တောင်သူလယ်သမားကြီးတွေရဲ့ ကျမျက်ရည် သုတ်ပေးတော့မှာလား

ကျွန်တော်တို့နိုင်ငံရဲ့ လယ် သမားတွေဘ၀ဟာ ခေတ်အ ဆက်ဆက်မှာ မချမ်းသာခဲ့ဘူးဆို တာ အထူးပြောနေစရာမလိုပါ ဘူး။ လယ်သမားတွေလည်း လူ သားတွေဖြစ်တဲ့အတွက် ချမ်းသာ ချင်ကြတဲ့လူတွေချည်းပါပဲ။ ဒါပေ မဲ့ လောဘကြီးပြီး သူများကို မလိမ့်တပတ်လုပ်၊ အဓမ္မဈေး တင်ပြီး မချမ်းသာချင်ကြပါဘူး။ အေးအေးလူလူလေးကိုယ့်လယ် ကိုယ်လုပ်ပြီး ၀မ်းစာပြည့်ပြည့်စုံစုံ နဲ့ အလှူအတန်းလေးလုပ်နေရရင် ကျေနပ်နေကြတာပါ။ သူတို့မှာ မနက်စောစောမိုးရွာနေလို့ မိုး အေးအေးလေးမှာ ဇိမ်ခံနေချင်ပေ မယ့် မနေနိုင်ကြဘဲနွားနဲ့အတူ ရုန်းကန်၊ .....ထဲကို ရွှံ့တစ်ပိဿာ လောက်ဝင်အောင် လုပ်ကြရပေ မယ့် လယ်သိမ်းလို့တာဝန်ကျေ စပါးရောင်းပြီးတဲ့အခါ ၀မ်းစာ တောင် အနိုင်နိုင်ထည့်ရတဲ့နှစ် တွေ အများကြီးရှိခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ စပါးဒိုင်ကို စပါးသွားရောင်းတဲ့ အခါ လှည်းတစ်စီးစပါးတင်း ၂၀ အပြည့်၊ တချို့က နှစ်တင်း လောက်ပိုတင်သွားတာတောင် ကတ္တားချိန်တဲ့အခါ စပါးလျော့ တယ်ဆိုပြီး ဒိုင်ဝန်ထမ်းတွေရဲ့ ခိုး နည်းပေါင်းစုံနဲ့ခိုးတာခံရပါသေး တယ်။ အစိုဓာတ်ပါတယ်ဆိုပြီး အစိုဓာတ်အတွက် အဖြတ်ခံရပါ သေးတယ်။ နွားနဲ့ယှဉ်ရုန်းပြီးမှ ရလာတဲ့စပါးကို ကိုယ်ချင်းမစာ မနာခိုးကြတဲ့ စပါးဒိုင်ဝန်ထမ်းတွေ ကလည်း ဒီနေ့အထိချမ်းသာတယ် လို့ မကြားမိပါဘူး။ စပါးဒိုင်မှာ လယ်သမားတစ်ဦးဦး အခက်အခဲ ဖြစ်လို့ လယ်သမားဘက်က ရပ် တည်ပေးမယ့်သူမရှိခဲ့ပါဘူး။ ကိုယ့်လယ်ကထွက်တဲ့ စပါးကို လည်း ရောင်းပေးရသေးတယ်။ ဒိုင်ဝန်ထမ်းတွေရဲ့ ဟိန်းဟောက် တာတွေလည်း ခံခဲ့ရပါသေး တယ်။

