ကလေးတွေအတွက် အကောင်းဆုံး Tablet ကွန်ပျူတာများ

ဇွဲရဲဝင့်

စမတ်ဖုန်းနဲ့ Tablet လို နည်းပညာ Gadget တွေကို ကလေးသူငယ်တွေ  ကိုင်တွယ်ဖို့ သင့်၊ မသင့်ဆိုတာက အငြင်းပွားစရာကိစ္စတစ်ခုပါ။ ကလေး တွေရဲ့ နုနယ်တဲ့ မျက်စိတွေကို Screen တွေက အလင်းရောင်ထိတွေ့မှု  မရှိစေချင်တာကြောင့် ဒီပစ္စည်းတွေမသုံးသင့်ကြောင်း ဝေဖန်မှုတွေရှိ သလို မှန်ကန်သင့်တော်တဲ့ App တွေကြောင့် ကလေးတွေရဲ့ တီထွင်ကြံဆမှုနဲ့ စဉ်းစားနိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်ကြောင်း ထောက်ပြမှုတွေ လည်း ရှိပါတယ်။ ဒါကြောင့် နှစ်ဖက်စလုံးက ကိုယ့်အတွေးနဲ့ကိုယ် မှန်ကန်နေတယ်လို့ဆိုရမှာပါ။

ဒီတော့ ဘက်မျှအောင် စဉ်းစားမယ်ဆိုရင် သင့်တင့်လျှောက်ပတ်တဲ့ အချိန်ကာလမျိုးထိ နည်းပညာ Gadget တွေ ပေးသုံးသလို ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်မှုကို လှုံ့ဆော်ကူညီမယ့် App မျိုးတွေ ကို မိဘတွေက ရွေးချယ်ပေးထားတာဟာ အကောင်းဆုံးရွေးချယ်မှု ဖြစ်နိုင်ပါတယ်။ စမတ်ဖုန်းတွေထက်စာရင် Screen အရွယ်အစား ကြီးမားတဲ့Tablet တွေကတော့ ကလေးတွေအတွက် ပိုပြီးသင့်တော်မှာပါ။ ကလေး တွေ အသုံးပြုဖို့အဆင်ပြေအောင် စဉ်းစားတည်ဆောက်ပေးထားတဲ့ Tablet ကွန်ပျူတာတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။


Amazon Fire HD 8 Kids Edition

ကလေးတွေရဲ့ သင်ယူနိုင်စွမ်းကို အဓိကပစ်မှတ်ထား ချဉ်းကပ်ပြီး စိတ်ကူးဖန်တီးထားတဲ့ Tablet ဖြစ်ပါတယ်။ အခြေခံပညာရပ်ဆိုင်ရာ သဘောတရားနဲ့ အကြောင်းအရာတွေ စုံစုံလင်လင်စုစည်းပေးထားသလို နောက်ထပ်ဒေါင်းလုတ်ဆွဲပြီး ဖြည့်တင်းမှုတွေလည်း လုပ်နိုင်ပါသေးတယ်။ ကလေးတွေရဲ့ အမြင်အာရုံကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လည်း စီစဉ်ပေးထားတယ်။ ဗီဒီယိုတွေကို Offline Mode နဲ့ ကြည့်လို့ရအောင် စီစဉ်ပေးနိုင်ရင် တော့ ပိုပြည့်စုံသွားမှာပါ။ ဘက်ထရီသက်တမ်းကလည်း ၁၂ နာရီလောက် ဆက်တိုက်အသုံးခံပြီး ကလေးတွေ အတွက် လိုအပ်တဲ့ eBook တွေ၊ App တွေနဲ့ ဉာဏ်ရည်အထောက်အကူပြု  ဂိမ်းတွေကို အကောင်းဆုံး ကိုင်တွယ်လည်ပတ်ပေးနိုင်မှာ ဖြစ်ပါတယ်။


Kurio Smart

ကလေးတွေကို Windows စနစ် အခြေခံနဲ့ပါ ထိတွေ့စေချင်ရင်တော့ ဒီ Tabletက အသင့်တော်ဆုံးပါ။ 1280x800 pixel Resolutionထိ မြင်ကွင်းပြတ်သားမှုထောက်ပံ့နိုင်တဲ့ Screenကလည်း Touch ပိုင်းဆိုင်ရာ ထိတွေ့တုံ့ပြန်မှုညက်ညောပါတယ်။ HDMI Support လည်း ပါဝင်တာကြောင့် ပိုကြီးမားတဲ့ Screenတွေနဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်ပါသေး တယ်။ Windows OS ကို သုံးထားတဲ့ Tablet ပီပီ သီးခြားအဖြုတ်၊ အတပ် ပြုလုပ်နိုင်တဲ့ စမတ် Keyboard ကိုပါတွဲဖက်ပေးထားပါတယ်။ ဘက်ထရီသက်တမ်းကလည်း ကျေနပ်လောက်စရာ ဆက်တိုက်အသုံးခံပါ တယ်။ USB Port တွေ မပါတဲ့အချက်ကတော့  သိပ်အဆင်မပြေပါဘူး။


