အသက်တစ်ချောင်းအတွက် လိုအပ်နေသော လှေကားများ

ကန်ထရိုက်တိုက်တစ်တိုက်၏ ပျက်စီးနေသော လှေကားတစ်ခုကို တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ကမ္ဘာ့လုံခြုံမှုမရှိဆုံး မြို့များ စာရင်းတွင် ရန်ကုန်သည် ဒုတိယ ချိတ်ပါသည်။ ရန်ကုန်အောက် တွင် ကရာချိမြို့ (ပါကစ္စတန်) သာရှိတော့သည်။ ဗြိတိန်အခြစိုက် စီးပွားရေး ခန့်မှန်းမှုနှင့် အကြံပေး ရေးအဖွဲ့ (The Economist Intelligence Unit) ၏ ၂၀၁၇ နှစ် ကုန်ပိုင်းက ထုတ်ပြန်ချက်ကို ရန်ကုန်လူထုက ထွေထွေထူးထူး စောဒက မတက်ပါ။ ကြောက် မက်ဖွယ် မှုခင်းများအဖြစ်များလာ သော ရန်ကုန်တွင် အိမ်တံခါးကို ခါတိုင်းထက် ပိုပိတ်လာကြသည်။ သို့သော် အိမ်ထဲတွင် ထိုင်နေရင်း ဖြင့်ပင် မလုံခြုံမှု ခံစားရသော လူတန်းစားတစ်ရပ် ရန်ကုန်တွင် ရှိနေပြန်သည်။ အထပ်မြင့်တိုက် ခန်းများတွင် နေထိုင်သော လူ တန်းစားတစ်ရပ်ဖြစ်သည်။ ငလျင် နှင့် မီးဘေးကဲ့သို့ အန္တရာယ်များ ကြုံလာပါက တိုက်အောက်သို့ အန္တရာယ်ကင်းကင်း ရောက်ပါ့မ လားဟူသည့် မေးခွန်းက ခြောက် လှန့်နေသောကြောင့်ဖြစ်သည်။

မေလဆန်းက ရန်ကုန်မြို့ လယ်ကောင်တွင် လောင်ကျွမ်း သော မီးလောင်မှုအပြီး မေးခွန်း သံ ပိုကျယ်လာသည်။ အိမ်ရှေ့ ထွက်ပေါက်တွင် မီးလောင်နေ၍ အနောက်ဘက်သို့ ထွက်ပြေး သော်လည်း အရေးပေါ်လှေကား မရှိ၍ ကြောက်လန့်တကြားဖြစ် နေသူများ၏ ဗီဒီယိုဖိုင် လူမှုကွန် ရက်စာမျက်နှာများပေါ် ပျံ့နှံ့ခဲ့ သည်။ အဆိုပါဖြစ်ရပ်သည် အ ထပ်မြင့်နေသူများကို ၎င်းတို့၏ နောက်ဖေးတံခါး ဖွင့်၍ အရေးပေါ် လှေကားအား ငုံ့ကြည့်စေခဲ့သည်။

‘‘အဲဒီဗီဒီယိုဖိုင်ကြည့်ပြီးတဲ့ အခါ နောက်ဖေးတံခါးကိုဖွင့်ပြီး အရေးပေါ်လှေကားကို ငုံ့ကြည့်မိ တယ်။ ဒါပေမဲ့ အဲဒီလှေကားခိုင်၊ မခိုင် ကျွန်တော်စမ်းပြီး မဆင်းရဲ ဘူး’’ ဟု စမ်းချောင်းမြို့နယ် ခြောက်လွှာတိုက်ခန်းတွင် နေထိုင် သူကိုမျိုးကျော်က ပြောသည်။

အရေးပေါ် လှေကားများရှိ သော်လည်း အသုံးပြုရန် ခက်ခဲနေသည့် အခြေအနေဖြစ်သည်။ အရေးပေါ်လှေကားသုံးမရသဖြင့် နောက်ဖေးတံခါးပေါက်ကို အ သေပိတ်ထားရသည်ဟု လှိုင်မြို့ နယ် (၅) ရပ်ကွက်နေ ဦးဝင်းသိန်း ကပြောသည်။