စပါးဒိုင်ကို တာဝန်ကျေ ရောင်းပြီး ၀မ်းစာအတွက်ချန်ပြန် တော့လည်း ကိုယ့်လယ်ကထွက် တဲ့စပါးအကုန်မထားရပါဘူး။ တစ်ဦးကို စပါးတင်း ၂၀ ပဲထား ရမယ်ဆိုပြီး ပိုတဲ့စပါးတွေကို လိုက်လံသိမ်းတာတွေလည်း ကျောင်းသားဘ၀က ကြုံခဲ့ဖူးပါ တယ်။ တချို့လယ်သမားတွေ ခမျာ ရာသီဥတုဖောက်ပြန်လို့ စပါးမရပေမယ့် သတ်မှတ်တဲ့ တင်းရေကို အပြည့်အ၀ရောင်း ပေးရပါတယ်။ တာဝန်ကျေစပါး မရောင်းနိုင်ရင် ရှိတာလေးရောင်း ချ၊ တစ်ဖက်ကမွေးမြူရေးလုပ်၊ အဲဒီကရတာကို စပါးဝယ်ပြီးအစိုး ရကို တာဝန်ကျေချပေးရပါတယ်။ တာဝန်ကျေစပါးမရောင်းနိုင်တဲ့ လယ်သမားတွေဆီကို မြို့က စပါးတွန်းအားပေးအဖွဲ့တွေလာ ကြပါတယ်။ ရွာထဲမှာလူစုပြီး မြို့ ကတာဝန်ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ် (အထူးသဖြင့် ရဲတပ်ဖွဲ့ဝင်တွေ) က ခင်ဗျားတို့တာဝန်ကျေမချနိုင် ဘူးဆိုရင် ဖမ်းမယ်၊ ဆီးမယ်လို့ ပြောတဲ့အခါ လယ်သမားတွေ ခမျာကြောက်ရွံ့ပြီး ဘယ်နေ့မှာ တာဝန်ကျေရောင်းပေးပါ့မယ်ဆို ပြီး ကတိတွေပေးခဲ့ရပါတယ်။ လယ်သမားတွေကလည်း အခက် အခဲကို တင်ပြချင်ပေမယ့် တင်ပြ ခွင့်မရကြပါဘူး။ တာဝန်ကျေမချ နိုင်တဲ့လယ်သမားကို ဆက်ဆံ တာ ရာဇ၀တ်မှုကျူးလွန်တဲ့သူကို ဆက်ဆံသလို ဆက်ဆံခဲ့ကြတာ ပါ။

တစ်ခါတလေ လယ်သမား တွေကို အုပ်စုလိုက် ရဲစခန်းထဲခေါ် လာတဲ့အထိ ကြုံခဲ့ရပါတယ်။ အဲ ဒီခေတ်က အမတော်ကြေးလို့ ခေါ်တဲ့ စိုက်စရိတ်ချေးငွေက တစ် ဧကမှ ထောင်ဂဏန်းလောက်ပဲ ရတာပါ။ စပါးဈေးကလည်း တစ် တင်းမှ ကျပ်တစ်ထောင်မပြည့်ပါ ဘူး။ လယ်လုပ်ပြီး ၀မ်းစာအပြည့် မထည့်နိုင်တဲ့ လယ်သမားတွေ များသလို တာဝန်ကျေမချနိုင်လို့ ဆိုပြီး  ရဲစခန်းရောက်ရတဲ့လယ် သမားတွေလည်း အများကြီးပါ။ အဲဒီလိုဒုက္ခတွေရောက်ပြီး ကိုယ့် လယ်က ထွက်တဲ့စပါးတောင် ၀မ်းစာအပြည့်အ၀ထားခွင့်မရှိခဲ့ တဲ့ခေတ်၊ စပါးတာဝန်မကျေရင် တရားခံလိုဆက်ဆံခံရတဲ့ခေတ် မှာ တောင်သူလယ်သမားဦးကြီး များလို့ အခေါ်ခံရတာထက် မပိုခဲ့ ပါဘူး။

ဒီလိုနဲ့ လိမ်ဖည်လိမ်ဖည် ဘ၀ကနေ တိုးတက်လာမလား မျှော်လင့်ချက်တွေနဲ့အတူ ရုန်း ကန်လှုပ်ရှားခဲ့ရတာ အာဏာရှင် အစိုးရလက်ထက်ကို ရောက်လာ ပါတယ်။ အာဏာရှင်တွေလက် ထက်မှာ စိုက်စရိတ်ချေးငွေက လည်း သောင်းဂဏန်းလောက်ပဲ ရှိခဲ့ပါတယ်။ အဲဒီခေတ်မှာတော့ မတ်ပဲတွေ ခေတ်စားလာတဲ့အ တွက် လယ်သမားတွေ အထိုက် အလျောက်အဆင်ပြေခဲ့ကြပါ တယ်။ အဲဒီမှာ ဘယ်လိုလူက ရွှေ ဉာဏ်တော်စူးရှပြီး နွေစပါးစိုက် လို့ မအောင်မြင်တဲ့လယ်တွေမှာ နွေစပါးမဖြစ်မနေစိုက်ရမယ်ဆို ပြီး မြစ်ရေတင်စီမံကိန်းဆိုတာ လုပ်ကြပြန်ပါတယ်။ အဲဒီအချိန် မှာ ကျေးရွာအုပ်ချုပ်ရေးမှူးကအ စ မြို့နယ်အဆင့်အထိ ဒီနေရာမှာ နွေစပါးစိုက်တာထက် မတ်ပဲစိုက် ရင် အဆင်ပြေတယ်လို့ဘယ်သူမှ မတင်ပြကြပါဘူး။ (မတင်ပြရဲကြ တာလည်းဖြစ်နိုင်ပါတယ်။)

