လေချွန်နတ် သွားမေးဦးမှ

 လေချွန်နတ်ဆိုသည်ကို ကြားဖူးခဲ့သည်မှာ ကြာခဲ့ပါပြီ။  သွားမေးကြဖူးသည့် မိတ်ဆွေအချို့၏ စကားအရ အလွန်မှန်သည်ဟုကြားရသည်။ ကွယ်လွန်သွားသည့် မိဘ၊ ဆွေမျိုးအသိုင်း အဝိုင်းတို့ ဘယ်ဘုံဘယ်ဘဝရောက်နေပြီ၊ ကျွတ်လွတ်သွားပြီ၊ လူပြန်ဝင်စားနေပြီ စသည့် အဟောတို့မှာ မှန်လှသည်ဟုဆို၏။ မည်သည့်ကျမ်း၊ မည်သည့် ဗေဒင်၊ မည်သည့်ခေါင်းစွဲတို့ဖြင့် မည်သို့ဟောလေ၊ ပြောလေသည်ကို မောင်ထင်မသိ။မည်မျှမှန် လေသည်ဆိုသည်ကိုလည်း မောင်ထင်မသိ။ မောင်ထင့် အတွက်တော့ ထိုအရာတို့သည် သိပ်စိတ်ဝင်စားစရာမရှိလှ။


မေလ ၂၈ ရက်နေ့က မောင် ထင်၏ဇနီးသည် စစ်ကိုင်းတောင် ကမ္ဘာအေးချောင်တွင် ပိတုန်း ရောင်တချို့၊ ဒန်းသွေးရောင် တစ်ဝက်၊ လက်တစ်တောင်မျှရှည် သော ဆံပင်တစ်ထုံးကိုပယ်ကာ ဝတ်ကြောင်ကို ယာယီစွန့်ကာ သီလရှင်ဝတ်၏။ သူနှင့်အတူ ရွှေတိဂုံစေတီ သာသနာ့ဟိတ ဝတ်အသင်းမှ အသင်းသူအချို့ အပါအဝင် ၁၀ ဦးဖြစ်သည်။ ဇနီး သည် ဆံချသီလရှင်ဝတ်အပြီး တွင် မောင်ထင်ခမျာ စစ်ကိုင်းမှ မန္တလေးသို့ ချက်ချင်းပြန်ဆင်းရ သည်။  နောက်နေ့ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီတွင် ရန်ကုန်မြို့ တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ ၌ ကျင်းပသည့် ကလေးသူငယ် များ အကြမ်းဖက်ခံရခြင်းမှကာ ကွယ်ရေး ကဗျာရွတ်ဆိုပွဲသို့တက် ရောက်၍ ကဗျာတစ်ပုဒ် ရွတ်ဆို ပေးရန်ဖြစ်သည်။ သို့နှင့်ပင် မန္တ လေးမှ မိတ်ဆွေများဖြစ်ကြသော အုန်းချောမှ ကိုကြည်ထွန်း (အောင်စည်တော်)၊ ဇနီး မအိစု၊ သမီးကလေး မေ၊ မန္တလေးမှ ကိုကျော်မင်း၊ ဇနီးမသက် (ကျော်စိန်မင်း တာယာလုပ်ငန်း) တို့နှင့် မန္တလေးသို့ ပြန်လာခဲ့ကြသည်။