‘‘အရေးပေါ်ရောက်မယ့်လှေ ကား’’ ဟု ၎င်းကဆိုသည်။

အရေးပေါ်လှေကားလုံးဝမရှိ သည့် ဒေါပုံမြို့နယ်ရှိ ရှစ်ထပ် တိုက်တွင် နေထိုင်သူ ဒေါ်မီမီလွင် က နောက်တစ်ခါအိမ်ပြောင်းလျှင် အရေးပေါ် လှေကားပါသည့်အိမ် ရှာငှားမည်ဟု ဆိုသည်။

လက်ရှိနေထိုင်သည့်တိုက် တွင်  အရေးပေါ်လှေကား မရှိခြင်း ကြောင့် မီးဘေးနှင့် ငလျင်လှုပ် ချိန်၌ များစွာထိတ်လန့်ရသည် ဟု လှိုင်မြို့နယ်နေ ဦးလှအေးက ဆိုသည်။

ဆန်းဒါးလန်းနှင့် နယူး ယောက်တွင် လူရာဂဏန်းအထိ သေဆုံးခဲ့သော မီးလောင်မှုများ ကြောင့် လွန်ခဲ့သော အနှစ်တစ် ရာကျော်ကတည်းက အရေးပေါ် ထွက်ပေါက်နှင့် အရေးပေါ်လှေ ကားများ ထားရှိရကောင်းမှန်း သတိပြုမိခဲ့ကြသည်။

မြန်မာနိုင်ငံတွင်မူ ကန်ထ ရိုက်တိုက်ခန်းများ၊ အထပ်မြင့် တိုက်ခန်းများတွင် နောက်ဖေးလှေ ကားဟု လူသိများသည့် အရေး ပေါ်လှေကား တပ်ဆင်ရန် ၂၀၁၃ နောက်ပိုင်းတွင်မှ မီးသတ်ဦးစီး ဌာနက ညွှန်ကြားခဲ့သည်။

‘‘အရေးပေါ်ထွက်ပေါက်နဲ့ အရေးပေါ်လှေကားကို အဓိက တပ်ဆင်ခိုင်းထားတာပါ’’ ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦး စီးမှူးရုံး ဒုညွှန်ကြားရေးမှူး ဦးမြင့် စိုးက ပြောသည်။

အရေးပေါ် ထွက်ပေါက်၊ အ ရေးပေါ်လှေကားနှင့် ပတ်သက်၍ သုံးထပ်နှင့် အထက်တိုက်ခန်းများ အားလုံးတွင် မည်သို့ဆောင်ရွက်ရ မည်ကို အသေးစိတ်ဖော်ပြထား သည်။ အရေးပေါ်လှေကားအ တွက် ခေါက်ချိုးပုံ လှေကားကို အုတ်၊ အင်္ဂတေတို့ဖြင့် တည် ဆောက်ရမည်၊ လှေကားခွင်အ ကျယ် တစ်ပေခွဲ၊ လှေကားတစ် ထစ်ချင်း၏အမြင့် ၁၀ လက်မ ထက်မပိုရ၊ လှေကားထစ်တစ်ခု ခြင်းစီ၏ မျက်နှာပြင်အကျယ် ခြောက်လက်မထက် မနည်းရဟု မီးသတ်ဦးစီးဌာနက ညွှန်ကြား ချက် ထုတ်ပြန်ထားသည်။ လှေ ကားအတက်အဆင်း အန္တရာယ် ကင်းစေရန် ခိုင်ခံ့သောလက်ရန်း များ တပ်ဆင်ရမည်ဟု ဖော်ပြထား သည်။ ထို့အပြင် အရေးပေါ်ထွက် ပေါက်နှင့်ပတ်သက်၍ တိကျ သည့် သတ်မှတ်ချက်များ ပြဋ္ဌာန်း ထားသည်။ ထွက်ပေါက်တစ်ခု၏ အကျယ်အဝန်းက အနည်းဆုံး နှစ် ပေနှင့် အမြင့်ခြောက်ပေခွဲထား ရှိပြီး တည်ဆောက်ရန် ညွှန်ကြား ချက်ကဆိုသည်။

