လီဗာပူးလ်ကို အနိုင်ယူပြီး သုံးနှစ်ဆက် ဥရောပ ချန်ပီယံ ဖြစ်လာသည့် ရီးရဲလ်မက်ဒရစ်

မေ ၂၆ ရက် ညပိုင်းက ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တွင် ယှဉ်ပြိုင်ကစားသည့် ဥရောပ ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က လီဗာပူးလ် အသင်းကို ၃-၁ ဖြင့် အနိုင်ရ ဗိုလ်စွဲ သွားခဲ့သည်။


ယခုပွဲစဉ်တွင် အင်္ဂလန်ကလပ် လီဗာပူးလ် အနေဖြင့် ကမ္ဘာကျော် စပိန်ကလပ်ကို စိတ်ဓာတ်ကောင်းကောင်းဖြင့် တုံ့ပြန် ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း အတွေ့အကြုံပိုင်း အားနည်းချက်နှင့် ဂိုးသမား လောရစ္စ ကားရီးရက်စ်၏ စိတ်ပျက်ဖွယ် ဆိုးရွားလှသည့် အမှားနှစ်ခုကြောင့် အရှုံးပေးလိုက်ရခြင်း ဖြစ်သည်။

ပထမပိုင်းထိ အပြန်အလှန် ဂိုးမသွင်းနိုင်ခဲ့သော်လည်း ပွဲချိန် ၅၁ မိနစ်တွင် ကားရီးရက်စ်၏ အမှားကြောင့် ရီးရဲလ်က ဦးဆောင်ဂိုး ရရှိသွားသည်။ လက်ထဲတွင် မိမိရရ ရှိနေသော ဘောလုံးကို ကားရီးရက်စ်က ပေါ့ပေါ့လျော့လျော့ လှမ်းပစ်ပေးချိန်တွင် အလစ်အငိုက် ချောင်းနေသော ရီးရဲလ်တိုက်စစ်မှူး ကာရင်မ် ဘန်းဇီးမားက ကြားဖြတ် ဟန့်တား ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ လီဗာပူးလ် ကစားသမားများက ထိုအပြုအမူကို ကန့်ကွက်ခဲ့သော်လည်း ဆာဘီးယား နိုင်ငံသား ကွင်းလယ်ဒိုင် မီလိုရက်ဒ် မာဇစ်က ဂိုးအဖြစ် သတ်မှတ်ခဲ့သည်။

လီဗာပူးလ်က ချေပဂိုးရရန် ချက်ချင်း တိုက်စစ်ပြန်မြှင့်လာပြီး ၄ မိနစ်အတွင်း ဂိုးပြန်သွင်းခဲ့သည်။ ထောင့်ကန်ဘောကို ဒီယန်လော့ဗ်ရန်း ခေါင်းတိုက် ချပေးရာမှ တောင်ပံ တိုက်စစ်သမား ဆာဒီယို မာနေးက အနီးကပ် ဝင်ပိတ်သွားခြင်း ဖြစ်သည်။ သို့သော် ချေပဂိုး ရသဖြင့် တက်ကြွလာသည့် လီဗာပူးလ်၏ စိတ်ဓာတ်ပိုင်းမှာ မိနစ်ပိုင်းမျှသာ ခံခဲ့သည်။ ၆၄ မိနစ်တွင် ဘယ်ခြမ်းမှ မာဆယ်လို ဖြတ်တင်ပေးသော ဘောလုံးကို ရီးရဲလ် တောင်ပံလူ ဂါရတ်သ်ဘေးလ်က လေပေါ်ဝဲ နောက်ပြန်ကန်ချက်ဖြင့် လှလှပပ ဂိုးသွင်းပြီး ရီးရဲလ်တို့ တကျော့ပြန် ဦးဆောင်သည်။

ပွဲချိန် ၈၃ မိနစ်တွင်မူ လီဗာပူးလ်၏ နောက်ဆုံးလက်ကျန် မျှော်လင့်ချက်ကို ကျိုးပျက်သွားစေမည့် အမှားတစ်ရပ်ကို ကားရီးရက်စ် ထပ်မံ ကျူးလွန်မိခဲ့သည်။ ဘေးလ်၏ အဝေးကန်ချက်သည် ကားရီးရက်စ်ထံ တည့်တည့် ဦးတည်လာသော်လည်း ဂျာမန် ဂိုးသမားက ဂိုးအပြင်သို့ ပုတ်ထုတ်ရမည့်အစား ဂိုးပိုက်ထဲ ပုတ်သွင်းလိုက်မိခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင်မူ ရီးရဲလ်က ခံစစ်ကို ပိုမို ဇောက်ချ ပြင်ဆင်ပြီး အနိုင်ရလဒ် သေချာစေရန်သာ ပွဲကို ထိန်းချုပ်သွားခဲ့သည်။

ရီးရဲလ်အသင်းသည် ချန်ပီယံလိဂ် ဆုဖလားကို သုံးရာသီဆက်တိုက် ဆွတ်ခူးနိုင်သည့် မှတ်တမ်းသစ်ကိုလည်း ရေးထိုးနိုင်ခဲ့သည်။ ၁၉၉၁ မှစ၍ ပြိုင်ပွဲ ပုံစံသစ် ပြောင်းလဲ ကျင်းပလာသည့်နောက်ပိုင်း ချန်ပီယံလိဂ်တွင် နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲဖူးသည့် အသင်းမျိုးပင် ရီးရဲလ်အပြင် မရှိသေးချေ။ ထို့အပြင် ရီးရဲလ်သည် နောက်ဆုံးငါးနှစ်အတွင်း လေးကြိမ်မြောက် ဗိုလ်စွဲခဲ့ခြင်းလည်း ဖြစ်သည်။ ချန်ပီယံလိဂ် သမိုင်းတလျှောက်တွင်လည်း ၁၃ ကြိမ်ထိ ဗိုလ်စွဲကာ ပြိုင်ပွဲ၏ အစဉ်အလာ အကြီးဆုံး အသင်းအနေဖြင့် ခြွင်းချက်မရှိ ရပ်တည်ပြခဲ့သည်။

Top News