ဘင်္ဂါလီဒုက္ခသည်များကို လက်ခံနေထိုင်ခွင့်ပေးရန် အသင့်ရှိကြောင်း ကနေဒါအစိုးရ ကြေညာ

ဘင်္ဂါလီ (ရိုဟင်ဂျာဟုဖော်ပြထား) ဒုက္ခသည်များကို ကနေဒါနိုင်ငံ၌ လက်ခံနေထိုင်ခွင့်ပေးရန် အသင့်ရှိကြောင်း ကနေဒါအစိုးရက မေလ ၂၃ ရက်တွင် ကြေညာကမ်းလှမ်းခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာအကျပ်အတည်းဆိုင်ရာ ကနေဒါ၏ မဟာဗျူဟာဟုဆိုသော စာမျက်နှာ ခြောက်မျက်နှာရှိ ကြေညာချက်တွင် ဒုက္ခသည်များကို လက်ခံမည်ဖြစ်ကြောင်း၊ ဒုက္ခသည်များအရေး ကန်ဒေါ်လာ သန်း ၃၀၀ အကူအညီပေးမည် ဖြစ်ကြောင်း၊ မြန်မာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှနေ၍ နိုင်ငံတကာ ရာဇဝတ်တရားရုံး (အိုင်စီစီ) သို့ လွှဲပြောင်းရန် ထောက်ခံမည်ဖြစ်ကြောင်း စသည်တို့ပါဝင်သည်။

ဒုက္ခသည်များကို ပြန်လည်နေရာချထားပေးမည့်ဒေသတွင် အခြေအနေများ အဆင်သင့်ဖြစ်ပြီဆိုသည်နှင့် ‘ရိုဟင်ဂျာဒုက္ခသည်တွေကို ကနေဒါနိုင်ငံက ကြိုဆိုဖို့ အဆင်သင့်ရှိနေပါတယ်’ ဟု ကနေဒါအစိုးရ မဟာဗျူဟာ ကြေညာချက်က ဖော်ပြသည်။

ကြီးမား ကျယ်ပြန့်သောနိုင်ငံတကာ ပြန်လည်နေရာချထားရေး ဆောင်ရွက်ရန် စိတ်တူကိုယ်တူနိုင်ငံများနှင့် ဆွေးနွေးမှုများကို ကနေဒါနိုင်ငံက ဦးဆောင်ပြုလုပ်မည်ဟုဆိုသည်။

ကနေဒါသို့ ဒုက္ခသည်များခေါ်ဆောင်မှုကိုမည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်၊ ဒုက္ခသည်ဦးရေ မည်မျှခေါ်ယူမည်ကိုမူ ကုလဒုက္ခသည်အေဂျင်စီနှင့် တိုင်ပင်ဆောင်ရွက်မည်ဟုသာ ဆိုသည်။

‘‘ပြန်လည်နေရာချထားရေးဖြစ်နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ကနေဒါအနေနဲ့ သင့်တော်တဲ့အချိန်ကာလ သတ်မှတ်ဖို့၊ ဒုက္ခအရောက်ဆုံး မိသားစုတွေ၊ ဒုက္ခအရောက်ဆုံးလူတွေ သတ်မှတ်ခေါ်ယူဖို့အတွက် UNHCR နဲ့ လက်တွဲ
လုပ်ပါမယ်’’ ဟု ကနေဒါအစိုးရကကြေညာသည်။

ကနေဒါအနေဖြင့် ဒုက္ခသည်များကို ခိုလှုံခွင့်ပေးသင့်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီးယားဖရီးလန်းဒ်က ၂၀၁၈ နှစ်ဆန်းပိုင်းက စတင်ပြောကြားခဲ့သည်။

၎င်းသည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများကိုလည်း မကြာမီက သွားရောက်လေ့လာခဲ့သည်။ ဒုက္ခသည်များအနေဖြင့် မြန်မာသို့ပြန်လိုက ပြန်နိုင်ပြီး ကနေဒါတွင်လည်း ခိုလှုံနိုင်ကြောင်း၎င်းက လမ်းဖွင့်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ၏ အထူးကိုယ်စားလှယ် မစ္စတာဘော့ရေးက ဒုက္ခသည်များကိုကူညီရန် လာမည့်လေးနှစ်တာအတွက် ကန်ဒေါ်လာ သန်း ၆၀၀ ကူညီရန် ပြီးခဲ့သည့်လက တောင်းဆိုခဲ့သည်။

သို့သော် မေလ ၂၃ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီးတို့ကလာ မည့်သုံးနှစ်အတွင်း ကန်ဒေါ်လာသန်း ၃၀၀ကူညီမည်ဟု ကြေညာခဲ့သည်။

ယင်းကူညီငွေများကိုကုလသမဂ္ဂ၊နိုင်ငံတကာ ကြက်ခြနီကော်မတီ၊အခြားမြောက်မြားစွာသော အင်န်ဂျီအိုများမှတစ် ဆင့်ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ အခြေအနေကို ကုလလုံခြုံရေးကောင်စီက အိုင်စီစီသို့ လွှဲပြောင်းမှုကို ကနေဒါက ထောက်ခံမည်ဖြစ်ကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင် ကနေဒါက ကြေ ညာသည်။

၂၀၁၈ ဖေဖော်ဝါရီကလည်း တပ်မတော်အဆင့်မြင့် အရာရှိတစ်ဦးကို ကနေဒါအစိုးရက ပိတ်ဆို့ဒဏ်ခတ်မှုတစ်ခု ချမှတ်ခဲ့သည်။

ဇွန်လဆန်းတွင် အိမ်ရှင်အဖြစ်ကျင်းပမည့် ဂျီဆဲဗင်းထိပ်သီးညီလာခံ၌ မြန်မာ့အရေးကို ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။

More in News Section

Top News