ရန်ကုန်တိုင်းအစိုးရအစီအစဉ်ဖြင့် ကျောင်းကားသစ်အစီးရေ ၆၀ ခန့်စတင်ပြေးဆွဲ

ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းတွင် ဇွန်လ၁ ရက်က ကျောင်းကြိုပို့ကျောင်းကားသစ်များစတင်ပြေးဆွဲနေစဉ် (ဓာတ်ပုံ-နစ်ကီ)

၂၀၁၈-၁၉ ပညာသင်နှစ်အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ကမာရွတ်တီတီစီနှင့် ရန်ကင်းတီတီ
စီကျောင်းတို့၌ တိုင်းအစိုးရအဖွဲ့က ၀ယ်ယူထားသည့် ကျောင်းကားသစ်အစီးရေ ၆၀ ခန့် စတင်ပြေးဆွဲခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်ပွားနေသော မြို့နယ်များရှိ အခြေခံပညာကျောင်း ၂၂ ကျောင်းတွင် ကျောင်းကားသစ်များဖြင့် ပြေးဆွဲပေးရန် စီစဉ်ထားရာ ပထမအဆင့်အနေဖြင့် ကမာရွတ်တီတီစီတွင် ကားအသစ် ၂၉ စီး၊ ရန်ကင်းတီတီစီတွင် ၃၁ စီးဖြင့် စတင်ပြေးဆွဲနေသည်။
 
မူလက ကျောင်းနှစ်ကျောင်းတွင် ကျောင်းကားသစ်အစီးရေ၁၀၀ ခန့်ပြေးဆွဲရန် ရည်ရွယ်ခဲ့သော်လည်း ကမာရွတ်တီတီစီ၌ လိုက်ပါစီးနင်းမည့် ကျောင်းသားဦးရေနည်းခြင်းကြောင့် ကားအစီးရေ လျှော့ချခဲ့ရသည်ဟု ကမာရွတ်တီတီစီ ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်မိုးသူက ပြောကြားသည်။
 
‘‘ကမာရွတ်တီတီစီမှာက School Ferry က အစီး ၂၀၀ လောက် ရှိတယ်။ School Bus က အစီး ၈၀ လောက်မှန်းထားပေမယ့် စီးမယ့်သူနည်းတာကြောင့် ရန်ကင်းတီတီစီဘက်ကို ကျောင်းကားသစ်တွေ လွှဲပေးထားတယ်’’ဟု ဒေါက်တာ ဒေါ်မိုးသူက ပြောသည်။
 
ထိုကျောင်းကားသစ်များကို ရန်ကုန်တိုင်းဒေသကြီး အများပိုင်သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)က ကြီးကြပ်ပြီး ကျောင်းကားတစ်စီးတွင် ကျောင်းသား ၂၈ ဦးလိုက်ပါစီးနင်းနိုင်သည်။
 
ကျောင်းကားတစ်စီးတွင် ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်ကြီး
ကြပ်အမျိုးသမီးတစ်ဦး ပါရှိပြီးGPS တပ်ဆင်ကာ ကားသွားနေသည့် လမ်းကြောင်း၊ အရှိန်တို့ကို
Traffic Control Center မှ စောင့်ကြည့်စနစ် ထည့်သွင်းထားသည်။
 
‘‘လုံခြုံရေးအပိုင်း စိတ်ချရတယ်။ ပုဂ္ဂလိကကျောင်းကားတွေတုန်းက တစ်မနက်ကို နှစ်ခေါက်ပြည့်အောင် ဆွဲတော့ အတန်းကြီး သမီးက ၈ နာရီကျောင်းကို အစောကြီးထပြီး ကျောင်းမှာသွားစောင့်နေရတာ စိတ်အနှောင့်အယှက်
ဖြစ်ရတယ်။ အခုက သူ့အချိန်နဲ့သူစုရပ်ကို လာပို့လိုက်ရင် အဆင်ပြေတယ်’’ ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် ကမာရွတ်တီတီစီ ကျောင်းသားတစ်ဦး၏ မိခင်ဒေါ်ခင်လေးသိမ့်က ပြောသည်။
 
ကျောင်းကားသစ်များသည် ကလေးများအတွက် လုံခြုံရေးပိုင်းစိတ်ချရသော်လည်း ယခင်ပုဂ္ဂလိကကျောင်းကားများကဲ့သို့ အိမ်ရှေ့အရောက် ခေါ်ယူခြင်းမဟုတ်ဘဲ သတ်မှတ်စုရပ်သို့ လာ
ရောက်စီးနင်းရသည့် အခက်အခဲရှိကြောင်း ကျောင်းသားမိဘအချို့က ဆိုသည်။
 
ထို့အပြင် ပထမဆုံးပြေးဆွဲ
သည့်နေ့ဖြစ်ခြင်းကြောင့် ကျောင်းသားများက ၎င်းတစီု့းရမည့်ကားများကို မသိရှိခြင်း၊ ကျောင်းကားလာကြိုမည့်စုရပ်သို့ အချိန်မီမရောက်ရှိခြင်းများ ကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။
 
ကျောင်းကားစီးနင်းခနှုန်းထားများကို မြို့နယ်အလိုက်ကျပ်
၃၅,၀၀၀ မှ ၇၀,၀၀၀ အထိ သတ်မှတ်ထားသည်။
 
ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ၂၀၁၇ ဇူလိုင်က ကိုရီးယားနိုင်ငံထုတ် ဟွန်ဒိုင်းမီနီဘတ်စ်အစီးရေ ၂၀၀ ၀ယ်ယူခဲ့ပြီးယခုပညာသင်နှစ်တွင် အစီး ၁၀၀စတင် အသုံးပြုခြင်းဖြစ်သည်။ တိုင်းအစိုးရ ကြီးကြပ်သည့် ကျောင်းကားသစ်များအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ကျောင်းကားများကိုလည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကျောင်းကားသတ်မှတ်ချက်ပြည့်မီပါက ပြေးဆွဲခွင့်ပြုထားသည်။
 
 
 
 

Top News