ကျွန်တော်လေးမြတ်ရသော Invictus များ-၂

လူအချင်းချင်း အသားအရောင်ခွဲခြားမှုကို အပြီးတိုင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး တောင်အာဖရိက နိုင်ငံသစ်ကို တည်ဆောက်ခဲ့သူ  နယ်လ်ဆင်မန်ဒဲလားဟာ ကမ္ဘာကြီးရဲ့ ကြီးကျယ်လှတဲ့ ချီးမြှောက်မှုကို ခံယူခဲ့ရသူပါ။ သူ့ကို ကမ္ဘာကြီးက ချီးမြှင့်ပေးအပ်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ ဂုဏ်ပြုဆုတံဆိပ်တွေဆိုတာ မရေမတွက်နိုင် အောင်ပါပဲ ။ အဲဒီအပြင်  ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ (မန်ဒဲလားရဲ့မွေးနေ့ဖြစ်တဲ့) ဇူလိုင် ၁၈ ရက်နေ့ကို ‘မန်ဒဲလားနေ့ (Mandela Day)’လို့ သတ်မှတ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။သူဟာကမ္ဘာကြီးကို လွတ်မြောက်ခြင်းကို မျှဝေသူအဖြစ်လည်း မှတ်တမ်း တင်ထားခဲ့ကြပါတယ်။


မာဒီဘာလို့ တောင်အာဖရိကက လူမျိုးစုတိုင်းရင်းသား တွေက ခေါ်ကြတဲ့ မန်ဒဲလားဟာ ခွဲခြားဖိနှိပ်ခံနေရတဲ့ အာဖရိကန် တိုင်းရင်းသားတွေအတွက် တိုက်ပွဲဝင်ခဲ့ရတဲ့လမ်းမှာ သူ့ရဲ့ဦးခေါင်းဟာ သွေးသံတို့နဲ့ ခြင်းခြင်းနီခဲ့ရ ပါတယ် ။ ၁၉၅၆ ခုနှစ်မှာ ဂန္ဒီနှစ် (၁၀၀)ပြည့် အထိမ်းအမှတ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဝင်ခဲ့တဲ့ သူ့ကို ဖမ်းဆီးခဲ့ပြီး အစိုးရကို ပုန်ကန်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ စွဲချက်အတွက် အကျဉ်းထောင်မှာ ခြောက်နှစ်ကြာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ၁၉၆၁ ခုနှစ်မှာတော့ တရားသေ ပြန်လွတ်ခဲ့ပါတယ်။ မန်ဒဲ လားရဲ့ နိုင်ငံရေးဘ၀မှတ်တမ်း မှာ ဗွေဆော်ဦး အကျဉ်းထောင် မှတ်တမ်းပါပဲ။

၁၉၆၂ ခုနှစ် သြဂုတ် ၅ ရက်နေ့မှာ နောက်တစ်ကြိမ် ထပ်မံဖမ်းဆီး ခံခဲ့ရပါတယ်။  အဖမ်းခံရပြီး နောက်မှာ အမှုမျိုးစုံနဲ့ တရားစွဲခံရပြီး အောက်တိုဘာ ၂၅ မှာထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ အဲဒီလို ထောင်ဒဏ်ကျခံနေဆဲ ၂ နှစ်အကြာ ၁၉၆၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာတော့ အာဖရိကန်အမျိုးသား ကွန်ဂရက်ပါတီ (ANC) မှာ ပါဝင်ပတ်သက်ခဲ့မှုတွေနဲ့ အကျဉ်းထောင်ထဲမှာ နောက်ထပ်  တရားစွဲဆိုမှုများ ထပ်မံပြုလုပ်ခဲ့ပြန်ပါတယ်။ အာဏာပိုင်တွေက ANC ဟာ နိုင်ငံအတွင်း  အကြမ်းဖက်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်း၊ မန်ဒဲလားက အဲဒီအကြမ်းဖက်ပုန်ကန်မှုတွေကို ဦးဆောင်ခဲ့ကြောင်း စွဲချက်တင်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ် ဇွန်လ  ၁၂ ရက်နေ့မှာ အဲဒီခုံရုံးမှာ  မန်ဒဲလားဟာ  ထောင်ဒဏ် တစ်သက်တစ် ကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒီနေ့စွဲချက်တင်၊ နောက်နေ့ ပြစ်ဒဏ်စီရင်ချက် အမိန့်ချခံ လိုက်ရတာပါပဲ ။

