ဓူဝံကြယ်တောင်မှ တောင်ဘက်အရပ်ကို ရွေ့သေးတာပဲကို

ပညာဟူသည် လောက၌ အကောင်း၊ အဆိုး၊ အကျိုး၊အပြစ်တို့ကို ခွဲခြမ်းသိမြင်နိုင်သော အစွမ်းသတ္တိ၊ ပြုဆောင်ဖွယ်တို့၌သင့်၏၊ မသင့်၏၊ လျော်၏၊  မလျော်၏ဆိုသည်ကို  ပိုင်းဖြတ်နိုင်သောအစွမ်းသတ္တိဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ မဃဒေဝ လင်္ကာကျမ်းကြီးပိုဒ်ရေ ၂၀၀ တွင် ‘ပညာပြည့်ဝ နှလုံးလှသော် ကိစ္စကြီးငယ်ဆောက်သဖွယ်လျှင် ကျဉ်းကျယ်ထွင်းဖောက်ဖြတ်တောက်လိုရာပြီး နိုင်စွာ၏’ ဟုဆိုပေ၏။

ပညာမြင့်မှ လူမျိုးမြင့်မည် ဟု ဆိုကြ၏။ မှန်ပေသည်။ ပညာ သည် လောကကို ဦးဆောင်နိုင် ၏။ ၁၉၅၆ ခုနှစ်က ရေပင်ဝယ် သောက်ခဲ့ရသော ကျွန်းတံငါရွာစု ကလေးတစ်ခုကို ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့ရသော လီ ကွမ်ယုဆိုသည့် တိုင်းပြည်ပြု သုခမိန်သည် သယံဇာတဟူ၍ မူး၍ပင် ရှူစရာမရှိသော တိုင်း ပြည်ကလေးကို ယနေ့ ကမ္ဘာ့ အလယ်တွင် စွင့်စွင့်မြင့်မြင့် အနေအဆင့်သို့ ပို့ဆောင်ပေးခဲ့ သည်။ ထိုသို့ ပို့ဆောင်ခဲ့ရာတွင် သူကိုင်စွဲခဲ့သော မူဝါဒကား စင် ကာပူနိုင်ငံသားတို့၏ ပညာရည် မြင့်မားရေးပင်တည်း။

မြန်မာနိုင်ငံတွင်လည်း လူ သားအရင်းအမြစ် ဖွံ့ဖြိုးစေရန် အတွက် ပညာရေးကဏ္ဍ မြှင့်တင် ရေးကို အလေးထား ဆောင်ရွက် လျက်ရှိလေပြီ။ နိုင်ငံတော်၏ အနာဂတ်ဖြစ်သော ကလေးသူ ငယ်တို့အား ပညာဖြင့် တန်ဖိုးမြှင့် လျက် ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံသစ်ကို အမှန်တကယ် တည်ဆောက်ရန်၊ ကလေးသူငယ် တိုင်း အခြေခံပညာကို မဖြစ်မနေ သင်ယူနိုင်ကြစေရန် ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်း အပ်နှံရေး သီတင်းပတ်ဟုလည်း သတ်မှတ်ဆောင်ရွက်နေသည်ကို မြင်ရ၊ ကြားရ၏။ ဝမ်းမြောက်ဖွယ် ရှိပေစွ။ ဤမျိုးဆက်သစ် လူငယ် ကလေးများ ပညာပြည့်ဝ နှလုံး လှလာကြမည်ဆိုလျှင် ကိုရီးယား၊ စင်ကာပူတို့၏ နောက်ကျောကို ကြည့်ကာ သက်ပြင်းချနေရန် မလိုတော့ပြီ။

