ကျွန်တော်လေးမြတ်ရသော Invictus များ - ၃

၁၉၈၈မတ်လ ၁၂ ရက်။ စစ်အာဏာရူးတို့၏ သေနတ်ပြောင်းဝများ ကျောင်းတံခါးတို့ဆီသို့ ဦးလှည့်ခဲ့ကြသည်။ တဒိုင်းဒိုင်းမြည်ဟည်းသွားသော ယမ်းပေါက်ကွဲသံများ၊ ပတ်ဝန်းကျင်ကို  အုပ်ဆိုင်းသွားသော ယမ်းခိုးယမ်းငွေ့များ အကြားတွင် အာရ်အိုင်တီကျောင်းသားဘုန်းမော်  သွေးအိုင်တွင်း လဲကျ ကျဆုံးခဲ့ရပြီ။

မတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ပင်မအာရ်စီ ခန်းမရှေ့ အဓိပတိလမ်းမပေါ် တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော်မျှ စုဝေးခဲ့ကြသည်။ ဖောင်တိန်၊ ဘောပင်ကိုင်သော ကျောင်းသားတစ်ယောက် ရက် ရက်စက်စက် သေနတ်ဖြင့် ပစ် သတ်ခံခဲ့သည်ကို မခံမရပ်နိုင်ကြ သော ကျောင်းသားထုသည် စစ် အာဏာရှင်အသွင်ပြောင်း မဆလ တစ်ပါတီအာဏာရှင်တို့ကို အာခံ ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ရန်ကုန် တက္ကသိုလ်မှ အာရ်အိုင် တီသို့ လမ်းလျှောက်ချီတက်ကြ ရန် လမ်းမပေါ်သို့ ထွက်ခဲ့ကြ သည်။ အာဏာငမ်း ဖမ်းသူတို့က စေလွှတ်လိုက်သည့် ပါးကွက် အာဏာသားများ၏ လက်ထဲမှ လက်ကိုင်တုတ်များသည် လေထဲ သို့စွင့်ခနဲ၊ ဝင့်ခနဲ မြောက်သွားခဲ့ ပြီ။ ကျောင်းသား၊ ကျောင်းသူတို့ ၏ ဦးခေါင်းတို့တွင် သွေးတို့ဖြင့် ခြင်းခြင်းနီလေပြီ။ အင်းလျားကန် ပေါင်သို့အတက် ဖွေးလွလွ တံတားဖြူသည် တံတားနီအဖြစ် သို့ ပြောင်းသွားခဲ့ပြီ။ အင်းလျား ရေပြင်ကို ဖြတ်သန်းသွားသည့် လေနုအေးသည် သွေးညှီနံ့တို့ဖြင့် စွန်းထင်းလျက်။

သည်မှ နောက်ရက်များတွင် ကား ကျောင်းသား၊ ကျောင်းသူ အများတို့သည် ရက်စက်ကြမ်း ကြုတ်လှသော အာဏာရှင် အစိုးရအား အဆုံးတိုင် အန်တု ဖက်ပြိုင် ရင်ဆိုင်ရန် သန္နိဋ္ဌာန်ချခဲ့ ကြတော့သည်။ ‘ကျောင်းဝင်း အတွင်း ခြေနင်းဝင်ရောက်လာ သော လူသတ်လက်နက်များ’ကို ရင်ဆိုင် အန်တုရန်အတွက် ‘ကျောင်းနံရံတစ်ဝိုက် ဒေါင်း အလံကို ပြန်စိုက်ကြ’ ရပေတော့ မည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့။ ထိုနေ့၌ ရန်ကုန်တက္က သိုလ်ရှေ့ ယခင်ကျောင်းသား သမဂ္ဂ အဆောက်အအုံတည်ရှိခဲ့ ရာ မြက်ခင်းပြင်ထက်တွင် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ (ABFSU)ကို ပြန်လည်ဖွဲ့ စည်းခဲ့သည်။ ဖွဲ့စည်းခဲ့သည့် ကျောင်းသားသမဂ္ဂတွင် သူ့အား ဥက္ကဋ္ဌအဖြစ် ယာယီတာဝန်ပေး အပ်ခဲ့ကြသည်။ ထိုတာဝန်ကို လက်ခံအပြီးတွင်ပင် သမဂ္ဂဥက္ကဋ္ဌ အနေဖြင့် ကြေညာချက်ကို သူ ဖတ်ကြားခဲ့သည်။ ထိုကြေညာ ချက်ကား စစ်အာဏာရှင်အသွင် ပြောင်း တစ်ပါတီ အာဏာရှင်တို့ ကို တော်လှန်တိုက်ပွဲဝင်ကြရန် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ အဦးအစ တိုက်ပွဲခေါ်သံပင် တည်း။

ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်လာသောသူသည် ထောင် ပေါင်းများစွာသော ကျောင်းသား များကို ဦးဆောင်၍ မဆလအစိုးရ အား အာခံတော်လှန်ရေးကို စခဲ့ သည်။ မဆလအစိုးရ၏ ဆိုးယုတ် သမျှကို ရင်စည်းခံခဲ့ရသော ထောင်သောင်းများစွာသော ပြည် သူများသည် ကျောင်းသားများနှင့် အတူ လမ်းမများပေါ်သို့ ထွက် လာခဲ့ကြပြီ။ အမေရိကန်သံရုံးရှေ့၊ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း စသည့်နေရာတို့တွင် ထိုထိုသော တော်လှန်တိုက်ပွဲဝင်သူများကို စုစည်း၍ သူမိန့်ခွန်းပြောခဲ့သည်။ သူ၏ တော်လှန်မိန့်ခွန်းတို့သည် အာဏာရှင်တို့ကို အရှိုက်သို့ ပြင်း ထန်စွာ ထိုးနှက်ခဲ့သော လက်သီး ချက်များပင်။

ရှစ်လေးလုံး လူထုအရေး တော်ပုံကြီးသည် စက်တင်ဘာ ၁၈ ရက်နေ့တွင် အဆုံးသတ်သွား ခဲ့ရသည်။ မြန်မာနိုင်ငံသည် ဒုတိ ယအကြိမ် အာဏာသိမ်းခြင်းခံ လိုက်ရလေပြီ။ သပိတ်ကာလ တွင် ဦးဆောင်ခဲ့ကြသော ကျောင်း သားခေါင်းဆောင်များ၊ သပိတ် ခေါင်းဆောင်များသည် အာဏာ သိမ်းအဖွဲ့၏ လက်တံမှ လွတ် အောင် တိမ်းကြ၊ ရှောင်ကြရပြီ။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ဖြင့် အရေးတော်ပုံကို ဦးဆောင်ခဲ့ သူတစ်ဦး ဖြစ်ခဲ့သော သူ့အား ထောက်လှမ်းရေးများက ပိုက် စိပ်တိုက်ရှာကြပြီ။ မိတ်ဆွေများ ၏ နေအိမ်တို့တွင် သူခြေရာ ဖျောက် နေခဲ့ရသည်။ ညဘက် ညတာတွင် ဟိုအိမ်မှသည်အိမ်၊ သည်အိမ်မှ ဟိုအိမ် ပြောင်းအိပ်ခဲ့ ရသည်။

ထိုစဉ်က ထောက်လှမ်းရေး သမားအချို့မှာ နိုင်ငံရေးခေါင်း ဆောင်တို့အား သတင်းစုံစမ်း ထောက်လှမ်းဖမ်းဆီးရာတွင် အလွန်တော်လှသည်။ စစ်အာ ဏာသိမ်းပြီး လအနည်းငယ် အကြာတွင် သူအဖမ်းခံခဲ့ရသည်။ ငြိမ်ပိအစိုးရက သူ့အား ပုဒ်မ ၅(ည) ဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။ သူ့အား ဖမ်းဆီး သွားပြီး စစ်ဆေးသည့်အချိန်တွင် ညှဉ်းပန်းနှိပ်စက်မှုများက လူ မဆန်စွာ ပြင်းထန်လှသည်။ ကြားသိရသော သတင်းများအရ သူ့အား ရေထဲတွင် နှစ်ပတ်ကြာ အောင် မတ်တတ်ရပ်နေစေခဲ့ သည်ဟုဆို၏။ ထိုနှိပ်စက်ညှဉ်း ပန်းမှုသည် သူ၏ ဘယ်ဘက်ခြေမှ အကြောအရွတ်များကို ဆိုးဆိုး ရွားရွား ထိခိုက်ပျက်စီး စေခဲ့ သည်။ သို့သော် သူကား ထိုသို့ ဆိုးယုတ်လှသော နှိပ်စက်မှုများ အောက်တွင် ဒူးမထောက်ခဲ့။ စစ် အာဏာရှင်တို့၏ ရှေ့တွင် ဦး မညွှတ်ခဲ့။