Amazon Fire 7

ပေါ့ပါးပြီး အကြမ်းခံတဲ့ တည်ဆောက်ပုံကြောင့် လက်သိပ်မမြဲသေး တဲ့ ကလေးတွေအတွက်တောင် အဆင်ပြေပါတယ်။ ကျစ်လျစ်ပြီး ဈေးသက်သာတဲ့အချက်ကလည်း မိဘတွေအတွက် စိတ်ဝင်စားစရာ ဆွဲဆောင်မှုတွေဖြစ်ပါတယ်။ Amazon ဟာ Fire 7 ကို အခြေပြုထားပေမယ့် ပိုပြီးကလေးဆန်တဲ့ ဒီဇိုင်းအချိုးအဆက်မျိုးအဖြစ် ဒီ Tablet ကို ဖန်တီးခဲ့ပါတယ်။ 1240x600 Pixel Resolution ထိ ထောက်ပံ့နိုင်တဲ့ Screen၊ လက်သင့်ခံနိုင်တာထက် ပိုရှည်ကြာတဲ့ ဘက်ထရီသက်တမ်းတွေ အကုန်လုံးအဆင်ပြေပါတယ်။ Amazon ကတော့ Fire 7 ဟာ အသက်(၈)နှစ်ဝန်းကျင် ကလေးတွေအသုံးပြုရင် ပိုပြီးသင့်တော်လိမ့်မယ်လို့ မှတ်ချက် ပေးထောက်ခံထားပါတယ်။ ဗီဒီယိုတွေကို Offline ကြည့်ရှုနိုင်အောင် ဖန်တီးမပေးနိုင်တာကတော့ Amazon ရဲ့ ပုံသေ အားနည်းချက်တစ်ခုလို ဖြစ်နေဆဲပါ။


LeapFrog Epic

LeapFrog ရဲ့ Tablet ကတော့ အသက်ငယ်ငယ်ကလေးတွေအ တွက် အဓိကရည်ရွယ်စဉ်းစားထားဟန် ရှိပါတယ်။ အရွယ်အစားကလည်း လက်သေးသေးလေးတွေနဲ့ နိုင်နိုင်နင်းနင်းကိုင်တွယ်ရုံ အနေတော် လောက်ပါပဲ။ Resolution ပိုင်းမှာတော့ အားမရစရာ ဟာကွက်လေးတွေ တွေ့ရပါတယ်။ LeapFrog ရဲ့ ကလေးအခြေပြု App တွေကတော့ စုံလင်ကောင်းမွန်ပြီး Android OS ကိုလည်း ကလေးတွေအတွက် အသင့်တော်ဆုံးဖြစ်အောင် ပြင်ဆင်အသုံးပြုထားပါတယ်။ ဘက်ထရီကတော့ ငါးနာရီလောက်ပဲခံတဲ့အတွက် ခဏခဏ အားပြန်သွင်းရမယ့်သဘော မျိုးပါ။ ကလေးတစ်ယောက်ထက်မက သုံးလို့ရအောင် Profile တွေ ခွဲခြားသတ်မှတ်ထားလို့ရပါတယ်။ ဈေးကတော့ Amazon ရဲ့ ထုတ်ကုန်တွေနဲ့ ယှဉ်ရင် နည်းနည်းလေးများသလိုပါပဲ။


        VTech InnoTab Max

အီလက်ထရွန်နစ် ကိရိယာတွေကို စတင်စူးစမ်းတတ်လာတဲ့ အသက် (၃)နှစ်နဲ့ (၆)နှစ်ကြား အရွယ်တွေအတွက်   အ ကောင်းဆုံး Tabletပါပဲ။ပျော်စရာ၊ ဗဟုသုတတိုးစရာ App တွေ အများကြီး ဖြည့်တင်းနိုင်ပြီး ကလေးတွေ အကြိုက်ဆုံးကစားစရာတစ်မျိုးဖြစ်လာအောင် VTech က စိတ်ကူးကြံဆထားပါ တယ်။ မိဘတွေအတွက်ရော ကလေးတွေအတွက်ပါ စုံလင်တဲ့ Feature တွေလည်း ပေါင်းစပ်ပေးထားတယ်။ VTechဟာ ပြိုင်ဘက် LeafFrog ထက် ပိုမိုကောင်းမွန်တဲ့ Tablet မျိုးရောင်းချပေးနိုင်ဖို့ အမြဲတမ်းအားထည့်နေလေ့ရှိသလို ဈေးကလည်း ပိုကြီးပါတယ်။ ဒါပေမဲ့ ဒီ Tablet ကတစ်ခါတလေ Loading နှေးနေတာမျိုး၊ တချို့ဓာတ်ပုံတွေရဲ့ အရည်အသွေးကို ချိန်ညှိရာမှာ ဆိုးရွားနေတာမျိုးအားနည်းချက်တချို့လည်း ရှိနေပြန်ပါတယ်။                                             —Ref: Trusted Reviews

Top News