ယခု အစိုးရလက်ထက်တွင် နိုင်ငံသားတိုင်း၏ ရင်သွေး သား သမီးများ မကြွင်းမကျန် ပညာ သင်ယူနိုင်ရေးအတွက် အခမဲ့ ပညာရေးစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်နေ၏။ ကျေနပ်ဖွယ်ရှိပေစွ။ ကျောင်း သား၊ ကျောင်းသူကလေးများ အတွက် ကျောင်းဝတ်စုံများကို ထောက်ပံ့ဖြည့်ဆည်းပေးနေ သည်။ ကြည်နူးဖွယ်ရှိပေစွ။ သို့ သော် ထိုကျောင်းဝတ်စုံများတွင် မူလက နမူနာပြသည့် ကျောင်း ဝတ်စုံနှင့် အမှန်တကယ် ဖြန့်ဝေ ပေးသော ကျောင်းဝတ်စုံတို့ အရည်အသွေး ကွာခြားသည်ဟူ သော အသံတို့က ထွက်လာ၏။ ကျောင်းဝတ်စုံ၏ ပိတ်စက ပါး လွန်းသည်။ ပူအိုက်သော ရာသီ ဥတုရှိသည့် မြန်မာနိုင်ငံအလယ် ပိုင်းဒေသတွင် ထိုဝတ်စုံများကို ဝတ်ဆင်ရန် အဆင်မပြေ။ ချုပ်ရိုး ချုပ်သား မကောင်း။ စသဖြင့် မိဘအတော်များများထံမှ အသံ များထွက်လာသည်။ သတင်းမီဒီ ယာ စာမျက်နှာများထက်တွင် တွေ့မြင်လာရ၏။ မကွေးတိုင်းမှ ပညာရေးဝန်ကြီးကတော့ ပြန် လည်စစ်ဆေးမည်ဟု ဆို၏။ ကောင်းတော့ ကောင်း၏။ အ ကောင်းမကုန်သေးသည့်သဘောများကိုလည်း မြင်နေရသေး၏။ ဘာပဲဖြစ်ဖြစ် သိသိသာသာကြီး လုပ်ကြသည့်ခေတ်မှ မသိမသာကလေး လုပ်ကြသည့် အခြေသို့ ပြောင်းလဲလာသည်ကိုပင် ဝမ်းသာနေရသေးသည်။ ခေါင်းတွဲပြောင်းသော်လည်း တွဲဟောင်းများက ဘရိတ်ငြိနေသည်များကလည်း ရှိနိုင်ပါသေးသည်ကိုး။

အဓိက မြန်မာ့ပညာရေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲရမည် ကား သင်ကြားမှု၊ သင်ယူမှုနည်း စနစ်ဟု ဆိုကြ၏။ မြန်မာနိုင်ငံ၏ ပညာရေးကို နှုတ်တိုက်သင်၊ အလွတ်ကျက်ဖြေ ပညာရေး (Parrot Learning)ဟု ကျွမ်းကျင် သူများက ပြောကြ၏။ ဟုတ်၏၊ မဟုတ်၏ကိုတော့ မိဘအများပင် သိကြပါလိမ့်မည်။ အလွန်စာ အော်ကျက်တတ်သော ကလေး သည် စာကြိုးစားသည်ဟု ပတ် ဝန်းကျင်၏ ချီးမွမ်းခြင်းကို ခံရ၏။ စဉ်းစားကာ၊ တွေးတောကာ၊ အချက်အလက်တို့ကို ထုတ်နုတ် ကာ စာကျက်သော ကလေးသည် စာအုပ်ကို ရှေ့ချ၍ စာကျက်ဟန် ဆောင်သည်ဟု သင်္ကာမကင်းဖြစ် ခြင်းကိုခံရ၏။ (တကယ်ဟန် ဆောင်သော ကလေးအချို့လည်း ရှိပေလိမ့်မည်)။ သို့ဖြစ်ရကား အလောင်းစည်သူမင်းကြီးသည် အင်း ... အလောင်းစည်သူမင်း ကြီးသည် ...အင်း ဟယ် အမတ် တို့ ... အင်း ဟယ်အမတ်တို့ ... ငါမအိုသေး... ဟင်း ... ငါမအို သေးဟု ဆိုလိုက်လေသတည်း.. ဟု အော်ကာဟစ်ကာ စာကျက် နေသော ကလေးများကို ပတ်ဝန်း ကျင်တွင် မြင်နေ၊ တွေ့နေရသည် မှာ အံ့သြဖွယ်မရှိပြီ။