မန်ဒဲလားဟာ ၁၉၆၂ ခုနှစ်မှာဂျိုဟန်နက်စ်ဘာ့ခ်မြို့ မာရှယ်စ ကွဲယား အကျဉ်းထောင်မှာ စတင်အကျဉ်းကျခံခဲ့ရပြီး ၂ နှစ်အကြာ ၁၉၆၄ ခုနှစ်မှာ  ရိုဘင်ကျွန်းပေါ်က ပရီတိုးရီးယား (Pretoria) အကျဉ်းထောင်ကို ပြောင်းရွှေ့ပို့ဆောင်ခြင်းကို ခံခဲ့ရပါတယ်။ ၁၉၆၄ ကနေ ၁၉၈၂ ခုနှစ်အထိ  ၁၈ နှစ်လုံးလုံး အဲဒီရိုဘင်ကျွန်းအကျဉ်းထောင်မှာ အကျဉ်းကျခံခဲ့ရတာ ပါ။ ရိုဘင်ကျွန်းအကျဉ်းထောင် မှာ အကျဉ်းကျခံရလို့ တစ်နှစ် အကြာ ၁၉၆၅ ခုနှစ်မှာတော့ ထုံးကျောက်မိုင်းမှာ အလုပ်ကြမ်း လုပ်ခဲ့ရပါတယ်။ သူဟာ မျက်လုံးအ ကာအကွယ် မပါဘဲ ထုံးကျောက် မိုင်းမှာ နေ့စဉ်ကျောက်ထုခဲ့ရပါ တယ်။ နေရောင်အောက်မှာ ဖွေးဖွေးဖြူနေတဲ့ ထုံးကျောက်တွေက အလင်းရောင်ပြန်တွေဟာ သူ့ရဲ့မျက်လုံးကို ဖျက်ဆီးခဲ့တာ ကြောင့် ထောင်ကလွတ်လာပြီးတဲ့ နောက်မှာ သူဟာ အလင်းရောင် ကို မကြည့်နိုင်တော့ပါဘူး။ ညအိပ်ချိန်ကလွဲလို့ နေကာမျက်မှန် ကို အမြဲလိုလို တပ်ထားခဲ့ရပါတော့တယ် ။

