခြင်းဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ ဖြစ်စဉ်တွင် လူ ၄ ဦး သေသည့်အပြင် နောက်ထပ် ၁၅ ဦး ဒဏ်ရာများ ရခဲ့သည်။

အီရတ် အမျိုးသား လုံခြုံရေး မီဒီယာ စင်တာက ဖောက်ခွဲရေး သမားသည် အသေခံ ဗုံးခွဲ အောက်ခံ အင်္ကျီကို ဝတ်ဆင်လာပြီး ဆက်လာဝီယာ ပြည်သူ့ဥယျာဉ် အဝင်ဝ၌ လုံခြုံရေး တပ်ဖွဲ့များက စုံစမ်း စစ်ဆေးစဉ် စနက်တံ ဖြုတ်လိုက်ခြင်းဟု ကြေညာခဲ့သည်။ ထိခိုက် သေဆုံးသူများထဲတွင် အရပ်သားများလည်း ပါဝင်ခဲ့ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

တစ်ချိန်က အီရတ်မြောက်ပိုင်း နယ်မြေများကို ထိန်းချုပ် သိမ်းပိုက်ထားဖူးသည့် အိုင်အက်စ် စစ်သွေးကြွ အုပ်စုက အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ကြောင်း အတည်ပြုခဲ့သည်။ အိုင်အက်စ် အလိုတော်ရိ မီဒီယာတစ်ခုက သေဆုံးသူ စာရင်းမှာ ၁၅ ဦးဖြစ်ပြီး ၁၉ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

အိုင်အက်စ်တို့သည် အင်အားဆုတ်ယုတ် လျော့နည်းသွားပြီ ဖြစ်သော်လည်း အီရတ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရှီးဟိုက် မွတ်ဆလင်များကို ပစ်မှတ်ထားသည့် အကြမ်းဖက် တိုက်ခိုက်မှုများ ကြိုကြားကြိုကြား ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်။ ယခုလ အစောပိုင်းကလည်း ဘဂ္ဂဒက် မြောက်ပိုင်းရှိ တာမီယာ အရပ်တွင် ဖြစ်ပွားသော ပစ်ခတ်မှု တစ်ခုမှာ ၎င်းတို့ စီမံ စေခိုင်းခြင်းဟု အိုင်အက်စ်က ကြေညာခဲ့ဖူးသည်။

Ref: Reuters

Top News