ဆရာအော်ပီကျယ်၏ ဟော ပြောပွဲတစ်ပွဲတွင် ဧဝံ မေ သုတံ -ခဲ့ရသည်ကို ဖောက်သည်ချရပေ ဦးမည်။ ဆရာ့သမီးကလေးက  ၁၀ တန်းဘိုင်အိုတွဲယူ၏။ ဆရာ့ မိတ်ဆွေ ဇီဝဗေဒကထိကက ဇီဝ ဗေဒဆိုသည်မှာ အဓိကအချက် အလက်ကို အမှတ်ပေးခြင်းဖြစ် သည်။

 အင်္ဂလိပ်စာရေးဖြေသကဲ့ သို့ အမှတ်ပေးသည်မဟုတ်။ သို့ ဖြစ်၍ ဆရာ့သမီးကို အဓိက အချက်အလက်တွေ မှတ်စုထုတ် ပြီး ကျက်ခိုင်းပါဟု အကြံဉာဏ် ပေးလိုက်၏။ သမီးက ဇီဝဗေဒ ကို အင်္ဂလိပ်စာဖတ်သကဲ့သို့ ဖတ် နေချိန်တွင် ဆရာက သွားပြော ၏။

 ‘‘သမီး အဖေ့မိတ်ဆွေ ဆရာမကြီးက ပြောလိုက်တယ်။ ဇီဝဗေဒဆိုတာ အင်္ဂလိပ်စာကျက် သလိုမကျက်ရဘူးတဲ့။ အဓိက အချက်အလက်တွေကို မှတ်စု ထုတ်ပြီး ကျက်ရတယ်တဲ့၊ သမီး အဲဒီလို လေးကျက်’’ သမီးဖြစ်သူ က ပြန်ပြော၏။ ‘‘ဟုတ်ကဲ့ ဖေဖေ’’တဲ့။ ခဏနေတော့ကလေး က ယခင်အတိုင်းပင် အော်မြဲ အော်လျက် အော်ကာ ကျက်နေ ၏။ ဆရာက သမီးအနားသို့ သွားပြန်သည်။ သမီး ဇီဝဗေဒ ဆိုတာ အင်္ဂလိပ်စာကျက်သလို မကျက်ရဘူးတဲ့။ အဓိက အချက် အလက်တွေကို မှတ်စုထုတ်ပြီး ကျက်။ ဟုတ်ကဲ့ဖေဖေ။ ပြီးတော့ အရင်အတိုင်း။ ဆရာထသွား ပြန်သည်။ ‘‘ဟဲ့သမီး ဘာဖြစ်လို့ အသားကုန် အော်ကျက်နေတုံး၊ အဓိက အချက်အလက်တွေကို မှတ်စုထုတ်ပြီး ကျက်ပါဆို’’ ဟု ဆိုတော့ မျက်နှာငယ်လေးနှင့် ပြန်ဖြေသတဲ့။ ‘‘အဓိကအချက် တွေကို သမီးမထုတ်တတ်ဘူး ဖေဖေ’’တဲ့။ ဆရာက ရင်နာနာဖြင့် အရွှန်းဖောက်၍ ပြောရှာသည်။