ဒီလိုလောကဓံရဲ့ ရိုက်ပုတ်မှု တွေဟာ သူ့ဦးခေါင်းကို သွေးသံတွေနဲ့ ရဲရဲနီစေခဲ့ပေမယ့် သူ့ကိုဦးညွှတ်စေအောင်တော့ မတတ်နိုင်ခဲ့ပါဘူး ။ သူဟာ မာရှယ်စကွဲယား အ ကျဉ်း ထောင်မှာ စတင်အကျဉ်း ကျခံခဲ့ရတဲ့အချိန်မှာ နိုင်ငံတကာအစီအစဉ်နဲ့ ဆောင်ရွက်ပေးတဲ့ အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ်က ဥပဒေဘွဲ့ (L.L.B) ကိုစာပေးစာယူနဲ့စတင်လေ့လာခဲ့ပါတယ်။(ဒါကလည်း မြန်မာနိုင်ငံတော်ရဲ့ အကျဉ်းထောင်စနစ်နဲ့တော့ အတော်ကွာခြားတဲ့ အခြေအနေပါပဲ)။ ရိုဘင်ကျွန်းပေါ်က ပရီတိုးရီးယား (Pretoria) အကျဉ်းထောင်မှာ၁၈ နှစ်တိုင်တိုင် အကျဉ်းကျနေချိန်မှာလည်း နေ့ပိုင်းမှာ ခြေထောက်မှာ သံခြေချင်းတန်းလန်းနဲ့ ကျောက်တုံးတွေထု၊ ညပိုင်းမှာ ဥပဒေစာအုပ်တွေကို လေ့လာဖတ်ရှု ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်မှာ သူဟာ ရိုဘင်ကျွန်းအကျဉ်းထောင်ကနေ ကိပ်တောင်းမြို့ ပူးလ်မိုးရ် အကျဉ်းထောင်ကို ရွှေ့ပြောင်း ခံခဲ့ရပြန်ပါတယ်။ အဲဒီမှာ ခြောက်နှစ် နေခဲ့ရချိန်မှာ သူနေထိုင်ရတဲ့ အိပ်ရတဲ့ အခန်းကျဉ်း ကလေးဟာ အလွန်စွတ်စို ထိုင်းမှိုင်းတဲ့အတွက်ကြောင့် သူ့မှာ အဆုတ်ရောဂါကို ပြင်းပြင်း ထန်ထန်ခံစားခဲ့ရပါတယ်။ ထူးခြားတာက ပူးလ်မိုး ရ်အကျဉ်းထောင်ရဲ့ ထောင်ပိုင်အရာရှိ ဗိုလ်မှူးချုပ် မန်ရိုက ခွင့်ပြုပေးတဲ့အတွက် မန်ဒဲလားဟာ အကျဉ်းထောင်အမိုး ပေါ်မှာ ပန်းပင်လေးတွေ စိုက်ပျိုး ထားခွင့်ရခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာတော့ ဗစ်တာ ဘာစတာ အကျဉ်းထောင် ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒီထောင်ကတော့ ၁၉၈၈ ကနေ ၁၉၉၀ ခုနှစ် သူလွတ်မြောက် လာချိန်အထိ နောက်ဆုံး နေထိုင်ခဲ့ရ တဲ့ အကျဉ်းထောင်ပါပဲ။

သူဟာလည်း တကယ့်ကိုInvictus  စိတ်ဓာတ်ပိုင်ရှင်ပါ။ လောကဓံရဲ့ ထုနှက်မှုတွေဟာသူ့အတွက် ပြင်းထန်လွန်းလှပါ တယ်။ ဒါပေမဲ့ အဲဒီထုနှက်မှုတွေ ဟာ သူ့ရဲ့ ရုပ်ခန္ဓာကိုသာ ထိခိုက်ချွတ်ယွင်းစေနိုင်ခဲ့ပေမယ့် သူ့ရဲ့ခိုင်ကျည်လွန်းတဲ့ သံမဏိစိတ်ဓာတ် ကိုတော့ အစင်းအခြစ်တောင် မပွန်းမထင်းစေနိုင်ခဲ့ပါဘူး။ သူ့ရဲ့မဆုတ်မနစ်တဲ့ လုံ့လ၊ ၀ီရိယ၊ ဇွဲတို့နဲ့ကြိုးပမ်း အားထုတ်မှုကြောင့် ထောင်ထဲမှာပဲ သူ့ရဲ့ဥပဒေဘွဲ့ ကို ဖြေဆိုရယူနိုင်ခဲ့ပါတယ်။ အဲဒီအပြင်သူဟာ အသွေးအရောင်စုံ ပါဝင်တဲ့ ညီညွတ်သော ဒီမိုကရက်တစ်တပ်ဦး (UDF)ရဲ့ နာယကအ ဖြစ်လည်း ခန့်အပ် ခံခဲ့ရပါတယ်။

၁၉၈၀ အလွန်နှစ်တွေက တော့ တောင်အာဖရိက နိုင်ငံအတွင်း ပဋိပက္ခ အဓိကရုဏ်းများနဲ့ ဆူပူအုံကြွမှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ အချိန်ကာလတွေပါ ပဲ။ အများစုဟာ ပြည်တွင်းစစ်ဖြစ်တော့မလားလို့တောင်မှ တွေးတောစိုးရိမ်နေခဲ့ကြပါတယ်။ နိုင်ငံရေး လှုံ့ဆော်သူတို့ရဲ့ ဖိအားတွေ အောက်မှာ နိုင်ငံတကာရင်း နှီးမြှုပ်နှံမှုတွေ ပိတ်ဆို့ခံရပြီး နိုင်ငံရဲ့ စီးပွားရေးတန့်ရပ်သွားတဲ့အတွက် ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများမှာ စီးပွားရေးပြဿနာတွေ၊ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ရင် ဆိုင်လာကြရပါတယ်။ ဆင်းရဲမွဲတေမှုဟာ ရုတ်ခြည်းမြင့် တက်လာခဲ့ပါတယ်။ ဒီအခြေအနေမှာ ပြည်သူ လူထုရဲ့ဒေါသတွေဟာ အကြီးအကျယ် ပေါက်ကွဲခဲ့ကြတော့တာပါပဲ။ ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေ ပေါ်ပေါက်လာတော့တာပါပဲ။

