ခေါင်းပေါ်မှ အန္တရာယ်၊ လမ်းပေါ်မှ ထောင်ချောက်

ရန်ကုန်မြို့တွင် ရေမြောင်းဖုံးပျက်စီးနေသောနေရာများစွာရှိပြီး မိုးရာသီရေလျှံချိန်တွင် အန္တရာယ်အလွန်များသည်။ (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

ရန်ကုန်မြို့၏ မိုးတွင်းကာလ ကို မုန်တိုင်းငယ်က သယ်ဆောင် လာသည်။ မုန်တိုင်းငယ်ကြောင့် မိုးများရွာသွန်းပြီး ဇွန်လ ၁ ရက် တွင် စမ်းချောင်းမြို့နယ်၌ အသက် (၄၂)နှစ်အရွယ် ကိုကရင် ရုတ်တရက် သေဆုံးခဲ့သည်။ စည်ပင်လုပ်သား ကိုကရင်သည် စမ်းချောင်းမြို့နယ်ရှိ ဗဟိုလမ်းမကြီးကို ကွန်ကရစ်လမ်းခင်းရန် မိုးရေစိုနေသော မြေကြီးအတွင်း သံချောင်းစိုက်ရာမှ မြေအောက်လျှပ်စစ်ဓာတ်ကြိုးနှင့် ထိမိပြီး ဓာတ်လိုက်သေဆုံးခြင်းဖြစ်သည်။

ရန်ကုန်မြို့အဝင် နိုင်ငံတစ် ဝန်းရှိ ပြည်သူများသည် မိုးတွင်း ရောက်တိုင်း ဓာတ်လိုက်သေဆုံး မည့်အရေးကို စိုးရိမ်ကြရသည်။  ဓာတ်ကြိုးအောက် လမ်းလျှောက် စဉ် အပေါ်မှ ဓာတ်ကြိုးပြတ်မှာ ကြောက်ရသလို ဓာတ်တိုင်နား ရောက်လျှင်လည်း ဓာတ်တိုင်ကို ထိမိပါက လျှပ်စီးနေသည်နှင့် ကြုံ လျှင် ဓာတ်လိုက်မည့်အရေးကို ကြောက်ရသည်။

မိုးတွင်းကာလတွင် ဓာတ် လိုက်မည်ကို ကြောက်ရသည့် အပြင် ပြည်သူများ နောက်ထပ် သတိထားရမည့် အရာရှိသေး သည်။ လမ်းဘေးပလက်ဖောင်း များရှိ ရေမြောင်းများတွင် အဖုံး များမရှိတတ်၍ လမ်းဘေးရေ မြောင်းများအတွင်း ပြုတ်ကျသေ ဆုံးမည့်အရေးဖြစ်သည်။

‘‘နှစ်ပေါင်းများစွာက Ma-ster Plan မရှိဘဲ ဖြစ်သလိုလုပ် ခဲ့ကြတဲ့ အကျိုးဆက်တွေပေါ့။ အဲဒါတွေက ဒီနေ့ ခံစားနေရတာ ပဲ’’ဟု ရန်ကုန်မိုးတွင်းကာလတွင် ကြုံတွေ့နေရသောအရာနှစ်ခုနှင့် ပတ်သက်ပြီး စမ်းချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးသော်တာအောင်က သူ၏အမြင်ကို ဖွင့်ဟသည်။

ထိုအကြောင်းအရာနှစ်ခု သည် မိုးရာသီရောက်တိုင်း ရန် ကုန်မြို့၏ စိန်ခေါ်မှုဖြစ်ကြောင်း ဦးသော်တာအောင်က ဆိုသည်။


ဓာတ်လိုက်၍ သေဆုံးမှုမှာ ၂၀၁၆ တွင် ၅၁ ဦး၊ ၂၀၁၇ တွင် ၄၀ ဦး ရှိခဲ့ပြီး ၂၀၁၈ မေလအထိ ဓာတ်လိုက်သေဆုံးသူ ၁၁ ဦးရှိနေသည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ခေါင်းပေါ်က အန္တရာယ်