၂၀၁၅ တွင် မီးသတ်ဥပဒေ ထုတ်ပြန်ပြီးနောက် ဆောက်လုပ် သည့် တိုက်များ၌ အရေးပေါ် လှေကားတပ်ဆင်ရမည့် ညွှန် ကြားချက်များက ခိုင်မာလာသည်။ ယင်းဥပဒေတွင် အထပ်မြင့်တိုက်၊ ကန်ထရိုက်တိုက်များ တည် ဆောက်မည်ဆိုပါက အရေးပေါ် လှေကားတပ်ဆင်ထားခြင်း မရှိ လျှင် အရေးယူမည့် ပြစ်ဒဏ်များ ပါရှိကြောင်း ဦးမြင့်စိုးက ပြော သည်။

တိုက်ခန်းများတည်ဆောက် ရာတွင် ကန်ထရိုက်များအနေဖြင့် မြေနေရာအကန့်အသတ်ရှိသော် လည်း အရေးပေါ်လှေကားကို အဆင်ပြေအောင် ထည့်သွင်းပေး ရန် လိုအပ်သည်ဟု မြို့ပြနှင့် အိမ် ယာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုအင် ဂျင်နီယာမှူးကြီး တစ်ဦးကလည်း ပြောကြားသည်။

အရေးပေါ်လှေကားနှင့် ပတ် သက်၍ ညွှန်ကြားချက်ကို ၂၀၁၃ နောက်ပိုင်းတည်ဆောက်သော ကန်ထရိုက်တိုက် အများစုက မီး သတ်ဌာန ညွှန်ကြားချက်ကို လိုက် နာသည်ဟု မရမ်းကုန်းမြို့နယ် တွင် တိုက်ခန်းများ တည်ဆောက် ခဲ့သူ ကန်ထရိုက်တာ ဦးမင်းသူက ပြောသည်။

သို့သော် အချို့သည် အရေး ပေါ်လှေကားကို အုတ်၊ အင်္ဂတေ များ အသုံးပြုတည်ဆောက်သော် လည်း လှေကားလက်ရန်းများကို အရည်အသွေးညံ့သည့် သံပိုက် များ အသုံးပြုပြီး အပိုငွေရရှိအောင် ပြုလုပ်မှုများ ရှိသည်။

ခြောက်ထပ်ရှိသော ကန်ထ ရိုက်တိုက်တစ်လုံးတွင် အရေး ပေါ်လှေကား လက်ရန်းအတွက် အရည်အသွေးပိုင်း လျှော့ပြီးတည် ဆောက်မည်ဆိုပါက ကျပ်နှစ် သိန်းမှ သုံးသိန်းအထိ တည် ဆောက်သူ ကန်ထရိုက်အတွက် သက်သာခွင့်ရရှိကြောင်း အင်းစိန် မြို့နယ်တွင် ခြောက်ထပ်တိုက် တည်ဆောက်ခဲ့သည့် ကန်ထရိုက် တစ်ဦးက ဆိုသည်။

‘‘ကိုယ်ကျိုးအတွက်တစ်ခု တည်းကို မကြည့်ဘဲ ဒီတိုက်မှာနေ တဲ့ မိသားစုတွေကို ကိုယ့်မိသားစု လို သဘောထားပြီး တကယ့်အ ရေးအကြောင်း ကြုံတဲ့အခါ လွတ် မြောက်ရာ လမ်းတစ်ခုအဖြစ် ဘေးကင်းစွာ သုံးစွဲနိုင်ဖို့အတွက် ပြုလုပ်ပေး စေချင်ပါတယ်။ တာ ဝန်ရှိသူတွေ အနေနဲ့ကလည်း တကယ့်ကို ထိရောက်စွာ စစ်ဆေး ကြပ်မတ်ပြီး အရည်အသွေးမပြည့် မီရင် ထိရောက်တဲ့ အရေးယူမှုတွေ အပြင် ထိထိရောက်ရောက်လုပ် ဆောင်ပေးစေချင်ပါတယ်’’ ဟု Public & Family Volunteer Group မှ ကိုဖြိုးကိုကိုဇော်က ပြောသည်။