ဒီလို အခြေအနေဆိုးကနေ ရုန်းထွက်နိုင်ဖို့အတွက် အဖြေကတစ်ခုပဲ ရှိခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆာင်တွေဟာ မန်ဒဲလားကို ထောင်ကနေလွှတ်ပေး ဖို့ တောင်အာဖရိက သမ္မတပီ.ဒဗလျူဘိုသာကို စိုက်လိုက်မတ် တတ် ဖိအားပေးနေခဲ့ကြပါတယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဘဏ်တွေကလည်း မန်ဒဲလားကိုလွှတ်ပေးပြီး နိုင်ငံရေးတည်ငြိမ်မှုကို တည်ဆောက်ဖို့ သမ္မတဘိုသာ ကို တိုက်တွန်း နေခဲ့ကြပါတယ် ။     

အခြေအနေရဲ့ တောင်းဆိုမှုကို ဘယ်လိုမှ မငြင်းသာတော့တာ ကြောင့် ၁၉၈၅ ခုနှစ်ထဲမှာ သမ္မတ ဘိုသာဟာ နယ်လ်ဆင် မန်ဒဲလားကို ‘မည်သည့် အခြေအနေတွင်မှ အကြမ်းဖက်မှုများအား နိုင်ငံရေး လက်နက်အဖြစ် အသုံးမချလျှင်’အကျဉ်းထောင်မှ လွှတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ရပါတယ်။မန်ဒဲလားကတော့ တားမြစ်ချုပ်ချယ်မှုတွေပါနေတဲ့ ဒီကမ်းလှမ်းချက်ကို အသိအမှတ်မပြုခဲ့ဘဲ ငြင်းပယ်ခဲ့ပါတယ် ။ သူ့သမီးဖြစ်သူ ဇဲင်းဇီကတစ်ဆင့် ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာ အာဖရိကန်အမျိုးသားတို့ရဲ့ နိုင်ငံရေး အဖွဲ့ အစည်းဖြစ်တဲ့ ANC ကိုတားမြစ်ပိတ်ပင်ထားပြီး ကျုပ်ကိုလွတ်မြောက်ခွင့်ပေးမယ်ဆိုပြီး လာကမ်းလှမ်းတာဟာ ဘယ်လိုကမ်းလှမ်းချက်မျိုးလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။  အဲဒီအပြင် သတင်းထုတ်ပြန်ချက်မှာ လွတ်လပ်သူ တို့ချင်းသာ စေ့စပ်ဆွေး နွေး ညှိနှိုင်းနိုင်မယ်၊ အကျဉ်းကျခံနေရသူတစ်ဦးဟာ သဘောတူ စာချုပ်ထဲမှာ လက်မှတ်ထိုးဖို့ မဖြစ်နိုင်ဘူးလို့လည်း သမ္မတဘိုသာကို တုံ့ပြန်ခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ မန်ဒဲလားဟာ ဆီးကျိတ်ရောင်ရမ်းမှုကို ခွဲစိတ်ကုသခံခဲ့ရပါတယ်။  ဒါပေမဲ့ သူ့ရဲ့ အကျဉ်းစံဘ၀ အမှောင်ထုထဲကို အလင်းရောင်တန်းတွေက ထိုးဝင်စပြုလာခဲ့ပါပြီ။ တောင်အာဖရိက ရဲ့ ပြဿနာတွေကို ပြေလည်စေ ဖို့ ကြားဝင်စေ့စပ်ဆွေးနွေးပေးဖို့ ရောက်လာကြတဲ့ အပြည်ပြည် ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ဝင် ကမ္ဘာ့သြဇာကြီး ပုဂ္ဂိုလ်ခုနစ်ဦး ဟာ သူ့ကိုအကျဉ်းထောင်မှာ လာရောက် တွေ့ဆုံခဲ့ကြပါတယ်။  အဲဒီလို အကျဉ်းစံရဲ့အမှောင်ထုကို  အလင်းတန်းတွေ စတင်ထိုးဝင်လာ ခဲ့ချိန်မှာ သမ္မတအိမ်တော်မှာ တော့ ပီတာဘိုသာအတွက် အမှောင်ရိပ်တွေက တဖြည်းဖြည်း ကြီးစိုးလာခဲ့ပါတယ်။ သမ္မတဘို သာဟာ သူ့ရဲ့နိုင်ငံတော် သမ္မတ ရာထူးကို ဆက်လက်ထိန်းသိမ်း နိုင်ဖို့ မတတ်နိုင်ခဲ့ဘဲ ဒီကလာ့ခ် (F.W. de Klerk) ကို သမ္မတအရိုက် အရာ လွှဲပြောင်းပေးခဲ့ရပါတယ်။ သမ္မတသစ် ဖြစ်လာခဲ့တဲ့ ဒီကလာ့ခ်ဟာ အာဖရိကန်အမျိုးသားကွန်ဂ ရက် (ANC) က ဖမ်းဆီးခံအကျဉ်း သား အမြောက်အမြားကိုပြန်လွှတ်ပေးခဲ့ပါတယ်။ အကြောင်းကတော့ သမ္မတဟောင်းပီတာဘိုသာ အတင်းအကျပ်ဖက်တွယ် ဆုပ်ကိုင်ထားခဲ့တဲ့ အသားအရောင်ခွဲခြားတဲ့စနစ် (Apartheid) ဟာ ရှေ့ဆက်အလုပ်မဖြစ်နိုင်တော့ဘူး ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့လို့ပါပဲ။