မတ်ပဲတွေစိုက်နေလို့ အပွင့် တွေလှိုင်တဲ့အချိန်မှာ လူကြီးလာ တဲ့လမ်းဘေးဖြစ်နေလို့ နွေစပါး ကို မဖြစ်မနေစိုက်ရမယ်ဆိုပြီး မတ်ပဲခင်းတွေကို ဖျက်၊ နွေစပါး စိုက်ခဲ့ရတဲ့ လယ်သမားတွေက လည်း နာလန်မထူတော့ပါဘူး။ ကျွန်တော့်မိခင်ကြီးပြောသလို ‘‘နင့်အဖေဆုံးတဲ့နှစ်မှာပဲ မတ်ပဲ ကို စိတ်ချလက်ချစိုက်ရတယ်။ နောက်နှစ်တွေမှာ နွေစပါးစိုက် ရမယ်ဆိုလို့ ငါ့မှာမုဆိုးမဖြစ်ရတာ မသက်သာလိုက်တာဟယ်’’ လို့ ပြောပါတယ်။ နေရာဒေသအခြေ အနေကို မကြည့်ဘဲ အဲဒီနွေစပါး တွေ မဖြစ်မနေစိုက်ရမယ်ဆိုတဲ့ လွဲချော်တဲ့စီမံချက်တွေကြောင့် ဆင်းရဲတွင်းက နက်သထက်နက် လာတဲ့ပြည်သူတွေထဲမှာ လယ် သမားတွေလည်း ပါဝင်ခဲ့ပါ တယ်။ နွေစပါးစိုက်ပြန်တော့ လည်း အချိန်အခါမဟုတ် မိုးရွာ လို့ ဧရာဝတီတိုင်းတစ်တိုင်းလုံး ပျက်စီးတာကို ဟင်္သာတမြို့နယ် မှာ မပျက်စီးပါဘူးလို့ ရေဒီယိုက နေကြားရတဲ့အခါ လယ်သမား တွေခမျာ ရင်နာနာနဲ့ရုန်းကန်မြဲ ရုန်းကန်ရဆဲပါပဲ။ တာဝန်ကျေ စပါးရောင်းမပေးရတာကတော့ ကျေးဇူးတင်ရပါတယ်။

ဒီလိုနဲ့ အရပ်သားအစိုးရ လက်ထက်မှာ မိမိတို့နှစ်သက်တဲ့ သီးနှံစိုက်ခွင့်ရတဲ့အတွက် အ သက်ရှူပေါက်လေးချောင်တယ် လို့ ပြောလို့ရပါတယ်။ သမ္မတ ဦး သိန်းစိန်လက်ထက်မှာ စိုက်စရိတ် ချေးငွေက တစ်ဧကကို တစ်သိန်း ထုတ်ချေးပေးခဲ့ပေမယ့် ထမင်း တစ်နပ်လျှော့စားခိုင်းတဲ့ ၀န်ကြီး ကြောင့် လယ်သမားတွေ စိတ် အနှောင့်အယှက်ဖြစ်ရပါတယ်။ အဲဒီစကားအပေါ်မှာ ဝေဖန်မှုတွေ များခဲ့တာကို အားလုံးသိပြီးဖြစ်ပါ တယ်။ ဒီစကားက အရပ်သားအ စိုးရလက်ထက်မှာ လယ်သမား ကြီးတွေအတွက်  ပြောလိုက်တဲ့ စကားတစ်ခွန်းရယ်လို့ မှတ်တမ်း ၀င်သွားခဲ့ပါတယ်။ လယ်သမား တွေရဲ့ ဘ၀လည်း တိုးတက်မလာ သေးဘဲ လယ်မြေတွေအသိမ်းခံ ရတဲ့အဖြစ်နဲ့ ကြုံခဲ့ရပြီး မြွေပူရာ ကင်းမှောက်ဆိုသလို သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံခဲ့ရပြန် ပါတယ်။ လယ်သမားတွေအ တွက် ထူးထူးခြားခြားဆောင်ရွက် ပေးတာတော့ မရှိခဲ့ပါဘူး။ ပြော တော့သာ စိုက်ပျိုးရေးကိုအခြေခံ တယ်ဆိုပေမယ့် လယ်သမားတွေ ရဲ့ဘ၀က ဆင်းရဲတွင်းနက်မြဲပါပဲ။

