အခြေခံပညာကျောင်းများသို့ ထောက်ပံ့သော ကျောင်းဝတ်စုံများ အရည်အသွေးမပြည့်မီဟု မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များပြော

ပေါက်မြို့တွင် တာဝန်ရှိသူများက ထောက်ပံ့ကျောင်းဝတ်စုံများကို စစ်ဆေးနေပုံ (ဓာတ်ပုံ − ပေါက်လွှတ်တော်ကိုယ်စားလှယ်ရုံး)

အခြေခံပညာကျောင်းများသို့ ထောက်ပံ့သော ကျောင်းဝတ်စုံများသည် ကြိုတင်ပေးအပ် ထားသည့် နမူနာဝတ်စုံများ၏ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိဘဲ အရည်အသွေးကွာခြားနေကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။မကွေးတိုင်းဒေသကြီးအစိုးရ သည် လာမည့်ပညာသင်နှစ် အ ခြေခံပညာမူလတန်းတက်ရောက် မည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ရန် ၀တ်စုံ ၄၀၀,၀၀၀ ခန့် အတွက် ကျပ်သန်း ၅၀၀ ကျော် ကုန်ကျခံကာ တင်ဒါစနစ်ဖြင့် ၀ယ်ယူထားကြောင်း တိုင်းပညာရေး မှူးရုံးက ထုတ်ပြန်ထားသည်။

ယင်းဝတ်စုံများ၏ အရည် အသွေးစစ်ဆေးနိုင်ရန် တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက တိုင်း လွှတ်တော်ရုံးသို့ နမူနာဝတ်စုံများ ပေးပို့ထားသဖြင့် လွှတ်တော် ကိုယ်စားလှယ်များက မြို့နယ်များ တွင် ယင်းဝတ်စုံများနှင့် တိုက် ဆိုင်စစ်ဆေးရာ အရည်အသွေး ကွာခြားမှုအချို့ စစ်ဆေးတွေ့ရှိခဲ့ သည်။

‘‘နမူနာပေးထားတဲ့ ၀တ်စုံက အသားလည်းကောင်းတယ်။ အ ရောင်လည်းလှသလို ချုပ်ရိုးချုပ် သားလည်း ကောင်းတယ်။ အခု ရောက်လာတဲ့ ၀တ်စုံတွေကျတော့ အရည်အသွေး ကွာတာတွေ့ရ တယ်။ ချုပ်ရိုးကလည်း ဈေးချုပ် ပုံစံဖြစ်နေတယ်။ ကလေးတွေ ခဏပဲဝတ်ပြီး စုတ်ပြဲနိုင်တဲ့ အခြေ အနေဖြစ်နေတယ်။ အရောင်ရော၊ အသားရောက နမူနာကိုမမီဘူး ဖြစ်နေတယ်’’ဟု ကံမမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးဇော်ဝင်းက ပြော သည်။

ထို့အပြင် ထီးလင်း၊ ကံမ၊ ပခုက္ကူ၊ ပေါက်နှင့် နတ်မောက်မြို့နယ်တို့တွင် ကြိုတင်ပေးပို့ထားသော ကျောင်းဝတ်စုံ နမူနာနှင့် အမှန်တကယ်ရောက်ရှိလာသည့် ၀တ်စုံများ ကိုက်ညီမှုမရှိဘဲ ကွာခြားမှုရှိကြောင်း ယင်းမြို့နယ်များရှိ တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

‘‘မြို့နယ်ပညာကပါတယ်၊ ထွေအုပ်ပါတယ်၊ သွားစစ်တော့ အရည်အသွေးပိုင်းမှာ နမူနာနဲ့ တော်တော်လေးကွာနေတာတွေ့ လို့ ပညာရေးဝန်ကြီးဆီကို ဖုန်းနဲ့ ဆက်သွယ်ပြီး အကြောင်းကြား ထားတယ်။ ချုပ်ရိုးချုပ်သားမှာ တော့ ချည်တိုင်အရေအတွက်စစ် ပေးပါပြောလို့ ကျွမ်းကျင်တဲ့သူ ခေါ်ပြီး ထပ်စစ်ဖို့လုပ်နေပြီ။ အခု လာတဲ့ အသားက ပြောင်ချောချောကြီးတွေဆိုတော့ ကျွန်မတို့တိုင်း ဒေသကြီးရာသီဥတုနဲ့ လုံးဝကိုက် ညီမှုမရှိဘူး’’ဟု ပခုက္ကူမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက ပြောသည်။

တွေ့ရှိချက်များကို တိုင်း ပညာရေးဝန်ကြီးထံ ဖုန်းဖြင့် ဆက်သွယ် ပြောကြားမှုအပြင် တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကော်မတီထံသို့လည်း တင်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အစိုးရအနေဖြင့် တင်ဒါစနစ်ဖြင့် ကျောင်းဝတ်စုံဝယ်ယူထောက်ပံ့ခြင်းကို ထောက်ခံပြီး တိုင်းဒေသ ကြီး၏ ရာသီဥတုနှင့် ကိုက်ညီကာ ရေရှည်သုံးစွဲခံနိုင်သည့် ချည်ထည်အသားမျိုးကို ၀ယ်ယူသင့်ကြောင်း ဒေါ်ဇင်နီနီဝင်းက အကြံပြုသည်။

ထို့အပြင် အစိုးရအနေဖြင့် ၀တ်စုံဝယ်ယူထောက်ပံ့မည့်အ စား ၀တ်စုံတန်ဖိုးသတ်မှတ်ကာ ကျောင်းသားမိဘများအား ငွေ သားထောက်ပံ့ပေးအပ်ပါက ပိုမို ကောင်းမွန်ပြီး ရာသီဥတုနှင့် ကိုက်ညီမည့် ၀တ်စုံဝတ်ဆင်နိုင်မည်ဟု ယူဆကြောင်း ပေါက်မြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းက ပြောသည်။

 အထက်ပါကိစ္စနှင့် ပတ် သက်၍ တိုင်းပညာရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးထံ လွှတ်တော်ကိုယ်စားလှယ်များက ဖုန်း ဖြင့်တင်ပြရာ နမူနာပုံစံ အတိုင်း ဖြစ်အောင် ဆောင်ရွက်ပေးမည်ဟု ဖြေကြားကြောင်း လွှတ်တော်ကိုယ်စားလှယ်များကပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်းပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးကမူ အထက်ပါကိစ္စကို ပညာရေးဝန်ကြီးထံတင်ပြကာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း ပြောသည်။

ချောက်မြို့နယ်နှင့် အောင် လံမြို့နယ်သို့ ရောက်ရှိလာသော ကျောင်းဝတ်စုံများသည် နမူနာကျောင်းဝတ်စုံများနှင့် အနည်း ငယ်ကွာခြားသော်လည်း လက်ခံနိုင်သည့်အနေအထားရှိကြောင်း ယင်းမြို့နယ်ရှိ တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

More in News Section

Top News