ရတနာပုံတံတားပေါ်မှ ဧရာ ဝတီမြစ်ကို ဖြတ်ကျော်ဆဲ မောင် ထင်၏ တိုက်ပုံအင်္ကျီအိတ်အတွင်း မှ ဖုန်းက အသံမြည်လာသည်။ ဖုန်းဆက်လာသူက မောင်ထင့် အား ‘ညီလေး မောင်ထင်’ဟု ချစ် ခင်စွာ ခေါ်ဆိုတတ်သော၊ မောင် ထင်အလွန်လေးစားအားကျ ချစ် ခင် ကြည်ညိုရသော စာရေးဆရာ ကြီး ချစ်ဦးညိုဖြစ်သည်။ ‘‘ဟယ် လို ဆရာ’’ဟု ပြန်ဖြေတော့ ‘‘စကားပြောလို့ရလား’’ဟု မေး သည်။ ဆရာ၏ အလွန်ချစ်ခင် ဖွယ်၊ အတုယူဖွယ် ကောင်းသော အလေ့အထတစ်ခုက ဖုန်းဆက် လျှင် ‘‘စကားပြောလို့ရလား၊ စကားပြောလို့အဆင်ပြေလား’’ ဟု အရင်မေးတတ်ခြင်းဖြစ်သည်။ ဆရာက မောင်ထင်ကဲ့သို့ သူတစ် ပါးတွင် အလုပ်ရှိမှန်းမသိ၊ မရှိ မှန်းမသိ ကိုယ်ပြောချင်ရာကို တစ်ဇွတ်ထိုး ပြောတတ်သူမဟုတ်။

‘‘ခုဘယ်မှာလဲ၊ စစ်ကိုင်းမှာ လား’’ဟု ဆရာကမေးတော့ ‘‘စစ် ကိုင်းကနေ မန္တလေးကို ပြန်နေပြီ’’ ဟု မောင်ထင်က ပြန်ဖြေလိုက် သည်။ ‘‘အဲ ...ဟုတ်ပြီ’’ဟုဆိုကာ ဆရာက စကားဆက်သည်။ ‘‘ဘားအံတက္ကသိုလ်က ကိုယ့်ကို လွန်ခဲ့တဲ့ တစ်ပတ်လောက်က တစ်ကိုယ်တော် ဟောပြောပွဲဖုန်း ဆက်တယ်။ ဘားအံတက္ကသိုလ်နဲ့ မော်လမြိုင်တက္ကသိုလ် ဌာနတွေ ကပေါ့နော်။ ထားတော့။ အခု ကိုယ်က မတ္တရာကနေ ပြန်လာ တာ။ လမ်းမှာပဲ ရှိသေးတယ်။ လေဆိပ်ကို ဆင်းနေတာ။ အခု ဖုန်းပြန်ဆက်တယ်။ အဲဒီကဖိတ် တဲ့ တပည့်မလေးက။ ဆရာတဲ့ ... အဆညက အမိန့်စာထွက်တယ် တဲ့။ တက္ကသိုလ်မှာ ဟောပြော မယ့် စာရေးဆရာ ကိုယ်ရေး အကျဉ်း (ထားတော့)၊ ခေါင်းစဉ် (ထားတော့)၊ ဟောပြောမယ့် အကြောင်းအရာ အကျဉ်းချုပ်ရေး ပေးရမယ်။ ပြီးတော့ နိုင်ငံရေးတွေ မပြောပါနဲ့။ တက္ကသိုလ်ကျောင်း သူ၊ ကျောင်းသား အတွေးအခေါ် မှားအောင်၊ အကျင့်စာရိတ္တယိမ်း ယိုင်အောင် အဲဒါတွေ မပြောပါနဲ့ ဆိုပြီး ခံဝန်ချက်သဘောမျိုးတင်ရ မယ်။ အဲဒီလိုတွေ ညွှန်ကြားလာ ပါတယ်...တဲ့။ အဲဒီတော့ ကိုယ် က ငြင်းပစ်လိုက်တယ်။ ငါမဟော တော့ဘူးလို့ အဲဒီလိုပဲ ငြင်းလိုက် တယ်။ အဲဒါ မကျေနပ်လို့၊ စိတ် ထဲ မခံမရပ်နိုင်ဖြစ်လို့။ စာက အဆညက ၂၁ရက်နေ့က ထွက် တာတဲ့။ ဘားအံတက္ကသိုလ်က ကိုယ့်ကိုဖိတ်တာ ၂၈ ရက်နေ့ ဟောရမှာ။ အခုတော့ အေး ... အဲဒီလိုဆိုရင် ချစ်ဦးညို တစ်သက် လုံးမဟောဘူးလို့ ပြောလိုက်ပြီ။ အဲဒီလို ခံဝန်ချက်တွေနဲ့ ဘာတွေ နဲ့ဆို တစ်သက်လုံးမဟောဘူး၊ ဘယ်တက္ကသိုလ်မှ မဟောဘူးလို့ ပြောလိုက်တယ်။ အဲဒါတွေ မကြိုက်ဘူးကွယ်’’ဟု တရစပ် ပြောတော့သည်။ (ဤစကားများကို ဆရာချစ်အား ပြန်လည်မေးမြန်းပြီး၊ အတည်ပြုပြီး၊ ခွင့်ပြုချက်တောင်းပြီးမှ ရေးသားပါသည်)

