ကျောင်းဖွင့်ချိန်

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

သြကာသလောကကြီး တစ်ခွင်လုံး  အုံ့မှိုင်း နေသည်။ မိုးရေ စက်တို့သည် မြေပြင်ကို အလု အယက် ခုန်ပေါက်ပြေးဆင်းလာ သည်။ လေကလည်း ဝေ့ကာ ဝဲကာ တိုက်ခတ်ပြန်သည်။ ထိုမိုး၊ ထိုလေနှင့်အတူ အခြေခံပညာ အထက်တန်းကျောင်းကြီး တစ် ကျောင်းရှေ့ရှိ အပြုံလိုက် ရဲရဲ နီနေသော စိန်ပန်းပင်ကြီး တစ် ပင်သည် ယိမ်းထိုးကခုန်နေသည်။ မိုးရေပေါက်တို့ စိန်ပန်းပွင့်တွေ ပေါ် တွဲလဲခိုနေကြသည်။ စိန်ပန်း ပင်ကြီးသည် မကြာမီရက်ပိုင်း အတွင်း ကျောင်းတော်ကြီး၏ ရင်ခွင်သို့ ခိုဝင်လာတော့မည့် အဖြူ၊ အစိမ်းဝတ် သားငယ်၊ သမီးငယ်လေးများအား ဝမ်းပန်း တသာ ကြိုဆိုနေဟန်ရှိသည်။

နှစ်စဉ် မေလကုန် ဇွန်လ ဆန်းတိုင်း ရောက်လာလေ့ရှိ သော အခြေခံပညာကျောင်းများ ၏ ကျောင်းဖွင့်ချိန်သည် ကြည် နူးစရာပင်ဖြစ်သည်။ မေ၊ ဇွန်မိုး စက်များ၏အောက်ဝယ် စိမ်းစို တောက်ပနေသည့်  ကျောင်း သား၊ ကျောင်းသူလေး များကို မြင်ရသည်မှာ ရွှင်လန်းတက်ကြွ ဖွယ်ဖြစ်သည်။ အစွမ်းကုန်ပွင့် လန်းကြတော့မည့် သစ်ပင်စိမ်း စိမ်းစိုစိုလေးများကို မြင်တွေ့ရ သကဲ့သို့ ကြည်လင်လန်းဆန်းရ သည်။ လွန်ခဲ့သော ၂၅ နှစ်ကျော် က ကျွန်တော်လည်း ထို ကလေးငယ်များကဲ့သို့ စိမ်းလန်း သော သစ်ပင်ပေါက်ကလေး တစ်ပင် ဖြစ်ခွင့်ရခဲ့ပါသည်။ သို့ သော် ကိုယ်ကိုယ်တိုင်က ကြည် ကြည်သာသာတော့မဟုတ်။ စဉ်း စားကြည့်လေ။ မူကြိုဆိုတာ ခေတ်မစားသေး သည့်ကာလဖြစ် ၍ အိမ်ကနေ မိသားစုတွေကိုခွဲပြီး တစ်နေကုန် ကျောင်းတက်ရ တော့မည်ဟုဆိုသည့်အခါ ဘယ် ကလေးက ပျော်ပျော်ကြီး သွား ချင်ပါ့မလဲ။ ထို့အတွက် သစ်ပင် ပေါက်ကလေးများ၏ ကျောင်း ဖွင့်ကာလသည် ချိုမြိန်ပါ၏လား။

မိခင်များကတော့ ကိုယ့်ရင် သွေး ကျောင်းစတက်မည့်နေ့ကို အတော်လေး ရင်တုန်ပန်းတုန် ဖြတ်သန်းရပါ၏။ ကျောင်းအပ် စဉ်ကတည်းက ကျောင်းကိုခေါ် သွားရင်း သားတက်ရမည့်၊ သမီး တက်ရမည့်ကျောင်းအဖြစ် မိတ် ဆက်ပေးသည်။ မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကျောင်းဝင်း ကြီးကိုကြည့်ရင်း ရင်အနည်းငယ် ခုန်လာခဲ့သည်။ အတန်းပိုင်ဖြစ် လာမည့် ဆရာမက ခပ်ပြုံးပြုံး ကလေးကြည့်သည်။ ငြိမ်နေ သေးသည့် ကိုယ့်သား၊ ကိုယ့်သမီး ကိုကြည့်ရင်း ကျောင်းဖွင့်ရင် အို ကေမှာပါလေဟု မိခင်များ သက် ပြင်းချရသည်။ တကယ်ကျောင်း ဖွင့်သည့်နေ့ ရောက်လာသည့် အခါတွင်တော့ ...

