အနက်ခြောက်ပေရှိသည့် ရေမြောင်းအတွင်း မူလတန်းကျောင်းသားလေးသုံးဦး ပြုတ်ကျသေဆုံး

သုံးခွမြို့တွင် မူလတန်း ကျောင်းသားကလေးငယ်သုံးဦး ရေမြောင်းအတွင်း  ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့သည်။
 


ပထမတန်းကျောင်းသား များဖြစ်သော အသက် (၆)နှစ်အရွယ်  မောင်ထက်ပိုင်၊  (၇)နှစ်အရွယ် မောင်စိုင်းမြတ်သူနှင့် (၉)နှစ် အရွယ်  မောင်လှိုင်မင်းတို့သည် သုံးခွမြို့ အမှတ် (၈) ရပ်ကွက်ရှိ သုံးခွနှင့် ခရမ်းမြို့သို့သွားရာ ကား 
လမ်းမဘေး  ရေမြောင်းအတွင်း ရေနစ်သေဆုံးနေသည်ကို ဇွန်လ ၄ ရက်က တွေ့ရှိခြင်းဖြစ်သည်။

  ၎င်းတို့  ပြုတ်ကျသော  ရေမြောင်းသည် ၁၀ ပေ ကျယ်ဝန်းပြီး အနက် ၆ ပေရှိကြောင်း သုံးခွမြို့အမှတ်  (၉)ရပ်ကွက်နေ  အမျိုးသားတစ်ဦးက ပြောသည်။

  ‘‘သေသွားတဲ့ ကလေးတွေက ဇွန်လ ၃ ရက် ညနေမှာ ရေကန်ကြီးပေါင်ပေါ်မှာ  ဆော့နေတာမြင်တယ်လို့  သူ့အဒေါ်က ပြောတယ်။  အဲဒါနဲ့  ဒီနေရာမှာ မဆော့နဲ့ လို့   ပြောလိုက်တော့ ကလေးတွေက  ထွက်ပြေးသွား 
တာ ညအထိ  ပြန်မလာတာပဲလို့ သိရတယ်’’ဟု ၎င်းက ပြောသည်။

    ပျောက်ဆုံးနေသော ကလေးသုံးဦးကို ရှာဖွေရာ ဇွန်လ ၄ ရက် နံနက်တွင် ရေမြောင်းအတွင်း  ရေနစ်သေဆုံးနေကြောင်း တွေ့ရသည်။

  ‘‘ကလေးလေးတွေက မြို့မကျောင်းက ကျောင်းသားတွေပါ။ ကလေးတွေက  ပျောက်နေတာပေါ့။ နောက်မှ ရေမြောင်းထဲမှာ ရေနစ်သေနေတယ်ဆိုတာ တွေ့တာလို့ သိထားပါတယ်’’ဟု သုံးခွ မြို့နယ်  တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေက ပြောသည်။

  ကလေးများ ရေနစ်သေဆုံးမှုနှင့်ပတ်သက်ပြီး  သုံးခွမြို့နယ် ရဲစခန်းတွင်  သေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း  မြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူကပြောသည်။

  မိုးတွင်းကာလရောက်ပါက ရန်ကုန်တိုင်းအတွင်း  ရေမြောင်းများတွင် မြောင်းအဖုံးမရှိတတ်၍ ရေမြောင်းအတွင်း  ပြုတ်ကျသေဆုံးမှုနှစ်စဉ်ဖြစ်ပွားခဲ့သည်။

  ၂၀၁၆ ဇွန်လကလည်း လှိုင်မြို့နယ်  (၁၃)ရပ်ကွက် သီရိမြိုင် (၃)လမ်းရှိ နေအိမ်မှ ဆယ်လအရွယ်  ကလေးတစ်ဦး  အိမ်ရှေ့ ရေမြောင်းအတွင်း  ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့သည်။

More in News Section

Top News