မောင်ထင် အလွန်ပင် အံ့ သြသွားမိသည်။ သို့နှင့် သက် ဆိုင်ရာ သက်ဆိုင်ကြောင်း နယ် ပယ်အဝန်းအဝိုင်းမှ မိတ်ဆွေများ ထံ ချက်ချင်းဖုန်းဆက်၍ သတင်း မေးရသည်။ အင်တာနက်ပေါ် တွင် ဒီအမိန့်စာကို ရှာရသည်။ သိပ်တော့ မရှာလိုက်ရ။ လွှတ် တော် ကိုယ်စားလှယ်အချို့နှင့် သမဂ္ဂ အမှုဆောင်အချို့၏ ဖေ့စ် ဘွတ်ခ် စာမျက်နှာများပေါ်တွင် ထိုအမိန့်စာကို အလွယ်ပင်ရှာ၍ တွေ့ရသည်။ သို့သော် သည်စာ သည် အတုလော၊ အစစ်လော ဆိုသည်ကိုလည်း ဟိုလူ၊ သည် လူ၊ ဌာနဆိုင်ရာ အသိုင်းအဝိုင်းမှ မိတ်ဆွေများကို ဖုန်းဆက် မေး မြန်းရသည်။ ရတနာပုံတက္ကသိုလ် ဆရာများ သမဂ္ဂမှ မိတ်ဆွေဆရာ တစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ် တော့မှ ‘‘စာထွက်တာဟုတ်တယ်’’ ဟု သူကပြောသည်။

အင်တာနက်စာမျက်နှာများ ပေါ်တွင် တွေ့ရသည့် အမိန့်စာ ဆိုသည့် အရာပေါ်တွင်ကား အဆင့်မြင့်ပညာ ဦးစီးဌာန၊ နေ ပြည်တော်။ စာအမှတ်။ အဆင့် မြင့်/ ရုံးချုပ်/စီမံ/ညွှန်ကြားချက် ၂၀၁၈/၄၄၉ (/၄၄၉ ကို လက် ရေးဖြင့် ဖြည့်ထားသည်)ဟု စာ အမှတ် တပ်ထားသည်။ ရည်ညွှန်း ချက်တွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ ၁၁-၅-၂၀၁၈ နေ့စွဲ ပါစာအမှတ်၊ အုပ်ချုပ်မှု (ညွှန် ကြားချက်)/၂၀၁၈ (၆၈၂၅)ဆို သည်ကို ဖော်ပြထားသည်။