၁၅ နှစ်တိုင်တိုင် လူ့ငရဲမှာ ခံစားခဲ့ရပြီး နောက်တွင်ကား ၂၀၀၄ နိုဝင်ဘာ ၁၉ တွင် သူ ပြန် လည်လွတ်မြောက်လာသည်။ အာဏာရှင်အဟောင်းမှ အသစ် ပြောင်းသွားလင့်ကစား မပြီးသေး သော အာဏာရှင် တော်လှန်ရေး တိုက်ပွဲကို သူ ဆက်လက်ဆင်နွှဲ သည်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှု၍ အမျိုးသား ညီလာခံဆိုသည်ကို ဖန်တီးကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုသည် ကို သူတို့စိတ်ကြိုက်ရေးဆွဲရန်၊  အတည်ပြုရန် ကြိုးပမ်းနေသော စစ်အာဏာရှင်တို့ကို သူအဆက် မပြတ် ဝေဖန်ထိုးနှက်ခဲ့သည်။ ထို့ အတွက် ရလဒ်ကား ၂၀၀၆ ခုနှစ် စက်တင်ဘာတွင် ဒုတိယမ္ပိ အ ကျဉ်းစခန်းသို့ မြန်းရပြန်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြန်လွတ်ခဲ့၏။

သူအဖမ်းခံရပြီးနောက်တွင် ၈၈ မျိုးဆက်ကျောင်းသား၊ ကျောင်းသူများသည် သူနှင့်တကွ မတရား ဖမ်းဆီးခံထားရသော နိုင်ငံရေးသမားများအား ပြန် လွှတ်ပေးရေးအတွက် စစ်အာ ဏာရှင်တို့အား တွန်းအားပေး သည့် အဖြူရောင်လှုပ်ရှားမှု (အဖြူရောင် အဝတ်အထည်များ ကိုသာ ဝတ်ဆင်ခဲ့ကြသည့် လှုပ် ရှားမှု - White Expression)ကို နိုင်ငံနှင့်အဝှန့်တွင် လုပ်ဆောင်ခဲ့ ကြသည်။ သူတို့သည် လက်မှတ် ရေးထိုး လှုပ်ရှားမှု (Signature Campaign)ကိုလည်း လုပ် ဆောင်ခဲ့ကြရာ ထိုအထဲတွင် မြန် မာစာပေလောကတွင် အဓိကရ ထင်ရှားလှသော လူထုဒေါ်အမာ ကဲ့သို့ ပုဂ္ဂိုလ်များပင် ပါဝင်ခဲ့ကြ သည်။

သူပြန်လွတ်လာပြီးနောက် တွင် ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့ကို ပါဝင်တည်ထောင် ဖွဲ့စည်းခဲ့သည်။ ၂၀၀၇ ခုနှစ် ‘ပွင့် လင်းနှလုံးသားလှုပ်ရှားမှု (Open Heart Movement) ပေါ်ပေါက် လာခဲ့သည်။ ထိုလှုပ်ရှားမှုသည် လွတ်လပ်စွာ ပြောဆိုဝေဖန်ပိုင် ခွင့်ကို ကျင့်သုံးကြရန် ပြည်သူ လူထုအား တိုက်တွန်းလှုံ့ဆော် သည့် လှုပ်ရှားမှုဖြစ်သည်ဟု ဧရာ ဝတီသတင်းမီဒီယာသို့ သူက ပြောကြားခဲ့သည်။ ပြည်သူလူထု သည် အုပ်ချုပ်နေသည့် အစိုးရ တစ်ရပ်အား လွတ်လပ်စွာ ဝေဖန် နိုင်ရမည်ဟုဆို၏။ ထို့နောက်တွင် ၈၈ ကျောင်းသား၊ ကျောင်းသူများ သည် မတရားဖမ်းဆီးခံထားရ သော နိုင်ငံရေးအကျဉ်းသားများ ၏ မိသားစုထံသို့ သွားရောက်တွေ့ ဆုံခြင်း၊ အကူအညီပေးခြင်းတို့ ကို လုပ်ဆောင်သည့် ‘အဖြူရောင် တနင်္ဂနွေ (White Sunday)’ လှုပ် ရှားမှုကို ၂၀၀၇ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ လုပ်ဆောင်ခဲ့ကြသည်။ ထိုလှုပ် ရှားမှုများ၏ ဂယက်ကြောင့် စစ် အာဏာရှင်တို့၏ ပြင်းထန်စူးရှလှ သည့် မေတ္တာကို ခံယူရပြန်သော သူ့မှာ အကျဉ်းသားဘဝသို့ တတိ ယမ္ပိ ရောက်သွားရပြန်တော့ သည်။

၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ညကြီးသန်းခေါင်တွင် သူ့ အိမ်သို့ လာရောက်ဖမ်းဆီးခြင်းခံ ခဲ့ရသည်။ ဆန္ဒဖော်ထုတ်ရန် စည်းရုံးလှုံ့ဆော်ခဲ့မှုဟုဆိုကာ ဖမ်း ဆီးခံခဲ့ရခြင်းဖြစ်သည်။ အကျဉ်း ထောင်တွင်း တရားရုံးတွင် တစ် ဖက်သတ် စစ်ဆေးသည်။ ထို တရားရုံးကို အသိအမှတ်မပြုဟု သူက ပြတ်သားစွာ တုံ့ပြန်ခဲ့ သည်။ သူ အသိအမှတ်ပြုသည်၊ မပြုသည်ကို နဝတ တရားသူကြီး က အမှုမထား။ အထက်မှပေး လာသည့် အမိန့်အတိုင်း သူ့အား ထောင်ဒဏ် ၆၅ နှစ်ဟု စီရင်ချက် ချမှတ်ခဲ့သည်။ ထိုနေ့ကား ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့။ သူ့အား ဖမ်းဆီးအကျဉ်းချထားပြီး နောက် တစ်နှစ် သုံးလနှင့် ဆယ် ရက်တိတိမြောက်သောနေ့။

မတော်မတရား ပြစ်ဒဏ်ချ မှတ်ပြီးနောက် လေးရက်မြောက် သောနေ့တွင် သူ့အား ရှမ်းပြည် နယ် ကျိုင်းတုံထောင်သို့ ပြောင်း ရွှေ့ခဲ့သည်။ ထိုထောင်တွင် စိုစွတ်ထိုင်းမှိုင်းသော အကျဉ်းတိုက်၌ သူ့အား တစ်ယောက်တည်း  သီးခြားခွဲ၍ ချုပ်နှောင်ထားခဲ့သည်။ သို့သော် သူကားနကမ္ပတိ။

နိုင်ငံရေးခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များကို အကျဉ်းထောင်အသီးသီးတွင် လုံ ခြုံစွာ ပိတ်လှောင်ထားပြီးနောက်၊ နေအိမ်အကျယ်ချုပ်ချထားပြီး နောက်၊ နောက်ကြောင်းမပြန်ရ ဥပဒေတို့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပိုင်ပိုင်နိုင်နိုင် ထည့် သွင်းပြဋ္ဌာန်းပြီးနောက် စစ်အာ ဏာရှင် ခေါင်းကြီးပိုင်းတို့သည် သွားကြားကလေးထိုးကာ အိမ် တော်ပြန်သွားကြပြီ။ ဒေါ်အောင် ဆန်းစုကြည် နေအိမ်အကျယ်ချုပ် မှ ပြန်လွတ်မြောက်လာသည်။ ၂၀၁၂ ဇန်နဝါရီ ၁၃ တွင် အဖမ်းခံ ထားရသော နိုင်ငံရေးအကျဉ်း သားများနှင့်အတူ သူပြန်လွတ် လာခဲ့သည်။ အကျဉ်းထောင်ပြင်ပ မြေပြင်ကို နင်းလျှောက်လာသော သူ၏ ခြေနှစ်ဖက်သည် မြေအကျ မညီတော့ပြီ။ သူ့ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုသည် အကျဉ်းခန်းထဲ တွင် ကျန်ခဲ့ပြီ။ သူ့ဘဝ၏ သက် တမ်းတစ်ဝက်မျှသည် အကျဉ်း ထောင်ထဲတွင် ကုန်လွန်ခဲ့ရလေ ပြီ။ သို့သော် သူ့စိတ်ဓာတ်၏ ကျန်းမာရေးသည်ကား စိန်သွား အသွင် သံမဏိအလား။ သူ့ခံယူ ချက်နှင့် ယုံကြည်ချက်တို့သည် လည်း အရောင်မလွင့်။ တံခွန် လွှားလျက်ပင်။