လယ်သမားတွေဟာ မျှော် လင့်ချက်တွေရင်မှာအပြည့်နဲ့ အ ရပ်သားအစိုးရကို မျှော်လင့်ခဲ့ကြ ပေမယ့် ထင်သလောက်ဖြစ်မလာ တဲ့အခါ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားနဲ့အတူ မိမိတို့ရဲ့ဘ၀ကို ကယ်တင်နိုင်မယ့်အစိုးရကို လက် သန်းလေးတွေနဲ့ မဲပေးရွေးချယ် ခဲ့ကြပါတယ်။  သူတို့ဘ၀မှာအစိုး ရအဆက်ဆက်တိုးတက်မလာ တော့ အပြောင်းအလဲဖြစ်မှာပဲဆို တဲ့ စိတ်ကူးတွေနဲ့ ရွေးချယ်ခဲ့ကြ ပါတယ်။ အနယ်နယ်အရပ်ရပ်မှာ သောင်းသောင်းဖြဖြ ကြိုဆိုကြ တာလည်း လယ်သမားကြီးတွေ ပါပဲ။ လယ်သမားကြီးတွေဟာ မိမိတို့ရွေးချယ်လိုက်တဲ့ လွှတ် တော်ကိုယ်စားလှယ်လောင်းတွေ ကို မမြင်မတွေ့ဖူးကြပေမယ့် လူ ထုခေါင်းဆောင်ဦးဆောင်တဲ့ပါ တီဆိုပြီး ပုံအောမဲပေးခဲ့ကြတယ်။ အမေစုဦးဆောင်တဲ့ပါတီအနိုင် ရရင် ငါတို့ဘ၀တိုးတက်မှာပဲလို့ မျှော်လင့်ခဲ့ကြပါတယ်။ မျှော်လင့် ချက်တွေနဲ့အတူ စိတ်ကူးယဉ်နေ လို့မှ မကြာသေးဘူး။ ပြည်သူ ရွေးချယ်လိုက်တဲ့ပါတီရဲ့ဝန်ကြီး က ‘‘လယ်သမားများ ငွေကိုချေး ကာ လွယ်လွယ်သုံးပြီး မိမိလယ် မြေကို တိုးတက်အောင်ဆောင် ရွက်ချင်စိတ်မရှိဘူးလို့’’ ပြော လိုက်ပြန်ပါတယ်။

လယ်သမားတွေအားလုံး ဟာ ကိုယ့်လယ်ကို တိုးတက် အောင်လုပ်ချင်ကြတဲ့သူတွေ ချည်းပါပဲ။ လယ်သမားတွေဆို တာ မိုးရွာလည်းမနားရ၊ နေပူ လည်း ခိုလို့မရ၊ ဆောင်းမှာလည်း ချမ်းချမ်းနဲ့ ကွေးမနေရတဲ့ဘ၀ပါ။ တိုးတက်အောင်လုပ်ချင်ပေမယ့် အရင်းအနှီးက ဘယ်သူမှထုတ် မပေးပါဘူး။ တချို့လယ်သမား တွေဆို ဓာတ်မြေဩဇာတောင် နပ်မှန်အောင် မထည့်နိုင်ကြပါ ဘူး။ ထည့်ချင်ရင်လည်း ငွေတိုး ချေး ဒါမှမဟုတ် စပါးပေးပေးပြီး ငွေကိုယူ လယ်ထဲကိုထည့်ကြရပါ တယ်။ စပါးပေါ်ချိန်လည်းရောက် ရော စိုက်တဲ့အချိန်က ယူထားတဲ့ ဈေးနဲ့ ချပေးရပါတယ်။ ဒီလိုနဲ့ လယ်သမားတွေလည်း လုံးချာ လိုက်ပြီး တလည်လည်နဲ့ ရုန်း ကန်နေကြရတာ ဒီနေ့အထိပါပဲ။ လယ်သမားကြီးတွေခမျာ မြို့ပေါ် က ရုံးတွေကိုရောက်တဲ့အခါ အ နှိမ်ခံကြရပါသေးတယ်။ ခင်ဗျား တို့အဆင်သင့်ချက်စားနေတဲ့ဆန် ဆိုတာ ခင်ဗျားတို့ရှေ့မှာ ရောက် နေတဲ့ ခပ်နွမ်းနွမ်းလယ်သမားကြီး တွေရဲ့ လုပ်အားနဲ့ရလာတယ်ဆို တာကို သဘောပေါက်စေချင်ပါ တယ်။ လယ်သမားကြီးတွေကို ခြင်္သေ့လို ဟိန်းဟောက်တာတွေ မလုပ်ကြပါနဲ့လို့ သတိပေးချင်ပါ တယ်။