နောက်တစ်ပွဲတွင်တော့ သူ့ သားလေးအကြောင်းပြောသည်။ သားကတော့ သမီးလိုမဟုတ်။ အငယ်ဆုံးမို့ ဂျစ်တစ်တစ်ဟု ဆရာက စကားခံထား၏။ တစ် နေ့ သူက ကာတွန်းဆွဲနေခိုက် သူ့ သားငယ် စာကျက်နေသံကို ကြား ရ၍ သူ့စိတ်ထဲ ကြည်နူးနေသည်။ သို့သော် မကြာမီ သူမျက်လုံးပြူး သွားရသည်။ သူ့သားက ‘‘ကျွန် တော်၏အဖေသည် ဦးဘဖြစ်ပါ သည်’’ဟု အခေါက်ခေါက် အပြန် ပြန် အော်နေသည်ဆိုပဲ။ သူ မနေနိုင်တော့။ သူ့မိန်းမရှိရာ နောက်ဖေးခန်းသို့သွားကာ မေးရ ၏တဲ့။ ‘‘မိန်းမ ငါခရီးသွားနေတုန်း များ ဦးဘဆိုတဲ့သူ အိမ်လာသေး လား’’ဟုဆိုတော့ မိန်းမက ရှင် ဘာတွေလာပြောနေတာလဲ။ ကလေး သူ့ဘာသာသူ စာကျက် နေတာကိုဟု ငေါက်လွှတ်ခံလိုက် ရသတဲ့။ သို့နှင့် သားထံသို့သွား ကာ ပြော၏။ ‘‘သား အဖေ့နာမည် က အမည်ရင်းက ဦးဝင်းနိုင်လေ။ ကာတွန်းဆွဲတော့ အော်ပီကျယ်။ ဘယ်လိုဖြစ်လို့ မင်းက ကျွန်တော် ၏အဖေသည် ဦးဘဖြစ်ပါသည်လို့ အော်နေရတာတုံး’’ဟု မေးတော့ သားလုပ်သူက သူ့ကို ပြန်ကြည့် ကာ‘‘အဖေကလည်းဗျာ စာကျက် နေတာကို ဘာတွေလာပြောလဲ မသိဘူး။ ဒါ ဆရာမရေးပေးတဲ့ အတိုင်းကျက်ရတာ’’ဟုဆိုသတဲ့။ ‘‘သားသူငယ်ချင်းတွေလည်း သွား ကြည့် သူတို့အဖေတွေလည်း ဦးဘပဲ’’ဟု ဆိုသည်တဲ့။ အဲဒီ တော့ ဆရာက ‘‘သားရယ် ဆရာမက တစ်တန်းလုံးအတွက်မို့ ဒီလိုရေးပေးတာ ဖြစ်ပါလိမ့်မယ်။ သားက ပြင်လိုက်ပေါ့’’ဟုဆိုတော့ သားက‘‘ဟာ ... မပြင်ရဲပါဘူး တော်ကြာ အရိုက်ခံရမှာပေါ့’’ဟု ပြန်ပြောသည်ဆို၏။ ဆရာအော် ပီကျယ်က ဆရာ၊ ဆရာမများကို အပြစ်မဆိုခဲ့ပါ။ ပညာရေးစနစ်၏ ချွတ်ယွင်းချက်တစ်ခုကို ထောက် ပြသွားခြင်းသာ ဖြစ်ပါ၏။ ဆရာ့ စကား မှန်၊ မမှန်ကိုလည်း မြန်မာ နိုင်ငံတစ်လွှားမှ မိဘများ ကောင်း စွာသိကြပါလိမ့်မည်။ အခြား စာရေးဆရာတစ်ဦးဆိုလျှင် ‘‘ကျွန် တော်တို့ မြန်မာတစ်နိုင်ငံလုံးမှာ ကျောင်းသား အများစုရဲ့ အဖေ က ဦးဘဖြစ်နေတယ်’’ဟု စိတ် ပျက်လက်ပျက် ပြောဖူး၏။ဆရာတစ်ပါးကတော့ ငါတို့ ပညာရေးစနစ်က တောက်တိုမည် ရ ပညာရေးစနစ်ကွ။ တော တောက်တောက် တောက်တောက် နဲ့ တိုတိုထွာထွာတော့ သိနေတာ ပဲ။ ဒါပေမဲ့ ဘာမှ မည်မည်ရရ မတတ်ဘူးတဲ့။ ပညာရေးကဏ္ဍ မြှင့်တင်ဖို့ စနစ်ပြောင်းပါ၊ စနစ် ပြောင်းပါပြောလည်း သင်ရိုးစာ အုပ်ပဲ ပြောင်းပြောင်းရိုက်နေတာ  ပဲ။ သင်တဲ့စနစ်လည်း မပြောင်း၊ စာမေးပွဲစနစ်လည်းမပြောင်း၊ သင်ထောက်ကူ ပစ္စည်းက မပြည့် စုံ၊ ဘယ့်နှယ်လုပ်ကြမလဲတဲ့။ မိတ်ဆွေဆရာများက ညည်းကြ ၏။ မောင်ထင်ခမျာ ဘာပြန်ပြော ရမှန်းမသိ။