၁၉၈၉ခုနှစ် နိုဝင်ဘာမှာဥရောပက ဘာလင်တံတိုင်းကြီး ကို ဖြိုချခဲ့ကြပါတယ်။ အရှေ့ ကမ္ဘာနဲ့ အနောက်ကမ္ဘာ၊ ကွန်မြူနစ်စနစ်နဲ့ အရင်းရှင်စနစ်၊ အာဏာရှင်ဝါဒနဲ့ ဒီမိုကရေစီဝါဒတို့အကြား စည်းသတ်ပိုင်းခြားထားတဲ့ အတားအဆီးကြီးတစ်ခုကို ဖယ်ရှားလိုက်ကြတာပါပဲ။ ဒီလုပ်ဆောင်ချက်ဟာ တောင်အာဖရိ က ခေါင်းဆောင်တွေအပေါ်များစွာသက်ရောက်မှုရှိခဲ့ပါတယ်။ သမ္မတ ဒီကလာ့ခ်ဟာ သူ့ရဲ့အစိုး ရအဖွဲ့ကို စည်းဝေးပြီး အာဖရိကန်အမျိုးသားကွန်ဂရက် (ANC )ကို တရားဝင်နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုဖို့ နဲ့ မန်ဒဲလားကိုအကျဉ်းထောင်ကလွှတ်ဖို့ အချေအတင် ဆွေးနွေးခဲ့ကြပါတယ်။ အချို့သော အစိုးရအဖွဲ့ဝင်များက ဒီကလာ့ခ်ရဲ့ အဆိုပြုချက်ကို ခါးခါးသီးသီး ဆန့်ကျင်ခဲ့ကြပေမယ့်သူဟာသူ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။သမ္မတဒီကလာ့ခ်ဟာ မန်ဒဲလားကိုသွားရောက်တွေ့ဆုံခဲ့ပြီး ရင်းနှီးစွာ စကားဆွေးနွေးပြောဆိုခဲ့ကြပါ တယ်။ ဆွေးနွေးချက်တွေကတော့ ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီမှာ ANC ကို တရားဝင်နိုင်ငံရေး ပါတီအဖြစ် အသိအမှတ်ပြုကြေညာဖို့ နဲ့ မန်ဒဲလားကို အကျဉ်းကလွှတ် ပေးဖို့ပါပဲ ။