ဇွန်လ၁ ရက် နံနက်ခင်းသည် သာမန်နံနက်ခင်းများထက် စော စီးစွာ လင်းကျင်းလာသလား ထင် ရသည်။ ကလေးတွေ နံနက်ခင်း မုန့်စားပြီးတော့ ငိုမဲ့မဲ့ဖြစ်ချင် လာပြီ။ ရေမိုးချိုး သနပ်ခါးလိမ်း ပြီး အဖြူ၊ အစိမ်းကျောင်းဝတ်စုံ လေးကို ကျကျနန ဝတ်ဆင်ပြီး ချိန်မှာတော့ ရင်တွေတဒိတ်ဒိတ် ခုန်လာပြီ။ အချို့က ကျောင်း သွားနေရင်းကို တဗြဲဗြဲငိုလာကြ ပြီဖြစ်သည်။ အချို့က ကျောင်း အခန်းထဲရောက်မှ ငိုကြသည်။ အချို့ကလေးတွေ ကျတော့ အခြားကလေးတွေ ငိုရင်း ငိုချင် လာပုံရသည်။ တဗြဲဗြဲငိုချကြ သည်။ အိမ်ကလိမ်းပေးသည့် မျက်နှာပြင်ပေါ်က သနပ်ခါးပေါ် တွင် မျက်ရည်တွေ ဖြတ်သန်း စီးဆင်းကုန်သည်။ မိခင်တွေ လည်း ကလေးတွေရဲ့ အတန်း တွေနား ရစ်သီရစ်သီ။ ဆရာမက နှင်ထုတ်တော့မှ ကိုယ့်သားသမီး ငိုသံကို ကျောခိုင်းကာ မျက်ရည် ဝဲပြီး ပြန်ခဲ့ကြရသည်။

ကျောင်းဖွင့်စရက်သတ္တပတ် ခန့်ကတော့ မိခင်တွေ စိတ်ညစ်ရ သလို ကလေးတွေလည်း စိတ် ဆင်းရဲရသည်။ ဆရာမတွေ လည်း ထိုနည်းလည်းကောင်း။ ကလေးတွေ ချော့တန် ချော့၊ ခြောက်တန်ခြောက်။ ကျောင်း သား မိဘတွေကို အော်တန် အော်၊ ဟောက်တန်ဟောက် ဖြင့် ပင်ပန်းရသည်။ သာ၍ဆိုးသည် က ထိုကာလသည် ပူမြဲဆူဆဲ ဖြစ် သဖြင့် ချွေးလည်း တရွှဲရွှဲ။ တစ်ပတ်၊ ဆယ်ရက်လောက် ကျော်လာလျှင်တော့ ကလေးတွေ နေသားနည်းနည်းကျလာပြီ။ ကလေးအချို့ကလွဲ၍ ကလေး အားလုံး ကျောင်းကို အတန်းကို တဖြည်းဖြည်း ပျော်လာကြပြီ။ သူငယ်ချင်းအသစ်တွေဖြင့် စာ သင်ခန်းတွေဆီ ပျော်ပျော်ကြီးလာ တတ်ကြပြီဖြစ်သည်။

သူငယ်တန်းမှ လေးတန်း အထိ ကာလကတော့ တကယ့် ကလေးဘဝ၏ ပျော်ရွှင်စရာ အချိန်တွေဖြစ်သည်။ ရပ်ကွက် ထဲက သူငယ်ချင်းတွေတင်သာ မက ကျောင်းက သူငယ်ချင်း တွေပါ ရလာတာဆိုတော့ အဖော် မက်သူ၊ ကစားမက်သူတွေအဖို့ တကယ့် ပျော်စရာအချိန်တွေ။ ဆရာ၊ ဆရာမလာရင် အပြေး အလွှား ဆီးကြို၊ ဆရာမဖို့ အိမ် ကပါလာသည့် ပန်းလေးတွေ အလုအယက်ပေးရင်း ဒုတိယ မိဘများနှင့် ချစ်ခင်ရင်းနှီးကြ သည်။ လေးတန်းအောင်၍ ငါး တန်းတက်သည့်အချိန်တွင်မူလတန်းဘဝကုန်ဆုံးကာ အလယ် တန်းကျောင်းသားဘဝ ကူး ပြောင်းခဲ့ရသည်။ အလယ်တန်း ကျောင်းသားဘဝ၏ ကျောင်း ဖွင့်ချိန်သည် ငယ်တုန်းကနှင့်မတူ တော့ပါ။ ငယ်တုန်းကလို တုတ်ပြ ပြီး ကျောင်းပို့ရန်မလိုတော့ပါ။ ကျောင်းကို ပျော်ပျော်ကြီး လာကြ သည့်အရွယ်တွေ ရောက်လာ ပြီဖြစ်သည်။