တစ်ခုတော့ ပြောနိုင်၏။ နိုင်ငံတော်၏ ပညာရေးကဏ္ဍ မြင့်မားဖို့ဆိုလျှင် နိုင်ငံ၏ အနာ ဂတ်ကလေးငယ်တို့အား နိုင်ငံ တကာအဆင့်မီ အသိပညာ၊ အတတ်ပညာများ သင်ကြားပေး နိုင်ရန် အရေးကြီးသည်မဟုတ် လော။ နိုင်ငံတကာ အဆင့်မီ သင် ရိုးညွှန်းတမ်းတို့ကို ပြုစုရပေလိမ့် မည်။ ထိုသင်ရိုးညွှန်းတမ်းတို့ကို စာသင်ခန်းများအတွင်းသို့ ထည့် သွင်းသင်ကြားပေးရပေလိမ့်မည်။ သို့ဖြစ်ရကား ပညာရေးမြှင့်တင် ရန်အတွက် သင်ရိုးညွှန်းတမ်း အသစ် ပြောင်းလဲခြင်း၊ သင်ရိုး ပုံနှိပ်စာအုပ်များ ရိုက်နှိပ်ထုတ် ဝေခြင်းကို ဝမ်းမြောက်ကြိုဆိုရပေ မည်။ မောင်ထင်ကား သို့လျှင် ခံယူ၏။ သို့ဖြစ်ရကား သင်ရိုးညွှန်း တမ်းစာအုပ်များ အသစ်ပြင်ဆင် ခြင်း၊ ရိုက်နှိပ်ခြင်းတို့ကို မောင် ထင်ကား သဘောကျ၏။ သို့သော် ... အဲ... သို့သော်။

ဇွန်လ ၃ ရက်တွင်ကား ကျောင်းသားမိဘ မိတ်ဆွေတစ်ဦး က မောင်ထင့်ထံ ဖုန်းဆက်လာ ၏။ ကိုထင်ရေ ပဉ္စမတန်း ပထဝီ ဝင်စာအုပ် စာမျက်နှာ (၄)ကို ကြည့်လိုက်ပါဦးဗျာ။ အတော် တော့ စိတ်ညစ်စရာ ကောင်းနေပါ ပြီ။ အီကွေတာက မြန်မာနိုင်ငံ အပေါ် ရောက်နေပြီဗျဟုဆို၏။ ‘‘သြော် သဟာကြောင့် ရန်ကုန်မြို့ ကြီး အပူချိန်တွေ တိုးလာတာဖြစ် မှာပေါ့ဟ’’ဟု ဆိုမိတော့ ‘‘ခင်ဗျား မနောက်နဲ့နော်’’ဟု ဖုန်းထဲမှ ပြန် အော်၏။ သို့နှင့် မိတ်ဆွေဆရာမ တစ်ဦးထံ ဖုန်းဆက်ကာ ‘‘ဆရာမ ရေ ပဉ္စမတန်း ပထဝီဝင်ဖတ်စာ အုပ်လေး’’ဟု ပြောမိရုံရှိသေး ‘‘သြော် ...ဆရာတောင် သတင်း ရထားပြီကိုး။ ကျွန်မ ဓာတ်ပုံရိုက် ပြီး ဗိုက်ဘာက ပို့လိုက်မယ် ဆရာရေ’’ဟု စိတ်ပျက်လက်ပျက် ဆိုရှာ၏။ ဆရာမပို့လိုက်သော ပုံ ကို ကြည့်မြင်ရပြီးသောအခါတွင် ကား မောင်ထင့်စိတ်အာရုံတွင် ဖတ်ဖူးသော ဟာသပုံပြင်လေး တစ်ပုဒ်ကို ပြန်လည်သတိရမိ၏။