ထိုစာ၏ စာပိုဒ် (၃)တွင် စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲ များ၊ ဆွေးနွေးပွဲများ ပြုလုပ်လိုပါ က နိုင်ငံရေးနှင့်ပတ်သက်သည့် စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲ များ၊ ဆွေးနွေးပွဲများ ခွင့်မပြုရန်၊ ကျောင်းသား ကျောင်းသူများ၏ အနာဂတ်ဘဝ ပိုမိုသာယာလှပ နိုင်ရေးအတွက် ပညာရပ်ဆိုင်ရာ သင်ကြားသင်ယူခြင်း၊ သုတေ သနဆိုင်ရာ ပူးပေါင်းဆောင်ရွက် ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း နှင့် ဆန်းသစ်တီထွင် ဖန်တီး ဆောင်ရွက်ခြင်းဆိုင်ရာ စာတမ်း ဖတ်ပွဲများ၊ Concept Notes၊ လာရောက်ဟောပြော ဆွေးနွေး မည့် ပုဂ္ဂိုလ်များ၏ အမည်၊ ကိုယ် ရေးမှတ်တမ်းအကျဉ်း (တက္က သိုလ်များမှ ဂုဏ်ပြု မှတ်တမ်း တင်နိုင်ရန်)၊ ဖိတ်ကြားမည့်သူ စာရင်း၊ တက်ရောက်မည့်ဦးရေ၊ ကျင်းပမည့်နေ့ရက်၊ အချိန်၊ နေရာ စသည်များဖြင့် အချိန်မီ ကြိုတင် ၍ သဘောထားမှတ်ချက် တင်ပြ ရန်နှင့် ခွင့်ပြုရန် သတ်မှတ်ချက် များနှင့် ကိုက်ညီပါက ခွင့်ပြုပေး မည်ဖြစ်ကြောင်း အကြောင်းကြား ပါသည်ဟု ဖော်ပြထားသည်ကို တွေ့မြင်ရပါသည်။

စာတွင် ဖော်ပြထားသည့် နိုင်ငံရေးနှင့်ပတ်သက်သည့် စာ တမ်းဖတ်ပွဲများ၊ ဟောပြောပွဲ များ၊ ဆွေးနွေးပွဲများခွင့်မပြုရန် ဟူသော အချက်ကို တွေ့မြင်ရ သောအခါမှ ဆရာချစ်ဦးညို မတ္တရာမှ တံတားဦးလေဆိပ်သို့ အသွား ကားပေါ်မှနေ၍ အဘယ် ကြောင့် ချက်ချင်း ဖုန်းဆက်လာ သည်ဆိုသည်ကို နားလည်လိုက် ရ၏။ ဆရာ၏ခံစားချက်ကို သိရ ၏။ ရာမဇာတ်ထဲတွင် ကြားရဖူး သည့် ‘ရာမဟေ့ဆိုရင် နားကြော က စိမ့်သဟဲ့’ဟု ဆိုသည်ကဲ့သို့ပင် နိုင်ငံရေးဆိုသည့် စကားကိုကြား လျှင် ကြက်သီးဖြန်းဖြန်း ထတတ် သူတွေ မြန်မာနိုင်ငံတွင် ရှိနေ သေးသည်ကိုလည်း အံ့သြရင်မ သိမှတ်လိုက်ရ၏။ ဤစာအတိုင်း ဆိုလျှင်တော့ ‘နိုင်ငံရေးကင်းစင် တက္ကသိုလ်တစ်ခွင်’ ဆိုသည့် ဗီနိုင်း ဆိုင်းဘုတ်များ၊ သွပ်ပြား ဆိုင်းဘုတ်များ၊ PVC ဘုတ်များ၊ ဈေးကွက်ဝင်၊ တွယ်ကျယ်လာ စရာ အကြောင်းရှိပေသည်။ ပုံနှိပ် လုပ်ငန်း၊ ဆိုင်းဘုတ်လုပ်ငန်း ကလေး အချိန်မီအပြေးအလွှား ထောင်ရလျှင် သင့်မည်ထင်၏။