နောက်ဖေးလမ်းကြားဆင်း ရန် အရေးပေါ်လှေကားတပ်ဆင် ရာတွင် စတင်တည်ဆောက်စဉ်က သတ်မှတ်ပေးထားသည့် အရည် အသွေးထိန်းချုပ်မှုအတိုင်း အမှန် တကယ်ဆောင်ရွက်ခြင်းရှိ၊ မရှိ စစ်ဆေးသည့်အပိုင်းက များစွာအ ရေးကြီးသည်ဟု ရန်ကုန်တိုင်း လသာမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ပြောသည်။

 လသာမြို့နယ်ရှိ အမက (၂) စာသင်ကျောင်းတွင် အရေး ပေါ်လှေကား တပ်ဆင်ထားခြင်း က အသုံးပြုသူများအတွက် အ ဆင်ပြေကောင်းမွန်ကြောင်း ၎င်း ကဥပမာပေးသည်။

သို့သော်ထိုသို့ ကောင်းမွန် စွာ တည်ဆောက်ထားသည့် အ ရေးပေါ်လှေကားများက အနည်းစု ဖြစ်ပြီး အများစုက သတ်မှတ်ချက် ရှိနေခြင်းကြောင့် ထည့်သွင်းတည် ဆောက်သော်လည်း အမှန်တ ကယ် အသုံးပြုရန် မဖြစ်နိုင်ဟု တိုက်ခန်းနေ ပြည်သူအများစုက ဆိုသည်။

တိုက်များ တည်ဆောက်ရာ တွင် ပုံမှန်အတက်၊ အဆင်းလုပ် မည့် လှေကားကိုသာ အဓိကထား တည်ဆောက်ပြီး အရေးပေါ်သုံးရ မည့်လှေကားကို အဖြစ်လုပ်ကြ သည်ဟု ဦးဇော်ဝင်းနိုင်က ပြော သည်။

သက်ဆိုင်ရာကလည်း အဆို ပါ အခြေအနေမျိုးကို စစ်ဆေးပြီး အရေးယူမှုများဖြင့် ဆောင်ရွက် သင့်ကြောင်း ၎င်းကဆိုသည်။

‘‘လူတွေအရေးကြီးတဲ့အချိန် မှာ အသုံးပြုရမယ့်ဟာလို့ စဉ်းစား ပြီး စစ်ဆေးခဲ့မယ်ဆိုရင် ဒီဟာ တွေက ဒီလောက်များမယ်လို့ ကျွန်တော်မထင်ဘူး’’ ဟု ဦးဇော် ဝင်းနိုင်က ပြောသည်။

အရေးပေါ်လှေကားများ၏ လက်ရှိပြဿနာအများစုက လက် ရန်းပြဿနာဖြစ်သည်ဟု ကန်ထ ရိုက်တာများက ပြောသည်။ ကန် ထရိုက်ဘက်မှ ငွေကုန်သက်သာ ရန် အရည်အသွေးပိုင်းလျှော့၍ ထည့်သွင်း တည်ဆောက်သကဲ့သို့ တိုက်ခန်းနေထိုင်သူများ၏ ထိန်း သိမ်းမှုနှင့် သက်ဆိုင်ကြောင်း ထောက်ပြမှုများရှိသည်။

အရေးပေါ်လှေကားများကို တိုက်ခန်းနေထိုင်သူများအနေဖြင့် သုံးနှစ်တစ်ကြိမ် ဆေးသုတ်ခြင်း၊ လက်ရန်းများ ခိုင်ခံ့မှုကို စစ်ဆေး လဲလှယ်ခြင်းတို့ ပြုလုပ်ပေးသင့် သည်ဟု ကန်ထရိုက်အချို့က ပြောသည်။