ကြယ်စုံဝင်းပ ညတစ်ည တွင် မြေးကလေးက အဘိုးဖြစ်သူ ကိုမေး၏။ ‘‘အဘိုး ဟိုးတောင် ဘက်က ဝင်းလက်နေတဲ့ ကြယ် ကြီးက ဘာကြယ်လဲဟင်’’တဲ့။ အဘိုးက ပြောင်းဖူးဖက် ဆေး လိပ်ကြီးကိုဖွာရင်း ဖြေသည်။ ‘‘အဲဒါ ဓူဝံကြယ်ပေါ့ ငါ့မြေးရဲ့ ဓူဝံကြယ်။ အယ့်ဟယ် မြေမှာ ခကြွေ... ကောင်းကင်မှာ ကောင်း ကင်မှာ နေလတွေ ကွယ်စေ ...ဆိုတဲ့ သက်ဝေသီချင်းထဲက ဓူဝံကြယ်ဆိုတာ အဲဒီကြယ်ကြီး ပေါ့’’လို့ ဆိုသတဲ့။ ထိုအခါ မြေးငယ်က ‘‘ဟာ အဘိုးကလည်း လူကြီးတွေ ပြောတော့ တောင်-တံငါ ကွန် (တံငါကွန်တိုင်ကြယ်)၊ မြောက်-ဓူဝံဆို ဘယ့်နှယ် တောင်ဘက်က ကြယ်က ဓူဝံ ကြယ်ဖြစ်နိုင်မှာတုံး’’...လို့ဆို၏။ အဘိုးဖြစ်သူ ဆတ်ခနဲ တုန်သွား ၏။ ဆေးလိပ်မီးပွားတွေ ဖွေးခနဲ ကြွေကျ၏။ နှုတ်ခမ်းမွေးတွေ ထောင်သွား၏။ ဟိုကြည့်သည် ကြည့်လုပ်ရင်း မြေးကလေး နား နားကို တိုးတိုးလေးကပ်ပြော၏။ ‘‘ဟဲ့ ငါ့မြေးရဲ့ တိုးတိုး...၊ ဓူဝံ ကြယ် တောင်ဘက်ပြောင်းသွား တာ တော်ရုံတန်ရုံလူတွေ မသိ ဘူး။ အဘိုးနဲ့မင်း နှစ်ယောက်ပဲ သိသေးတာ’’လို့ဆိုပါသတဲ့။