ဒီဆွေးနွေးပွဲ အောင်မြင်ပြီးများမကြာမီမှာပဲ အနှစ်နှစ်ဆယ်ကျော် တားမြစ်ပိတ်ပင်ခြင်းခံခဲ့ ရတဲ့ မန်ဒဲလားရဲ့ ရုပ်ပုံလွှာတွေ ဟာ တောင်အာဖရိကမှာ ရိုက်နှိပ်ထုတ်ဝေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီမှာတော့ မာဒီဘာ မန်ဒဲလားဟာ ဗစ်တာ ဘာစတာအကျဉ်းထောင် တံခါးဝကနေ ထွက်လာခဲ့ပြီး တောင်အာဖရိကရဲ့ တရားဝင်နိုင်ငံရေး စင်မြင့်ထက်ကို တက်လှမ်းလာခဲ့ပါတော့တယ် ။ အဲဒီကနေမှ ၁၉၉၄ ခုနှစ်မှာတော့ သူဟာ ရွေးကောက်တင်မြှောက်ခံ သမ္မတကြီးအဖြစ်ကို ရောက်ရှိခဲ့ပြီး တောင်အာဖရိကနိုင်ငံသစ်ရဲ့ ဖခင်ကြီး ဖြစ်လာခဲ့ရပါတော့တယ်။

ဒီလို သမ္မတဘ၀ ရောက်လာခဲ့ချိန်မှာလည်း သူဟာ ပန်းမွေ့ရာရွှေကော်ဇောမှာ မထိုင်နိုင်ခဲ့ပါဘူး။ ထောင်က ထွက်လာလာချင်း မှာ နိုင်ငံနဲ့ တစ်ဝန်းဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်စဲရေးအတွက် အပြင်းအထန် ကြိုးပမ်း အားထုတ်ခဲ့ရသလို သမ္မတအဖြစ်ကို ရခဲ့ချိန်မှာလည်း နိုင်ငံရဲ့ စီးပွားရေးကျဆင်းနေမှု ကို ဆွဲတင်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပြဿနာများကို ဖြေရှင်းနိုင်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲခေါ်နိုင်ရေးစတာတွေ ကို မနားမနေ လုပ်ဆောင်နေခဲ့ရ ပါတယ်။ အဲဒီအပြင်  လူဖြူ၊လူမည်း မုန်းတီးမှုတွေကို အပြီးတိုင် ရပ်စဲနိုင်ဖို့ကိုလည်း အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ရပါတယ်။

 တောင်အာဖရိကမှာ နှစ်ပေါင်းများစွာ လူဖြူတွေရဲ့ ဖိနှိပ်ချုပ်ချယ်ခြင်းတွေဟာ အာဖရိကန်အမျိုးသားများရဲ့ နှလုံးသား တွေကို  နက်နက်ရှိုင်းရှိုင်း ဒဏ်ရာရနေစေခဲ့တာပါ။ လူဖြူတွေက လူမည်းတွေအပေါ်ခွဲခြား ဆက်ဆံခဲ့ သလောက် လူမည်းတွေကလည်း လူဖြူတွေကို ခါးသီးမုန်းတီး နေခဲ့ကြပါတယ် ။  ပေဖြစ်တုန်းမှာ ခံခဲ့ရသမျှ တူဖြစ်ခိုက်မှာ အပြတ်နှံမယ်ဆိုတဲ့ စိတ်ထားရှိကြတဲ့ ANC အဖွဲ့ဝင်များဟာ လူဖြူအစိုးရ အရာရှိကြီးများကို အစိုးရသစ်မှာ ပြန်လည်တာဝန်ပေးအပ်ရုံမျှမက သမ္မတ ဒီကလာ့ခ်ကိုပါ ဒုတိယသမ္မတအဖြစ် ပြန်လည်တာဝန်နှင်း အပ်ထားတဲ့ မန်ဒဲလားအပေါ် ငြိုငြင်အပြစ်တင်ခဲ့ကြပါတယ် ။ လူဟောင်း၊ လူသစ် ၊ လူဖြူ၊ လူမည်း ပြဿနာတွေဟာ မန်ဒဲလားရဲ့ သမ္မတရုံးခန်းထဲမှာအထိကြီးမားနက်ရှိုင်းစွာ တည်ရှိနေခဲ့ပါ တယ် ။ ဒါပေမဲ့ မန်ဒဲလားဟာ သူ့ကို စဉ်ဆက်မပြတ် ထောက်ခံခဲ့တဲ့ လူရင်းတွေရဲ့ ငြိုငြင်မှုကိုခံပြီး နိုင်