သူသည် မြန်မာ့နိုင်ငံရေး လောကတွင် အိမ်ရှေ့ ဥပရာဇာ ဟု တင်စားဆိုစမှတ် အပြုခံရသူ ဖြစ်၏။ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နောက်တွင် သူ၏ အမည်သည် လူသိအများ ဆုံးဖြစ်၏။ ငြင်းဖွယ်မရှိ။ သို့သော် သူသည် နိုင်ငံရေးအာဏာကို မမက်မော။ သို့အတွက်လည်း နိုင်ငံရေးပါတီမထောင်၊ နိုင်ငံရေး ပါတီများတွင် ဝင်မပါ။ ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းကို ရဲဘော်ရဲဘက် များနှင့်အတူ ဖွဲ့စည်းကာ အများ အကျိုး၊ ပရဟိတအလုပ်များကို ဆက်တိုက် ဆောင်ရွက်နေခဲ့ သည်။ နိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စ များတွင် သူအားသွန်ခွန်စိုက် ပါဝင်သည်။ ကလေးသူငယ်များ ကို ကူညီစောင့်ရှောက်ရေး၊ ကလေးသူငယ်များ အသိဉာဏ် ရည် မြင့်မားရေးတို့ကိုသာ သူ ဇောက်ချလုပ်ဆောင်နေခဲ့သည်။ ထို့တပြင်လည်း အနုပညာစာပေ ရသတို့ကို သူဖန်တီးကာ လော ကကို ပေးအပ်နေခဲ့သည်။

သူအကျဉ်းထောင်မှ လွတ် မြောက်လာပြီးနောက်တွင် ကျင်း ပခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ၊ ၂၀၁၅ နိုင်ငံလုံးဆိုင် ရာ လွှတ်တော်ရွေးကောက်ပွဲ စသည်တို့ကို လျစ်လျူရှုခဲ့သည်။ ငါးပိရည်ကောင်းသည်ဟု နှုတ်က တဖွဖွပြောကာ ပုစွန်ထုပ်ဟင်း ခွက်တွင် လက်ချင်းဆုံနေကြသူ များကို သူမနှစ်သက်။ ရေဆန်၊ လေဆန် ခရီးတွင် တက်စီးလိုက် သူများကို သူမနှစ်သက်။ ‘ဝေစု တောင်းလျှင် လှော်တက်တစ် ချောင်းစီ’ပေးချင်သူဖြစ်၏။ သူ့ အတွက်ကား မည်သည့်အကျိုး ရလဒ်ကိုမှ သူမမျှော်လင့်။ သူ့ဆန္ဒက လူစုရမည်ဆိုလည်းစုပေးလိုသူ၊ ခုံစီ၊ခုံခင်းပေးရမည် ဆိုလည်း ခင်းပေး၊ စီပေးလိုသူဖြစ်၏။သူ၏မက်မောမှုမှာ ကင်းဗတ်ဖျင်များ၊ စက္ကူများ၊ စုတ်တံများ၊ ဆေးခွက်များ၊ စကားလုံးများ၊ နိမိတ်ပုံများ၊ ကာရန်များသာဖြစ်တော့သည်။