ဟောင်းနွမ်းနေသည့်အရေး ပေါ်လှေကားများကို ပြင်ဆင်လို သူများရှိသော်လည်း တစ်ဦးတည်း သဘောဆန္ဒနှင့် မပြီးခြင်းက အ ခက်အခဲတစ်ခုပင်။

‘‘ပြင်မယ်ဆိုရင် အငှားနေ တာဆိုတော့ တခြားအခန်းတွေက ပြင်ချင်ဦးမှလေ’’ ဟု မမီမီလွင်က ပြောသည်။

လက်ရှိတည်ဆောက်နေ သည့် အထပ်မြင့်တိုက်များပြီး၍ လူနေထိုင်ခွင့် လျှောက်ထားပါက လေဝင်၊ လေထွက်ကောင်းပြီး အရေးပေါ်လှေကားပါမှ လက်ခံကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးစီးအရာရှိတစ်ဦးက ပြောသည်။

အရေးပေါ်လှေကား ရှိ၊ မရှိ  စစ်ဆေးမှုများရှိလာသည်ကို ကြို ဆိုသော်လည်း ယခင်က ဆောက် လုပ်ခဲ့သည့် တိုက်ခန်းများတွင် အရေးပေါ်လှေကားမရှိခြင်း၊ ရှိ သော်လည်း အသုံးပြုမရသည့် အ ရေးကို အစိုးရနှင့် လွှတ်တော်ပိုင်း ကပါ အလေးထားစေလိုကြောင်း အကြံပြုမှုများ ရှိလာသည်။‘‘အခုဆောက်တာတွေကို စစ်တာ ကောင်းပါတယ်။ အရင် ကအရေးပေါ်လှေကား မပါဘဲ ဆောက်ခဲ့တာတွေကို လည်းကွင်း ဆင်းစစ်ဆေးပြီး အရေးပေါ် လှေ ကားမဖြစ် မနေပြန်တပ်ဖို့အစိုးရ က ညွှန်ကြားသင့်ပါတယ်’’ ဟု စမ်းချောင်းမြို့နေ ကိုဝေယံက ပြောသည်။

မြေရှင်နှင့်တိုက်ခန်းများတွင် နေထိုင်သူများ အရေးပေါ်လှေ ကားကိစ္စ ညီညွတ်ရန်အစိုးရက ကြားဝင်ညှိနှိုင်းပေးသင့်ကြောင်း ၎င်းကပြောသည်။

‘‘နောက်ဖေးလမ်းကြားကို အမှိုက်မပစ်ဖို့ ပညာပေးကြတယ်။  ဒါကောင်းပါတယ်။ အရေးပေါ် ရင် ထွက်ပြေးရမယ့် အရေးပေါ် လှေကားကိစ္စကို ပညာပေးရင်၊ ဒီ  လှေကားတွေ ကောင်းသွားရင်လူ တွေရဲ့အသက် အန္တရာယ်အတွက်  အလွန်အကျိုးရှိမယ့်ကိစ္စပါ’’ ဟု ကိုဝေယံက ပြောသည်။