နိုင်ငံသားတစ်ယောက်ဖြစ် လာလျှင် နိုင်ငံရေးနှင့်ကင်း၍ ရပါ သလော၊ နိုင်ငံရေးဆိုသည်မှာ တက္ကသိုလ်များ၊ ကောလိပ်များ တွင် မဟောမပြောကောင်း၊ ဆွေး နွေးရန်မသင့်သည့် မကြားဝံ့မနာ သာ အကြောင်းအရာများဖြစ်၍ နေလေသလော။ သို့ဆိုလျှင် တက္ကသိုလ်များတွင် နိုင်ငံရေး သိပ္ပံဘာသာရပ်ကို လုံးဝမသင် ကြားရန်၊ သင်ရိုးညွှန်းတမ်းများကို ပယ်ဖျက်ရန် အကြံပြုရပေလိမ့် မည်။ သို့မဟုတ်ပါက တက္ကသိုလ် တွင်  ပြင်ပစာရေးဆရာများ မဟောပြောရန် အချက်များ၊ ဟောပြောနိုင်သည့် အချက်များ စီစဉ်ပြုစု ရေးသားထားသည့် လက်ကိုင်ပြဋ္ဌာန်း စာအုပ်ကို ပညာရေးဌာနမှ စီစဉ်ထုတ်ဝေ ပေးရန် အစီအစဉ် ရှိ၊ မရှိ လွှတ် တော်တွင်တင်၍ မေးရန် သင့် မည်ထင်၏။

 ဆရာချစ်ဦးညို၏သားဖြစ် သူ စာရေးဆရာ၊ ဇာတ်ညွှန်းရေး ဆရာ၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ် ဆောင် လင်္ကာညိုကတော့ သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဤ သို့ရေး၏။ ‘တက္ကသိုလ်တွေမှာ ဟောပြောပွဲလုပ်ရင် နိုင်ငံရေး အကြောင်း မပြောရဘူး၊ စာတမ်း ဖတ်ပွဲဆိုလည်း နိုင်ငံရေး အကြောင်း မဖတ်ရဘူးဆိုပြီး ပညာရေးဝန်ကြီးဌာနက စာထုတ် တယ်။ ဆိုကြပါစို့။ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ပြောမယ် ဆိုရင် သူ့ရဲ့ တက္ကသိုလ်ကျောင်း သားဘဝနဲ့ နိုင်ငံရေးအကြောင်းက တွဲပါလာပြီ။ အခြား အခြားသော နိုင်ငံရေး ခေါင်းဆောင်တွေ အကြောင်းပြောမယ်ဆိုရင်လည်း နိုင်ငံရေးက ပါတာပဲ။ နောက်ဆုံး ဘာသာရေးအကြောင်း ပြောမယ် ဆိုလည်း ဘာသာရေးကပါတာပဲ။  ဒီတော့ ဒီအကြောင်းတွေ မပြောရ ဆိုတော့ သမိုင်းကိုဖျောက်တာ လား၊ ဖျက်တာလား။ လူငယ်တွေ ဟာ သမိုင်းကို သိခွင့်မရှိတော့ဘူး လား။ အဆိုးအကောင်းကို မခွဲ ခြားတတ်အောင် လုပ်နေသလိုပဲ။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပြောရင် ဦးစောအကြောင်းပါလာ မယ်။ ဘုရားရှင်အကြောင်းပြော ရင် ဒေဝဒတ်အကြောင်းပါလာ မယ်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြောရင် စစ်အာဏာ ရှင်တွေရဲ့ အကြောင်းကတော့ ပါလာမှာပါ။ ပြီးခဲ့တာတွေကို စာ ရေးဆရာတွေက အပြစ်ပုံချ၊ ချေး ခြောက်ရေနူးပြီး နာမည်ကောင်း   ယူ ပြောနေကြတာမဟုတ်ဘူး။ အစဉ်အလာကောင်းခဲ့သူတွေရဲ့ အကြောင်းကိုရော၊ မကောင်းခဲ့ တဲ့သူတွေရဲ့ အကြောင်းတွေကိုရော လူငယ်တွေ သိထားရမယ်’ ဟု ရေးသားထားသည်ကို ဖတ်ရသည်။

