ပြည်ခိုင်ဖြိုးပါတီမှာနေရာယူပြီး အလုပ်မဖြစ်တဲ့သူတွေကိုလူစားထိုးမယ်လို့ ပါတီဥက္ကဌ ဆို

ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ နေရာယူထားပြီးအလုပ်မဖြစ်တဲ့ တဲ့သူတွေကို အမြန်ဆုံးလူစားထိုးပြောင်းလဲသွားတော့မယ်လို့ ပါတီဥက္ကဌ ဦးသန်းဌေးက ပြောလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာ ကျင်းပတဲ့ ပါတီလူငယ်ညီလာခံမှာ ပြောလိုက်တာ ပါ။ တာဝန်မယူ အလုပ်မဖြစ်ဘဲ နေရာယူထားတဲ့သူတွေကို အမြန်ဆုံးလူစားလဲပေးရမှာဖြစ်ပြီး အလားတူပဲ စေတနာရှိတယ် ၊ အရည်အချင်းရှိပေမယ့် အသက်အရွယ်အရ စိတ်သွားတိုင်းကိုယ်မပါတော့တဲ့ လူကြီးတွ ရဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်ဖို့ လူငယ်တွေ က အမြဲတမ်းအသင့်ရှိနေဖို့လိုတယ်လို့ ဦးသန်းဌေးက ဆိုပါတယ်။

ပါတီမှာ အသက်အရွယ်အရ ၊ ကျန်းမာရေးအခြေအနေအပြင် ကိုယ်ရေးကိုယ်တာတွေကြောင့် ပါတီ ရဲ့ တာဝန်တွေကို မထမ်းဆောင်နိုင်တဲ့သူတွေရဲ့နေရာမှာ အရည်အချင်းရှိတဲ့လူငယ်မျိုးဆက်သစ်တွေ တာဝန်ယူ နိုင်ဖို့အခုလို စီစဉ်တာလို့လည်း ပြည်ခိုင်ဖြိုးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။

ဒီလို ပြုပြင်းပြောင်းလဲမှုကိုတော့ သက်ဆိုင်ရာ ပြည်နယ်တိုင်းအဆင့်အပါအဝင် မြို့နယ်တွေအထိ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပါတီဌာနချူပ်မှာ လူငယ်ညီလာခံ ကို နှစ်ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။
 

Top News