ယခုနှစ် ရန်ကုန်မြို့၏ မိုး ရာသီကာလတွင် ဓာတ်ကြိုး အန္တ ရာယ်ကြောင့် ဓာတ်လိုက်သေဆုံး သည်မှာ ကိုကရင်က ပထမဆုံး ဖြစ်သည်။ ဓာတ်ကြိုးအန္တရာယ် များကြောင့် ဓာတ်လိုက်သေဆုံးမှု အပါအဝင် အကြောင်းအမျိုးမျိုး ကြောင့် ဓာတ်လိုက်သေဆုံးသည် မှာ ၂၀၁၆ တွင် ၅၁ ဦး၊ ၂၀၁၇ တွင် ၄၀ ဦးရှိသည်။ ဓာတ်ကြိုး အန္တရာယ်များကြောင့် ဓာတ်လိုက် သေဆုံးမှုများတွင် ၂၀၁၆ ၌ ကလေးငယ် ၁၀ ဦးနှင့် ၂၀၁၇ တွင် ကလေးငယ်ငါးဦးအထိ ရှိခဲ့ သည်။

ယခု ၂၀၁၈ မေလအထိ ငါးလအတွင်း ဓာတ်လိုက်သေဆုံး သူ ၁၁ ဦးရှိနေပြီဖြစ်သည်။

ဓာတ်ကြိုး အန္တရာယ်များ ကြောင့် ဓာတ်လိုက်သေဆုံးမှု သည် ရန်ကုန်မြို့တွင်သာမက နယ်မြို့များ၌လည်း ဖြစ်ပွားခဲ့ သည်။ ယခုနှစ် ဧပြီ ၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ နယ် သမိန်ထောသိမ်ကုန်းကျေး ရွာ၌ ဓာတ်ကြိုးပြတ်ကျမှုကြောင့် သားအမိနှစ်ဦး သေဆုံးခဲ့သည်။

သမိန်ထောသိမ်ကုန်းကျေး ရွာတွင် ပြတ်ကျသည့် ဓာတ်ကြိုး သည် ၁၉၅၈ ကတည်းက ဖျာပုံ မြို့နှင့် ကျုံကဒွန်း ကျေးရွာသို့ သွယ်တန်းထားသော ကြိုးဖြစ် ကြောင်း သက်ဆိုင်ရာဌာနက ပြောကြားထားသည်။

ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူသေဆုံးရခြင်းသည် သက်ဆိုင် ရာ တာဝန်ရှိသူများက အရည် အသွေးညံ့ဖျင်းသော ကြိုးများအ သုံးပြုခြင်း၊ ကြိုးဟောင်းများ မလဲလှယ်ခြင်းနှင့် ကြိုးတပ်ဆင် ရာတွင် နည်းစနစ်အသုံးမပြုခြင်း တို့ကြောင့်ဟု လျှပ်စစ်ပညာရှင် များနှင့်လူထုက ဝေဖန်ထောက်ပြ သော်လည်း သက်ဆိုင်ရာ လျှပ်စစ်ဌာနများက မတော်တဆ ကြောင့်သာဖြစ်သည်ဟု ခုခံချေပ သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ပင် မဓာတ်ကြိုးများ သွယ်တန်းရာ၌ ကြေးကြိုးကို အနည်းငယ်သာ အသုံးပြုနိုင်သေးပြီး အလူမီနီယံ ကြိုးကိုသာ လက်ရှိ အများဆုံး အသုံးပြုနေကြောင်း သိရသည်။

 အလူမီနီယံကြိုးများသည် လျှပ်စစ်ဒဏ် များစွာခံနိုင်ရည်မရှိ ခြင်း၊ အရည်အသွေးညံ့ဖျင်းခြင်း တို့ကြောင့် ပြတ်ကျမှုများ ဖြစ်ပေါ် ကြောင်း လျှပ်စစ်ကြိုးပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဦးမြတ်ကျော်က ပြောသည်။