ဟိသစ္စံ - ဤစကားသည် အလွန်မှန်၏တဲ့။ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် အများစုသည် တက္ကသိုလ်ကျောင်းများမှ ထွက် လာကြ၏။ ကိုလိုနီခေတ်မှစ၍ မြန်မာစာပေကို ဂုဏ်ရောင်ထွန်း ပြောင်စေခဲ့သူများသည် တက္က သိုလ်ကျောင်းများမှ ထွက်လာကြ ၏။ ထို့အတူ အာဏာရူးသွပ်သူ၊ မိုက်မဲသူ တိုင်းပြည်ကို အခွံကွာ အရေလန်ဖြစ်အောင် လုပ်သူ အချို့သည်လည်း တက္ကသိုလ် ထွက်များဖြစ်ကြ၏။ (တက္ကသိုလ် ချင်းသာ ကွာချင်ကွာပေမည်)သို့ ဖြစ်ရာ တက္ကသိုလ်၊ ကောလိပ် ကျောင်းသားများအား နိုင်ငံတော် ၏ ကျေးဇူးကို စောင့်သိရန်၊ နိုင်ငံ သားတို့၏ အကျိုးဆောင်ရန်တို့ကို ဆွေးနွေးဟောပြောပါလျှင် အ ကောင်းချည်း ရွေးပြောနေ၍မရ။ အဖြူကို ထင်ရှားစေရန်အလို့ငှာ အမည်းနှင့် ယှဉ်ပြရသည်သို့ အမိ နိုင်ငံ သားကောင်းသားမြတ်များ အကြောင်းကို ပြောလျှင် အမိနိုင် ငံ၏ ဝမ်းရေစပ်လှသော သားဆိုး သားမိုက်တို့အကြောင်းကလည်း ယှဉ်တွဲပါလာရပေလိမ့်မည်။

ဆရာချစ်ဦးညိုဆိုသည်က အလွန်နူးညံ့သိမ်မွေ့သော စိတ် ထားရှိသူဖြစ်၏။ လူငယ်လူရွယ် များ၊ ကျောင်းသား ကျောင်းသူ များအတွက် အသိပညာ၊ အလိမ္မာ တရားတို့ကိုသာမက လူပီသစွာ နေထိုင်ရေး၊ နှလုံးသားများ ကောင်းကြစေရေးအတွက် လိုက် လံဟောပြောနေသူဖြစ်၏။ ၁၉၂၀ ကျောင်းသားသပိတ်အကြောင်း၊ ထိုသပိတ်ကြီးမှ ထွက်ပေါ်လာ သော အမျိုးသားခေါင်းဆောင်တို့ အကြောင်း၊ ၁၉၃၆ ခုနှစ် ကျောင်း သား သပိတ်အကြောင်း၊ ထို သပိတ်မှ ပေါ်ထွန်းလာခဲ့သော နိုင်ငံ့ခေါင်းဆောင်တို့အကြောင်း နှင့် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ် ပုံလွှာများကို မသိမမီလိုက်ကြ သည့် လူငယ်တို့ သိကြစေရန်၊ ဂုဏ်ယူတတ်ကြစေရန်၊ အားကျ အတုယူကြစေရန် လိုက်လံဟော ပြောနေသူဖြစ်၏။ ယခုတော့ ပညာရေးဝန်ကြီးဌာနမှ အမိန့်စာ တစ်ခု ထုတ်ပြန်လိုက်သည့် နောက်တွင် ဆရာချစ်ဦးညိုက ‘တက္ကသိုလ်များတွင် တစ်သက် မဟောတော့ပါ’ဟု ရင်နာစွာဆိုခဲ့ လေပြီ။ ပညာရှင်တို့စကား နာ ကြားမှတ်ယူလိုသူ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အတွက် များစွာ နစ်နာရတော့ မည်။ အို . . . အသင်ပညာရေး ဝန်ကြီးဌာန အကြီးအကဲတို့၊ အမှူးအချုပ်တို့၊ တာဝန်ရှိသူတို့ ...သင်တို့ ဉာဏ်ကြီးစွတကား။