သည်ပုံပြင်ကလေးကို ညွှန်း ကာ မိတ်ဆွေတို့အား မေတ္တာ စကားဆိုချင်ပါ၏။

အို... မိတ်ဆွေအပေါင်းတို့။ ပဉ္စမတန်း ပထဝီဝင် သင်ရိုးညွှန်း တမ်းစာအုပ်တွေ အီကွေတာ မြန်မာပြည်ပေါ်ရောက်နေ၍ စိတ် မကောင်းမဖြစ်ကြပါကုန်လင့်။ သင်ရိုးညွှန်းတမ်းဟူသည် အသစ် အသစ်သော ပြောင်းလဲမှုများကို ပြင်ဆင်ထည့်သွင်း ရိုက်နှိပ်ရမြဲ တည်း။ ရှေးက ဆရာများ၏ သွန် သင်ချက်များတွင် နေ၊ လ၊ ကြယ် တာရာတို့သည် ကမ္ဘာကို ဗဟိုပြု ၍ လှည့်လည်သွားလာနေကြ သည်ဟု သင်ကြားခဲ့ရာမှ ယနေ့ ခေတ်တွင် ကမ္ဘာသည် နေ၏ အရန်ဂြိုဟ်အဆင့်သို့ လျှောကျ သွားခဲ့ရပြီ မဟုတ်လော။ ပလူတို ကို ယခင်က နေစကြဝဠာ၏ ကိုးခုမြောက်ဂြိုဟ်တစ်ခုဟု အသိ အမှတ်ပြုထားခဲ့ရာမှ ၂၀၀၆ ခုနှစ် တွင် အာကာသသိပ္ပံဆိုင်ရာ အသစ် လေ့လာတွေ့ရှိမှုများ ကြောင့် နိုင်ငံတကာ အဖွဲ့အစည်း က ယင်းအား ဂြိုဟ်အဆင့်မှ လျှော့ချ၍ ဂြိုဟ်သိမ်ဂြိုဟ်မွှား  အဆင့်သာ လျှော့ချသတ်မှတ်ခဲ့ ပြီမဟုတ်လော။အာဆီယံ နိုင်ငံ များ အဖွဲ့အစည်းသည်ပင် ယခင် က ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒို နီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်ဟု ၁၀ နိုင်ငံ သာရှိခဲ့ရာမှ ယခုမူ အရှေ့တီမော တစ်နိုင်ငံတိုး၍ လာခဲ့ပြီမဟုတ် လော။ ဆိုဗီယက်ပြည်ထောင်စု ဟူသည် ကမ္ဘာ့မြေပုံမှ ကွယ် ပျောက်သွား၍ နိုင်ငံအသီးသီးတို့ ပေါ်ပေါက်လာကာ ယခု ရုရှား ဖက်ဒရေးရှင်းဟူ၍သာ ကျန် တော့သည် မဟုတ်တုံလော။

စကြဝဠာသည် တစ်ရံ မလပ် ပြောင်းလဲနေသကဲ့သို့ မြေ ကမ္ဘာသည်လည်း အစဉ်မပြတ် ပြောင်းလဲနေ၏။ ပုံပြင်ကလေးထဲ တွင် ဓူဝံကြယ်တောင်မှ မြောက် ဘက်ကနေ တောင်ဘက်ကို ရွေ့ သေး၏။ အင်ဒိုနီးရှားနိုင်ငံပေါ်မှ ဖြတ်သန်းသွားသည့် အီကွေတာ မျဉ်းဆိုသည်မှာ မြန်မာပြည်ပေါ် ရွေ့မလာနိုင်ဘူးလား။ အီကွေ တာ မြန်မာနိုင်ငံပေါ် ပြောင်းလာ သည်ကို မြန်မာ့သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းစာအုပ်တွင်သာ ဦးဦးဖျား ဖျား ဖော်ပြနိုင်သေးသည်မဟုတ် လော။ သူတစ်ပါးတို့ထက် ဦးဦး ဖျားဖျား အသစ်တွေ့ရှိပြဋ္ဌာန်းနိုင် သည်ကိုတွေး၍ တွေးကာ ဂုဏ်ယူ ဝမ်းမြောက်ကြပါကုန်စို့။    ။

(ဆောင်းပါးရှင် ထင်လင်းဦးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ နှင့် နိုင်ငံရေး ဝေဖန်သုံးသပ်ချက် များ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြု ပြင်ပြောင်းလဲရေးဆိုင်ရာဆောင်းပါးများ၊ စာတမ်းများ၊ ၀တ္တုများ ရေးသားနေသူဖြစ်သည်။)

Top News