ဂျပန်နိုင်ငံတွင် ဓာတ်အား ဖြန့်ဖြူးရာ၌ ချွတ်ယွင်းမှုကြောင့် ဓာတ်ကြိုးပြတ်ပါက လူများ ထိခိုက်မှုနည်းရန်  ဗို့အား ၁၁၀ဖြင့် သာ ဖြန့်ဖြူးလေ့ရှိသည်။ ဗို့ အား ၁၁၀ အသုံးပြုလျှင် ဓာတ်ကြိုး အမျိုးအစားသည် ကြိုးအတုတ်ကို သာ အသုံးပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ကြိုး အတုတ်များသည် ကုန်ကျမှုများ သောကြောင့် အသုံးပြုနိုင်ခြင်းမရှိ သဖြင့် ဗို့အား ၂၂၀ ရှိသော ကြိုးအသေးများကိုသာ အသုံးပြု နေရကြောင်း လျှပ်စစ်ကျွမ်းကျင် သူများက ပြောသည်။


ပျက်စီးနေသော ရေမြောင်းဖုံးအနီး ဖြတ်သန်းသွားလာနေသော ကျောင်းသားမိဘတစ်ဦးနှင့် ကျောင်းသားငယ်အချို့  (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

‘‘ဒီအချိန်ဆိုရင် ကိုယ့်ခေါင်း ပေါ် အမြဲမော့ကြည့်နေရတယ်။ ဘယ်အချိန်များ ဓာတ်ကြိုးပြတ် ကျလာမလဲဆိုပြီးပေါ့’’ဟု လှည်း တန်း ပေ ၅၀ လမ်းတွင် ကုန်စိမ်း ရောင်းနေသော အသက် (၂၅)နှစ် အရွယ် အမျိုးသမီးတစ်ဦးက ပြော သည်။

၎င်းကုန်စိမ်းရောင်းသည့်နေ ရာအနီးတွင် ဓာတ်တိုင်တစ်ခုရှိပြီး ယင်းဓာတ်တိုင်တွင် ၂၀၁၄ က ဓာတ်ကြိုးပြတ်ကျမှုကြောင့် ကုန် စိမ်းသည်တစ်ဦးနှင့် ဈေးဝယ်လာ သူတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည်။

၂၀၁၆ စာသင်နှစ် ကျောင်းများဖွင့်ရန် နာရီပိုင်းအလွန် မေ ၃၁ ရက် ည ၈ နာရီကျော်တွင် အသက် ၁၁ နှစ်အရွယ် စတုတ္ထတန်းကျောင်းသား မြတ်ကိုကိုတစ်ယောက် ၎င်းနေထိုင်ရာ လှိုင်မြို့ နယ် (၇)ရပ်ကွက်ရှိ မယ်စီကုန်းလမ်းတွင် ဓာတ်တိုင်ကိုကိုင်မိရာမှ ဓာတ်လိုက်သေဆုံးခဲ့သည်။

ဓာတ်ကြိုးပြတ်ကျ၍ ဓာတ် လိုက်သေဆုံးမှုများနှင့် ဓာတ်ကြိုး အန္တရာယ်များကြောင့် လူသေဆုံး မှုများတွင် သက်ဆိုင်ရာ တာဝန်ရှိ သူများကို အမှုဖွင့်၍ တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘဲ သေမှုသေ ခင်းဖြင့်သာ အမှုဖွင့်ပြီး ဆုံးသွား ကြသည်။ ထိုသို့ သေဆုံးမှုများ ဖြစ်ပါက သက်ဆိုင်ရာ လျှပ်စစ်ဌာန၏ တာဝန်ရှိသူအပိုင်းကို မေးခွန်းထုတ်ခြင်းမရှိ၊ တာဝန်ယူ ခိုင်းသည့် အလေ့အထလည်း မရှိ သေးပေ။

ထို့အတူ လျှပ်စစ်ဦးစီးဌာန ကလည်း ပြည်သူများ ထိခိုက် သေဆုံးမှုအတွက် တာဝန်ရှိ ကြောင်း၊ တာဝန်ခံကြောင်း ၀န်ခံလေ့ မရှိပေ။