 ငါးတန်း၊ ခြောက်တန်း ကာလသည် အသက် (၁၀)နှစ်၊ (၁၁)နှစ်ဝန်းကျင်သာ ရှိသေး သော်လည်း ကိုယ့်ကိုယ်ကိုယ် တကယ့် အတန်းကြီးသား တွေလို ဘဝင်ကမြင့်ချင်ချင်။ အရွယ် ကလေးတွေလည်း ထွားလာပြီ ဖြစ်သဖြင့် ဘောင်းဘီအတို၊ အရှည်များအပြင် ပုဆိုး၊ ထဘီ များပါ ဝတ်ဆင်ဖို့ ဆရာ၊ ဆရာမ တွေက အသိပေးလာသည်။ သည်တော့ ဝတ်တာပေါ့။ ကောင်းကောင်း မနိုင်သေးသည့် ပုဆိုးကို  ပုံမကျ၊ ပန်းမကျ ဝတ် ရင်း ကျောင်းလာသည့် ကာလ ဖြစ်သည်။ ကျောင်းသား အချင်း ချင်း နောက်ပြောင်ရင်း ပုဆိုး လိုက်ဆွဲချွတ်တာလည်း ခေတ် စားလှသည်။

ခုနစ်တန်းလောက် ရောက် လျှင် အရွယ်က တဖြည်းဖြည်း ထွားလာပြီ။ ပုဆိုးကို မြေကြီး တိုက်သည်အထိ ချက်ပြုတ်ဝတ် ကြသည်။ ကျောင်းဖွင့်ချိန် အရပ် တွေရှည်၊ နှုတ်ခမ်းမွေးရေးရေး ပေါက်၊ အသံတွေလည်း အောလာသဖြင့် ငါတို့ လူကြီးဖြစ်လာပြီဟု ထင်ကြသည်။ ယခင်နှစ် ကျောင်း တက်ချိန်တွေလို တဝုန်းဝုန်း တဒိုင်းဒိုင်း ပြေးမဆော့ကြတော့။ အရိပ်အာဝါသ  ကောင်းသည့် ကျောင်းထဲက မန်ကျည်းပင် အောက် အုတ်ဝိုင်းမှာစုထိုင်ကြ ရင်း ဘယ်အတန်းက ကောင် မလေးကချောသည်၊   ဘယ် အတန်းက ကောင်မလေးက တော့ဖြင့်လှသည်၊ စာလည်း တော်သည် စသဖြင့် ဆန့်ကျင် ဘက် လိင်အကြောင်း ပြောကြ သည်။ ကြည့်ဖူးသည့် တက္က သိုလ်ရုပ်ရှင်ကားတွေလို အဖွဲ့ လိုက် သွားလာ နောက်ပြောင်ကြ သည်။ ရှစ်တန်းမှာလည်း ထို နည်းလည်းကောင်း။

အလယ်တန်းကျောင်းသား ဘဝ လွန်မြောက်၍ ကိုးတန်းတက် ကာ အထက်တန်းကျောင်းသား ဘဝ ရောက်ရှိချိန်တွင် ဇွန် ကျောင်းဖွင့်ရက်သည် ရင်မော စရာတွေဖြစ်သည်။ နောက်တစ် နှစ်ဆိုလျှင် ရောက်လာတော့မည့် ဘဝ၏ အရေးပါသော အစိတ် အပိုင်းကြီးတစ်ရပ်ဖြစ်သည့် ဆယ်တန်းအတွက် ကြိုးစားကြရ တော့မည်ဖြစ်၍ပင်။ ဆယ်တန်း ရောက်ပြီဆိုလျှင် ပြောစရာ မလို တော့။ စာပြီးရင်းစာ၊ ကစားချိန် မရှိ၊ နားချိန်မရှိ။ အခြေခံပညာ ကျောင်းသားဘဝရဲ့ နောက်ဆုံး အရေးပါဆုံးကာလ ရောက်လာခဲ့ ပြီမို့ အငယ်တန်း ကျောင်းသား တွေလို ပေါ့ပါးမှု မရှိတော့ပါ။