ကျွန်တော်တို့မီခဲ့တဲ့ မဆလ၊ စစ်အစိုးရ၊ အရပ်သားအစိုးရ လက်ထက်တွေမှာ တောင်သူ လယ်သမားတွေကို ချေးတဲ့စိုက် စရိတ်ချေးငွေ (အမတော်ကြေး) ဟာ ဆင့်ခံတွင်းနှမ်းပက်သလိုပါပဲ။ အချိန်နောက်ကျမှရပြီး လုံ လောက်မှုမရှိခဲ့ပါဘူး။ အဲဒီစိုက် စရိတ်ချေးငွေကိုလည်း အကျေ ပြန်ဆပ်ကြရပါတယ်။ စပါးဈေး မကောင်းမီကတည်းက စပါးရောင်းပြီး ချက်ချင်းဆပ်ရပါတယ်။ အဲဒီမစို့မပို့စိုက်စရိတ်ချေးငွေမရခင် မိမိတို့လယ်တွေ ထွန်ယက်တာကအစ စိုက်ပြီးတဲ့အထိ လုပ်အားခတွေ ပေးချေရတဲ့အခါ ငွေစိုက်နိုင်တဲ့ လယ်သမားက စိုက်ပြီးလုပ်နိုင်ပေမယ့် လယ်သမားတော်တော်များများက အတိုးနဲ့ငွေချေးရသလို စပါးပေးယူကြရပါတယ်။ ဒီလိုနဲ့ပဲ အကြွေးယူလိုက်၊ လယ်ထဲထည့်လိုက်၊ ပြန် ဆပ်လိုက်၊ အချိန်တန် ပြန်ယူ လိုက်နဲ့ ရုန်းကန်နေကြရတဲ့ လယ်သမားတွေရဲ့ဘ၀ကို သိစေချင်ပါ တယ်။

အရပ်သား အစိုးရလက် ထက်မှာ မိမိတို့ရဲ့ ဒေသနဲ့ကိုက်ညီ တဲ့ မတ်ပဲကို သီးထပ်အဖြစ် စိုက် ပျိုးတဲ့အခါ အထိုက်အလျောက် အဆင်ပြေပေမယ့် ဓာတ်မြေ ဩဇာဖိုး၊ ထွန်ယက်ခ၊ ရိတ်သိမ်း ခတွေနုတ်လိုက်ရင် လက်ထဲမှာ သိပ်မကျန်ကြတော့ပါဘူး။ ဒါ တောင် ရာသီဥတုကောင်းမှ၊ ပဲ ပေါ်ချိန်မှာ ဈေးကောင်းမှပါ။ တောင်သူတွေရဲ့ဘ၀က အဘက် ဘက်က ပြည့်စုံမှ အဆင်ပြေကြ တာဖြစ်ပါတယ်။  စိုက်ပျိုးမြေ တွေဆိုတာလည်း နှစ်ပေါင်းကြာ လာတဲ့အခါ မြေဆီတွေဆုတ် ယုတ်သွားတဲ့အခါ မြေကိုပြန် လည်ပြုပြင်နိုင်တဲ့ နည်းပညာ မသိကြတော့ ဓာတ်မြေဩဇာကို ပဲအားကိုးအားထားပြုနေကြရပါ တယ်။ ဓာတ်မြေဩဇာဈေးက လည်း တစ်နှစ်ထက်တစ်နှစ် ပို များလာသလို အလုပ်သမားခက လည်း ပိုလာပါတယ်။ စပါးစိုက် တဲ့အချိန်ကစပြီး နောက်ထပ်နွေ စပါး(သို့မဟုတ်)ဆောင်းသီးနှံ စိုက်ပျိုးရိတ်သိမ်းတဲ့အထိ ရင်တ ထိတ်ထိတ်နဲ့ နေကြရတာ တောင် သူတွေရဲ့ ဘ၀အမှန်ဖြစ်ပါတယ်။