၂၀၁၃ ရှေ့ပိုင်းက ရန်ကုန် မြို့တွင် တည်ဆောက်ခဲ့သည့် တိုက်ခန်းများ၌ အရေးပေါ်လှေ ကားပြဿနာကြုံတွေ့နေရသည်။  အရေးပေါ်လှေကား တပ်ဆင် ထားမှုမရှိခြင်း၊ တပ်ဆင်ထား သည့် လှေကားများကလည်း လူ တစ်ဦးအသုံးပြုရန် ခိုင်ခံ့မှုအ တွက် မေးခွန်းထုတ်စရာဖြစ်နေ  သည်။  ယခင်က တည်ဆောက်ခဲ့ သည့် အထပ်မြင့်အဆောက်အအုံ  များတွင် အရေးပေါ်လှေကား ထည့်သွင်းတည်ဆောက်ရေးက  မလွယ်ကူသည့် အခြေအနေမျိုး ဖြစ်နေသည်။ အရေးပေါ်လှေ ကား ထည့်သွင်းတည်ဆောက် ထားသည့် တိုက်ခန်းများတွင် လည်း အရေးပေါ်အချိန်တွင်  လှေကားကို အသုံးပြုရန်မလွယ် ကူပေ။ ပန်းအိုးများအလှစိုက် ထားခြင်း၊ မလိုအပ်သည့် ပစ္စည်း မျာစုပုံထားခြင်း၊ သူခိုးအန္တရာယ် ကြောက်ပြီး အရေးပေါ်လှေကား ထွက်ပေါက် အသေပိတ်ထားခြင်း တို့ကို တိုက်ခန်းနေပြည်သူများ ကပြုလုပ်လေ့ရှိသည်။  ထိုသို့ပြု လုပ်ခြင်းသည် အရေးပေါ်အချိန် လှေကား အသုံးပြုလိုသူများအ တွက်  အန္တရာယ်များလှသည်။ တိုက်အဟောင်းများတွင်  နောက် ဖေးလှေကားမရှိခြင်းကို အရေး ပေါ်အချိန်တွင်  အဆင်ပြေစွာသုံး စွဲနိုင်ရန် အကြံပေးမှုအချို့လည်း ရှိနေသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့  နယ်အပါအ၀င် အခြားမြို့နယ် များ၌ ရှိနေသောတိုက်ဟောင်း  များတွင် အရေးပေါ်အချိန်၌ အသုံး ပြုနိုင်ရန် ကြိုးနှစ်ချောင်းအ ကြား ခြေချ၍ရသည့် ကြိုးလှေ ကားမျိုး  တပ်ဆင်ထားနိုင်သည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်အ ချို့က ပြောသည်။

သို့သော် ကြိုးလှေကားသည် လူငယ်များအတွက် အဆင်ပြေ နိုင်သော်လည်း လူကြီးများအသုံး ပြုရန် မဖြစ်နိုင်ပေ။

ထို့အပြင် လူတစ်ကိုယ်ဝင် ပြီးခုန်ချ၍ရသည့် ပိုက်လုံးမျိုးကို လည်း တပ်ဆင်နိုင်သည်။ သို့ သော် နှစ်အကန့်အသတ်ဖြင့် ထိန်း သိမ်းရန်လိုအပ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ရုံးညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောသည်။

အရေးပေါ်လှေကား မခိုင်ခံ့ မှုကြောင့် အသက်သေဆုံးခဲ့ရ သည့် သာဓကများရှိခဲ့သည်။ ၂၀၁၂ က အလုံမြို့နယ်တွင် တိုက်ခန်းတစ်ခု၏ နောက်ဖေး လှေကား  (အရေးပေါ်လှေကား)  တွင် ဖုန်းပြောနေသည့်အမျိုးသမီး  တစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။  

ထို့အပြင် ကမာရွတ်မြို့နယ်  ဟံသာရိပ်မွန်အိမ်ရာရှိ ခြောက် ထပ်တိုက် အရေးပေါ်လှေကား ဂဟေဆက်ပြုတ်ပြီး အမျိုးသား တစ်ဦး အောက်သို့ ပြုတ်ကျသေ ဆုံးခဲ့သည်။

ကမ္ဘာ့လုံခြုံမှု မရှိဆုံးမြို့များ စာရင်းတွင် ဒုတိယချိတ်သည့် ရန်ကုန်သည် အခြေခံအဆောက် အအုံ လုံခြုံမှုမရှိဆုံး စာရင်းတွင် လည်း တတိယချိတ်ပါသည်။ ရန်ကုန်အောက်တွင် ကရာချိ (ပါ ကစ္စတန်)နှင့် ဒါကာ (ဘင်္ဂလား ဒေ့ရှ်) သာ ရှိတော့သည်။

Top News