အခြေခံပညာ ကျောင်းသား ဘဝကို အောင်မြင်စွာ လွန် မြောက်၍ တက္ကသိုလ်တက်သူ လည်းတက်၊ ဘွဲ့ရသူလည်းရှိ၊ မရသူလည်းရှိ လုပ်ငန်းခွင်အသီး သီး ရောက်တော့မှ ဇွန်လ ရောက် တိုင်း ငယ်စဉ် အခြေခံပညာ ကျောင်းသားဘဝကို သတိရကြ သည်။ ကိုယ့်သား၊ ကိုယ့်သမီး ကျောင်းလိုက်ပို့ရင်း ငယ်စဉ်က ကိုယ့်ကို ကျောင်းကို ခဲရာခဲဆစ် ပို့ခဲ့သည့် မိဘများ၏ ဒုက္ခကို ကိုယ်ချင်းစာမိသည်။ ဒါတင် မက။ ကျောင်းအတန်း ပညာတွေ ကို ပြီးဆုံးအောင် ချော့ကာ၊ ခြောက်ကာ တက်ရောက်စေသည့် မိဘများ၏ ဂုဏ်ကျေးဇူးလည်း ကြီးမားလှပါ၏။

အခြေခံပညာ ကျောင်းသား ဘဝကို အကြောင်းအမျိုးမျိုး ကြောင့် ပြီးဆုံးအောင် ဖြတ်သန်း ခွင့်မရသည့် ကလေးတွေလည်း အများကြီးရှိပါသည်။ အချို့က တော့ မိဘစားဝတ်နေရေးကြောင့် ကျောင်းမထားနိုင်၍ ထွက်ခဲ့ရ သည်။ အချို့က ကလေးပီပီ ကျောင်းစာလုပ်ရမှာပျင်း၍ ကျောင်းမတက်ချင်တော့တာမျိုး ရှိသည်။ ဘယ်လိုပဲဖြစ်ဖြစ် မိဘ တွေအနေဖြင့် ကျောင်းတက်ရ မည့်အရွယ် ကိုယ့်သားငယ်၊ သမီးငယ်များကို စာသင်ကျောင်း ဆီ မရောက်ရောက်အောင် ပို့ပေး သင့်လှပါ၏။ ထိုမှသာ အနာ ဂတ်နိုင်ငံတော်ကို ပညာဖြင့် ထု ဆစ်ကာ ပုံဖော်နိုင်မည်ဖြစ်သည်။ ယခု အခြေခံ ပညာကျောင်းသား ဘဝတွေ လွန်မြောက်ခဲ့ပါပြီ။ ဘဝ ရဲ့ ကျောင်းတော်ကြီးမှာတော့ မကုန်မခန်းနိုင်သည့် ပညာတွေ သင်ယူ နေရဆဲဖြစ်သည်။ ဘဝရဲ့ ကျောင်းတော်ကြီးမှာလည်း သင် ခန်းစာတွေက အမျိုးမျိုး။ နေ့စဉ် မကုန်မခန်းနိုင်သော ပညာရပ် တွေ သင်ယူနေရသည်။

မိုးစက်တွေ တလိမ့်လိမ့်ကျ နေသည်။ စိန်ပန်းပွင့်တွေက ကျောင်းဝထိပ်ကနေ ကလေး ငယ်တွေကို ဝမ်းသာအားရ ဆီး ကြိုနေသည်။ စိမ်းစိုနေသည့် သစ် ပင်ပေါက်ကလေးတွေ မကြာမီ ရောက်လာတော့မည်ဖြစ်သည်။ ထိုသစ်ပင်ပေါက်ကလေးတွေ ကြီးထွားလာလျှင် ကျန်းမာသန် စွမ်းသည့် သစ်ပင်ကြီးတွေ ဖြစ် လာမည်ဟု ယုံကြည်မျှော်လင့် ရပါသည်။ လင်းလက်သည့် နေရောင်ခြည်၊ ကောင်းမွန်သည့် မြေသား၊ စနစ်ကျသည့် စိုက်ပျိုး မှုတွေတော့ လိုအပ်ပါလိမ့်မည်။

Top News