ပြန်၍တွေးသော် ရေးရေး မဟုတ်၊ ထင်းထင်းကြီးပေါ်လာ ၏။ ၁၉၃၅-၃၆ ပညာသင်နှစ် တွင် ရန်ကုန်တက္ကသိုလ် ကျောင်း သားသမဂ္ဂ အမှုဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့သော ကိုအောင်ဆန်း သည် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ အဖြစ် ဆောင်ရွက်နေစဉ် ‘ငရဲ ခွေးကြီးလွတ်နေသည် (The Hell Hound At Large)’ဟူသော ဆောင်းပါးကို ဖော်ပြခဲ့ရာ တက္က သိုလ်အာဏာပိုင်များက ထွန့် ထွန့်လူး၊ ဆတ်ဆတ်ခါ နာခဲ့ကြ ၏။ အယ်ဒီတာကိုအောင်ဆန်းကို ချက်ချင်း ခေါ်ယူခဲ့ပြီး ဆောင်းပါး ရှင်အမည်ကို ထုတ်ပြောဖို့ ဖိအား ပေးခဲ့ကြ၏။ အယ်ဒီတာကိုအောင် ဆန်းက မီဒီယာကျင့်ဝတ်အရ ဆောင်းပါးရှင်ကို ထုတ်ဖော် မပြောနိုင်ဘူးဟု ငြင်းဆန်ခဲ့သည် တွင် ကိုအောင်ဆန်းကို တက္က သိုလ်မှ ထုတ်ပယ်ပစ်ခဲ့ကြသည်။ ယင်းသည်ကား ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ကြီး ပေါ် ပေါက်ခဲ့ရခြင်း၏ အကြောင်းရင်း တစ်ရပ် ဖြစ်ခဲ့ရသည် မဟုတ်လော။

နောင်တွင် မြန်မာ့လွတ်လပ် ရေး ဗိသုကာကြီး ဖြစ်လာမည့် ကိုအောင်ဆန်းအား နိုင်ငံရေးလုပ် သဖြင့်၊ နိုင်ငံရေးဆောင်းပါးကို ဖော်ပြသဖြင့်၊ ထိုဆောင်းပါးရေး သူကို ထုတ်မပြောသဖြင့် ကျောင်းထုတ်ခဲ့သူမှာကား တက္က သိုလ်ကျောင်းအုပ်ကြီး ဒီဂျေ စလော့စ် (D.J. Sloss)ဟူ၏။ ဒီဂျေစလော့စ်အကြောင်းကို အ တွေးရောက်သွားတော့မှပင် အလွန်မှန်လှသည်ဆိုသည့် လေချွန်နတ်အကြောင်းကို သတိရမိ၏။

ကိုအောင်ဆန်းကို ကျောင်း ထုတ်ပစ်ခဲ့သော တက္ကသိုလ် ကျောင်းအုပ်ကြီး မစ္စတာဒီဂျေ စလော့စ် မည်သည့်အရပ်၊ မည် သည့်ဌာနတွင် လူဝင်စားဖြစ်နေ လေပြီနည်း။ ပညာရေးဝန်ကြီး ဌာန၏ ‘နိုင်ငံရေးမဟောပြောရ’ အမိန့်စာကလေးကို တစ်ပါတည်းယူဆောင်ကာ လေချွန်နတ်အား အပြေးအလွှား သွားမေးရပေဦးမည်။

(ဆောင်းပါးရှင် ထင်လင်းဦး(Wisdom Villa)သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် နိုင်ငံရေးဝေဖန်သုံးသပ်ချက်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်းပါးများ၊ စာတမ်းများ၊ ၀တ္ထုများရေးသားနေသူဖြစ်သည်။)

Top News