ဒီနှစ်ဆောင်းသီးနှံရာသီမှာ အိန္ဒိယက မတ်ပဲမ၀ယ်တော့ဘူး ဆိုတဲ့သတင်းဆိုးကိုကြားရတဲ့အ ခါ တောင်သူတွေခမျာ ဘာလုပ်ရ မှန်းမသိတော့ပါဘူး။ ပဲစိုက်ရ မလား၊ အခြားသီးနှံပြောင်းစိုက် ရမလားလို့ မခွဲခြားနိုင်တဲ့အချိန်၊ ပဲခင်းတွေကလည်း ထွန်ယက်ရ တော့မယ့်အချိန်မှာ တောင်သူ တွေရှိတဲ့ဒေသကို ဘယ်လွှတ် တော်ကိုယ်စားလှယ်မှ ရောက် လာပြီး အားပေးစကားမပြောခဲ့ပါ ဘူး။ မဲဆွယ်တဲ့အချိန် ရွေး ကောက်ပွဲပြီးကတည်းက ပျောက် သွားလိုက်တာ ကိုယ်မဲပေးခဲ့တဲ့ ကိုယ်စားလှယ်ရဲ့အမည်တောင် မေ့တေ့တေ့ ဖြစ်နေပါတယ်။ လယ်သမားတွေအားကိုးတကြီး နဲ့၊ မျှော်လင့်ချက်များစွာနဲ့မဲပေး ခဲ့ကြပေမယ့် အခုလိုအခက်အခဲ ဖြစ်နေတဲ့အချိန်မှာ ရောက်မလာ တာကိုလည်း အံ့ဩမိပါတယ်။ ဒီနှစ်မှာ မတ်ပဲကိုစိုက်လို့သာစိုက် ရတယ်။ အားမရှိကြတော့ပါဘူး။ ရိုးရာမပျက်ပုံစံလောက်ပါပဲ။ အ ချို့တောင်သူတွေဆိုရင် ပဲဈေး မကောင်းလို့ဆိုပြီး ပဲတွေမသိမ်း ဘဲ ဒီအတိုင်းပစ်ထားကြတယ်လို့ ဆိုပါတယ်။ နှစ်တိုင်း ပဲစိုက်ခင်း တွေနဲ့ စိမ်းလန်းစိုပြည်နေတဲ့ကွင်း ပြင်ကြီးဟာ ဒီနှစ်မှာတော့ မစိမ်း လန်းနိုင်တော့ပါဘူး။ ပဲတွေသိမ်း တဲ့အခါ ရတဲ့ဈေးနဲ့ရောင်းချပြီး ဓာတ်မြေဩဇာဖိုး၊ အလုပ်သမား ခတွေရှင်းလိုက်တာ ပဲမှော်တွေပဲ ကျန်ခဲ့ပါတယ်။ ပဲဈေးမကောင်း ပေမယ့် ဓာတ်မြေဩဇာဈေးနဲ့ အလုပ်သမားခကတော့ ပုံမှန် ထက်တောင် ပိုနေပါသေးတယ်။

ဒီလိုနဲ့ ပဲစိုက်တောင်သူတွေ လက်ထဲပဲမရှိတဲ့အချိန် မေလဆန်းလောက်မှာ အိန္ဒိယကပဲတွေ ပြန်ဝယ်မယ်ဆိုလို့ ပဲဈေးပြန် တက်လာပေမယ့် တောင်သူတွေရဲ့ လက်ထဲမှာ မျိုးစေ့လောက်ပဲကျန်ပါတော့တယ်။ ဒီရက်ပိုင်းမှာ ဖတ်ရတဲ့သတင်းတွေအရ  ဇွန်လကစပြီး မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်း မြင့်တက်လာမယ်လို့  ခန့်မှန်းတာတွေဖတ်ရပါတယ်။ ဒီလိုခန့်မှန်းချက်ဟာ တောင်သူတွေဝမ်းမသာ နိုင်ဘဲ ကုန်သည်တွေပျော်နေတဲ့  သတင်းဖြစ်ပါတယ်။ ပဲစိုက်တောင်သူတွေခမျာမှာတော့ ဘာတတ်နိုင်မှာလဲ၊ ကိုယ့်ကုသိုလ်ကံပေါ့လို့ကံကိုပုံချရတော့မလိုဖြစ်နေပါတယ်။ လာမယ့်နှစ်တော့ ကောင်းနိုင်ပါသေးတယ်လို့ မျှော်လင့်စိတ်နဲ့ ရှင်သန်နေကြရပါတယ်။

တောင်သူလယ်သမားတွေ ဆိုတာ မိုးစပါးစိုက်ပျိုးချိန်မှာ ရ တဲ့စပါးကို ပေါက်ဈေးနဲ့ရောင်း ပြီး မိမိတို့အတွက်လိုအပ်တာတွေ ဖြည့်ဆည်းပြီး ဆောင်းသီးနှံအ တွက် ရင်းနှီးမြှုပ်နှံကြရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အစစအ ဆင်ပြေပါစေလို့ ဆုတောင်းနေ ရတဲ့ရာသီဖြစ်ပါတယ်။ ဆောင်း သီးနှံအထွက်ကောင်းပြီး ဈေး ကောင်းလေးရရင်တော့ အသက် ရှူချောင်ပြီး တောင်သူတွေအ ထိုက်အလျောက်ပျော်ကြရပါ တယ်။ ဒါမှမဟုတ်လို့ ရာသီဥတု ကလည်းမကောင်း၊ ပိုးကလည်း ဖျက်၊ ဓာတ်မြေဩဇာကလည်း ဈေးတက်၊ လုပ်အားခကလည်း မကျ၊ တစ်ဖက်နိုင်ငံကလည်း မ ၀ယ်တော့ဘူးဆိုရင်တော့ တောင် သူတွေကျတဲ့မျက်ရည်ကို သုတ် ပေးမယ့်သူမရှိပါဘူး။ ဆောင်းသီး နှံကို အားထားနေကြရတဲ့ တောင် သူတွေခမျာ ဒီနှစ်လို ပဲဈေးမ ကောင်းတာနဲ့တိုးရင် ဘယ်လိုကု စားမလဲဆိုတာ အစိုးရအနေနဲ့ ကြိုတင်စီမံထားသင့်သလို တောင် သူတွေကို အချိန်မီ အသိပေးဖို့လို အပ်လာပါပြီ။