ငံသားတိုင်းရဲ့ ရင်ထဲက ဆူးကို နုတ်ပေးခဲ့ပါတယ်။ မန်ဒဲလားရဲ့ အားထုတ်မှုကြောင့် ၁၉၉၅ မှာ  ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားရပ်ဘီပြိုင်ပွဲမှာ တောင်အာဖရိကရဲ့ လူဖြူရပ်ဘီ အသင်း စပရင်းဘော့ခ်ဟာ နိုင်ငံကို ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ အဲဒီကမ္ဘာ့ဖလားဖိုင်နယ်ပွဲဟာ တောင်အာဖရိကနိုင်ငံ သစ်ရဲ့ နိုင်ငံတော်တေးသွားကို အာဖရိကန်များရော လူဖြူများပါ အူလှိုက်သည်းလှိုက် ရင်ဖွင့် သီဆိုခဲ့ကြ၊ ဖလားရတဲ့ အချိန်မှာ လည်း တောင်အာဖရိက တစ်နိုင်ငံလုံး လူဖြူ၊ လူမည်းမကွဲမပြား  လမ်းမတွေပေါ်ကို ထွက်အောင်ပွဲခံ ခဲ့ကြ၊ တစ်ဦးကိုတစ်ဦး ပွေ့ဖက်အောင်ပွဲခံခဲ့ကြနဲ့  နိုင်ငံသစ် ရုပ်လုံးဖော်ခဲ့တဲ့ နေ့တစ်နေ့ပါပဲ။

အဲဒီအောင်ပွဲ မတိုင်ခင်မှာ ကိုယ့်အသင်းထက် အဆပေါင်းများစွာ သာလွန်တဲ့ နယူးဇီလန်ရပ်ဘီ အသင်းကို ရင်ဆိုင်ယှဉ်ပြိုင်ရာမှာ မတွန့်ဆုတ်တဲ့ ခွန်အားဖြစ်စေဖို့ သမ္မတမန်ဒဲလားက စပရင်းဘော့ခ်ရပ်ဘီ အသင်းခေါင်းဆောင်ဖရန်ဆွာပီးနေးကို လက်ဆောင် တစ်ခုပေးအပ်ခဲ့ပါတယ်။ စာရွက်ပေါ်မှာ သူကိုယ်တိုင်လက်ရေးနဲ့ ရေးသားပေးအပ်ခဲ့တဲ့ အရာကတော့ ဟင်နလေရဲ့ Invictus ကဗျာပါပဲ။ ရိုဘင်ကျွန်းမှာ အကျဉ်းကျခံနေရစဉ်၊ ထုံးကျောက်တောင်မှာ အလုပ်ကြမ်းလုပ် ကျောက်ထုနေခဲ့ရစဉ်မှာ သူ့ကိုယ်သူအားပေးခဲ့ရတဲ့ ‘အနိုင်မခံ’ဆိုတဲ့ကဗျာလေးပါပဲ ။              ။

(ဆောင်းပါးရှင် ထင်လင်းဦး(Wisdom Villa)သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် နိုင်ငံရေးဝေဖန်သုံးသပ်ချက်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်းပါးများ၊ စာတမ်းများ၊ ၀တ္ထုများရေးသားနေသူဖြစ်သည်။)

(ဆက်လက်ဖော်ပြပါမည်)

Top News