သူနှင့်အတူ ခရီးများစွာ ထွက်ဖူးခဲ့သည်။ သူတစ်ပါး အကြောင်း ပြစ်တင်ဝေဖန်ပြောဆို သည်ကို တစ်ခါဖူးမျှ မကြားခဲ့ရ။ သူနှင့်အတူ စင်မြင့်များစွာထက် တွင် ဟောခဲ့၊ ပြောခဲ့ဖူးသည်။ အကြောင်းအကျိုးမဲ့ ဝေဖန်ပြော ဆိုခြင်းများ၊ မည်မျှပေးဆပ်ခဲ့ပါ သည်ဟု ကိုယ်ရည်သွေး ပြောဆို ခြင်းများကို တစ်ရံတစ်ဆစ်မျှ မကြားခဲ့ရ။ သို့သော် အမျိုးသား ရင်ကြားစေ့ရေးဆိုသော်လည်း တစ်ဖက်သတ် အလျှော့ပေးရင် ကြားစေ့ရေးမျိုးကို သူမနှစ်သက်။ ဒီမိုကရေစီ အရွေ့တစ်ခုသို့ ရောက်နေပြီဟု ဆိုနေကြသော် လည်း လက်ဆုပ်မဖြန့်ကြသေး သည့် လုပ်ဆောင်ချက်တို့ကို သူ သဘောမတွေ့။ ပြောင်းလဲချင်ကြ ပါသည်ဆိုသော်လည်း အပြောင်း အလဲတွင် မလိုက်ပါနိုင်ကြသူတို့ ကို သူဘဝင်မကျကြောင်းကိုတော့ ကောင်းစွာ သိခဲ့မြင်ခဲ့ရသည်။

သူနှင့် စာအကြောင်း ပေ အကြောင်း ပြောကြရာမှ တစ်ခါ သားတွင် Invictus ကဗျာ အကြောင်း သူ့အား ပြောမိသည်။ သူက ထိုကဗျာအား သူအလွန် နှစ်သက်ကြောင်း၊ ထိုကဗျာ၏ ဘာသာပြန်သူအမည်သည် ဝိဝါဒ ကွဲနေကြောင်း ပြောပြသည်။ ကျွန်တော်က သူ့အား ထိုကဗျာ ကို ရေးခဲ့သည့် ဟင်နလေ (Henley) သည် အသက် (၁၂) နှစ်အရွယ်ကပင် Tuberculosis of Bone ရောဂါကို ခံစားခဲ့ရ ကြောင်း၊ ဤကဗျာကို အသက် (၂၆) နှစ်အရွယ် ရောဂါအပြင်း အထန် ခံစားနေရချိန်တွင် ဆေးရုံ ထက်တွင် ရေးသားခဲ့ခြင်းဖြစ်ရာ ‘‘ဟုတ်လား၊ သြော်...ကဗျာမှာ နောက်ခံ အကြောင်းရင်းရှိတာကိုး။ ကောင်းလိုက်တာဗျာ။ အရင်က အဲဒါ မသိခဲ့ဘူး’’ဟု နိဝါတစကား ကို ဆို၏။

သူ့အား ကြည့်နေရင်းတွင် Invictus ကဗျာထဲမှ My head is blood, but unbowed ဟူသော အပိုဒ်နှင့် I am the captain of my soul ဟူသော အပိုဒ်တို့ကို ရင်ထဲတွင် ရွတ်ဆိုနေမိ၏။

သူသည်ကား သူ၏ စွန့် လွှတ်ခြင်း၊ ပေးဆပ်ခြင်းတို့ အတွက် လောကကြီးထံမှ မည် သည့်အရာကိုမျှ ပြန်လည်ရလိုမှု မရှိခဲ့သူဖြစ်၏။ ယူလိုလျှင် ရနိုင် ခွင့်ရှိသော နိုင်ငံရေးအာဏာ၊ ရာထူးအာဏာတို့ကို စွန့်လွှတ် ကာ ကဗျာရေးခြင်း၊  ပန်းချီဆွဲ ခြင်းနှင့် ပရဟိတလုပ်ငန်းတို့ကို လုပ်ဆောင်ခြင်းကိုသာ ရွေးချယ် ခဲ့သူဖြစ်၏။ သူ့ဝိညာဉ်ကို သူပင် လမ်းပြညွှန်ခဲ့သော မာလိန်မှူး တစ်ယောက်ပင် ဖြစ်တော့သည်။

သူသည်ကား ရဲဘော်ရဲဘက် များက ‘ကိုပေါ်’ဟု ချစ်ခင်စွာ ခေါ်ကြသော ‘မင်းကိုနိုင်’ပင်တည်း။

(ဆောင်းပါးရှင် ထင်လင်းဦး(Wis-dom Villa)သည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာနှင့် နိုင်ငံရေးဝေဖန်သုံးသပ်ချက်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်းပါးများ၊စာတမ်းများ၊ ၀တ္ထုများရေးသားနေသူဖြစ်သည်။)

(ဆက်လက်ဖော်ပြပါမည်)

Top News