မေလ ၂၄ ရက်ထုတ် နိုင်ငံ ပိုင်သတင်းစာမှာ ပွင့်ဖြူမဲဆန္ဒ နယ်မှ ဦးထွန်းထွန်းက တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ တောင် သူလယ်သမားများ၏ဘ၀မြင့်မား တိုးတက်စေရေးနှင့် စိုက်ပျိုးရေး နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေ ရန်အတွက် နိုင်ငံတစ်ဝန်းစိုက်ပျိုး ရေးနည်းပညာသင်တန်းများ၊ နှီး နှောဖလှယ်ပွဲများ ကျင်းပပေးပါ ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင် သွင်းခဲ့ပါတယ်။ ၎င်းအဆိုနှင့်ပတ် သက်ပြီး ‘ကမ္ဘာ့လူသားအားလုံး၏ အခြေခံအကျဆုံးမရှိမဖြစ်လိုအပ် ချက်သည် စားနပ်ရိက္ခာဖူလုံရေး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဆန်စပါးနှင့်ကောက်ပဲသီးနှံအမျိုးမျိုးအပါအ၀င် သားငါးမျိုးစုံပိုလျှံ သည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါ ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးအတွက် လူ့စွမ်းအားအရင်းအ မြစ်နှင့် ရေမြေသယံဇာတရာသီ ဥတုအခြေအနေကောင်းများကို ပိုင်ဆိုင်ထားပြီး ပိုမိုထုတ်လုပ်နိုင် စွမ်းလည်းရှိပါကြောင်း၊ သဘာဝ အရင်းအမြစ်များကို အကျိုးရှိရှိ ထိရောက်မှန်ကန်စွာ အသုံးချ တတ်ရန်လိုအပ်ပါကြောင်း။

စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ် လုပ်နိုင်ရေးအတွက် ပင်မထုတ် လုပ်သူများဖြစ်သည့် တောင်သူ လယ်သမားများ၏ လိုအပ်ချက် များကိုဥပဒေနှင့်အညီ ဘက်စုံ ထောင့်စုံမှ ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ပါ ကြောင်း၊ ကျေးလက်ဒေသ တောင်သူလယ်သမားများကိုဗဟို ပြု၍ ငွေကြေးအရင်းအနှီးနည်း ပညာရရှိရေး၊ မျိုးစေ့၊ မြေဩဇာ၊ စက်ကိရိယာမှအစ သွင်းအားစု များအပါအ၀င် တောင်သူတွက် ခြေကိုက်သောဈေးနှုန်းနှင့် ရေ ရှည်တည်တံ့ခိုင်မာသည့် ဈေး ကွက်ရရှိရေးအထိ စနစ်တကျ ဖြည့်ဆည်းဆောင်ရွက်ပေးကြရ မည်ဖြစ်ပါကြောင်း၊ တောင်သူ လယ်သမားများ၏ ကုန်ထုတ်စွမ်း အားပိုမိုမြင့်မားလာသည်နှင့်အမျှ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက် လာနိုင်မည် ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ၏လူမှု စီးပွားဘ၀နှင့် စိုက်ပျိုးရေး၊မွေးမြူ ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးမှ သည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် တောင်သူကိုဗဟိုပြု ၍ ပြည်ထောင်စုအစိုးရမှ တာဝန် ရှိဌာန၊ အဖွဲ့အစည်းများအားလုံး တို့က ၀ိုင်းဝန်းကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရန် လိုအပ်ပါ ကြောင်း’ ရှင်းလင်းတင်ပြထား ပါတယ်။

မေလ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာမှာ ဧရာ ၀တီတိုင်းအတွင်း လယ်ယာမြေ အားလုံးကို တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြေနမူနာ ကောက်ယူနေပြီး မြေဆီလွှာအာ ဟာရဓာတ်စစ်ဆေးမှုများ ပြုလုပ် နေတဲ့အကြောင်း ဖတ်ရပြန်ပါ တယ်။ ဧရာဝတီတိုင်းမှာ ရေ တော်မိုးတော်လယ်ဧက ၂၇ သိန်း ကျော်ရှိပြီး တိုင်းဒေသကြီးအစိုးရ ရဲ့ ဘတ်ဂျက်နဲ့ဆောင်ရွက်နေ တာဖြစ်ကြောင်း၊ လယ်ဧက ၂၇ သိန်းကို ဧက ၅၀ မှာမြေနမူနာတစ် ခုယူပြီး နမူနာပေါင်း ၅၄,၀၀၀  ကျော်လောက်ယူပြီး စံကိုတိုင်း တာကြောင်း၊ ချဉ်ငန်ဓာတ်နဲ့ နိုက် ထရိုဂျင်ပါဝင်မှုသိတဲ့အခါ မြေ ချဉ်နေလို့ရှိရင် ထုံးဘယ်လောက် ထည့်ရမယ်လို့ လယ်သမားတွေ ကို နည်းလမ်းပေးမှာဖြစ်ကြောင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေ ပြီး ပညာပေးသွားမှာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုး ရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူးက ပြောကြားခဲ့ပါတယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာလည်း အ ခုလိုဆောင်ရွက်ပေးမယ်လို့ မျှော် လင့်မိပါတယ်။

လယ်သမားတွေအနေနဲ့ ရှေးရိုးအစဉ်အလာတွေကို ပယ် ပြီး စိုက်ပျိုးရေးဌာနက ကျွမ်းကျင် သူများရဲ့ အကြံပြုချက်ကိုလက်ခံ ကာ လိုအပ်ချက်တွေကိုပြုပြင်ကြ ရမှာဖြစ်ပါတယ်။ ငါတို့မွေးက တည်းက လယ်လုပ်လာတာ ငါ တို့ထက်သိပါ့မလားဆိုတဲ့ စိတ် တွေဖျောက်ဖို့ လိုပါတယ်။ပြောင်း လဲလာတဲ့ရာသီဥတု၊ ခန်းခြောက် သွားတဲ့ မြေဆီလွှာရဲ့သဘောသ ဘာဝကို လက်ခံရမှာဖြစ်ပါတယ်။

တောင်သူလယ်သမားများ ရဲ့ ဘ၀တိုးတက်ရေးအတွက် ဆောင်ရွက်တဲ့ နေရာမှာလည်း မြေပြင်မှာဖြစ်ပေါ်နေတဲ့ အခြေ အနေမှန်တွေကို စနစ်တကျပြုစု ပြီး အမှန်အတိုင်းတင်ပြဆောင် ရွက်စေချင်ပါတယ်။ ခေတ်အ ဆက်ဆက်မှာ စပါးအထွက်နှုန်း ကောင်းပါတယ်ဆိုပြီး ဆင့်ကဲဆင့်ကဲလိမ်ညာခဲ့တဲ့ဒဏ်ကိုတောင်သူလယ်သမားတွေ ခံခဲ့ရပေါင်းများလှပါပြီ။ အဲဒီလိုခံရပေါင်းများလာတော့ အမှန်တကယ်ဆောင်ရွက်ပေးမယ်ဆိုရင်လည်း မယုံမရဲဖြစ်နေကြရပါတယ်။

လက်ရှိအခြေအနေမှာ ဧရာ ၀တီတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရဲ့ မြေနမူနာကောက်ယူ ခြင်း၊ မြေဆီလွှာအာဟာရဓာတ် စစ်ဆေးခြင်း ဆောင်ရွက်ချက် တွေနဲ့ ပွင့်ဖြူမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးထွန်းထွန်းရဲ့ နိုင်ငံတစ် ၀န်းစိုက်ပျိုးရေးနည်းပညာသင် တန်းများ၊ နှီးနှောဖလှယ်ပွဲများ ကျင်းပပေးရန် ပြည်ထောင်စုအ စိုးရအား တိုက်တွန်းတဲ့အဆိုဟာ ခေတ်အဆက်ဆက်မှာ တောင်သူ လယ်သမားတွေ ကျခဲ့တဲ့မျက်ရည် ကို သုတ်ပေးတော့မှာလားလို့ မျှော်လင့်မိပါတယ်.....။

တောင်သူလယ်သမား ဦးကြီးများရဲ့ဘ၀ တိုးတက်သာယာပါစေ......။

(ဆောင်းပါးရှင် ကိုရဲ(ရွှေတြိဂံ) သည် လူမှုရေးနှင့် မျက်မှောက်ရေးရာဆောင်းပါးများရေးသားနေသူဖြစ်သည်။)

Top News