အိမ်နီးချင်း နိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် သဘာဝဘေး အန္တရာယ်ကြောင့် မဟုတ်ဘဲ တာ ဝန်ရှိသူများ၏ လုပ်ငန်းဆောင် ရွက်မှု ပေါ့ဆမှုကြောင့် ပြည်သူတစ်ဦး အသက်ဆုံးရှုံးပါက တရားစွဲဆိုတိုင်ကြားနိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဥပဒေအကြံပေးရှေ့နေ ဦးအောင် မျိုးသန့်က ပြောသည်။

‘‘ဒီမှာတော့ ဓာတ်တိုင်တစ် တိုင်က သဘာဝဘေးကြောင့် လေ တိုက်ပြီးလဲလို့ လမ်းသွားလမ်းလာ တစ်ဦးပေါ် ပြုတ်ကျပြီး ဓာတ် လိုက်မယ်ဆိုရင်တော့ ပြန်ပြီး တရားစွဲဆို တိုင်ကြားလို့မရဘူး။ အဲဒီလို မဟုတ်ဘဲ၊ သဘာဝဘေး ကြောင့် မဟုတ်ဘဲ ပေါ့ဆပြီး ဓာတ်ကြိုးပြတ်ကျတာဆိုရင်တော့ သက်ဆိုင်ရာကို တရားစွဲဆိုတိုင် ကြားလို့ရတဲ့ ဥပဒေရှိတယ်’’ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြော သည်။

ရန်ကုန်မြို့အတွင်း သွယ် တန်းထားသည့် လျှပ်စစ်ဓာတ် ကြိုးများသည် အချိန်မရွေး ပြတ် ကျနိုင်ကြောင်း ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၆မေလ ၃၁ ရက်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ရုံးချုပ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

‘‘ရန်ကုန်မှာရှိတဲ့ လျှပ်စစ်မီး ကြိုးလိုင်းတွေက အချိန်မရွေး ပြတ်ကျနိုင်တဲ့ အခြေအနေပါ။ ဒီ အခြေအနေနဲ့ ပတ်သက်လို့ခေတ် စနစ်ကိုက ကျွန်တော်တို့ကိုပေး ထားတဲ့ အခြေအနေပါ။ ဒီအခြေ အနေတွေကို မြှင့်တင်ဖို့ ဘီလီယံ ပေါင်းများစွာ လိုအပ်ပါတယ်’’ဟု ၀န်ကြီးချုပ်ကဆိုသည်။ သို့သော်၂ နှစ်ကြာသည့်တိုင် ပြည်သူများမှာ ခေါင်းပေါ်မှာ ဓာတ်ကြိုးများ၊ ဓာတ်တိုင်များနှင့် ပတ်သက်၍ ကျောမလုံနိုင်ကြသေးပေ။

ယခုနှစ် မိုးတွင်းကာလတွင် လျှပ်စစ်ဓာတ်ကြိုး အန္တရာယ် လျော့ကျစေရန် ရန်ကုန်မြို့တွင်း ပိုင်းများ၌ မိုးကြိုကာလများ ကတည်းက လျှပ်ကာကြိုးများ အစားထိုး တပ်ဆင်ခြင်းနှင့် လျှပ် စစ်အန္တရာယ် မရှိစေရေး ဓာတ် ကြိုးများဖြင့် ကပ်လျက်ရှိသော သစ်ကိုင်းများ ခုတ်ခြင်းတို့ကို လုပ် ဆောင်ထားကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော် ပိုရေးရှင်းမှ အမှုဆောင်အရာရှိ ချုပ် ဦးသန့်ဇင်က ပြောသည်။

ထို့အပြင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး ယခုနှစ်တွင် ငွေ အများအပြား သုံးစွဲထားကြောင်း ဦးသန့်ဇင်က ဆိုသည်။

လျှပ်ကာ ဓာတ်ကြိုးများ သည် ကြိုးတစ်လျှောက်လုံးတွင် လျှပ်စစ်မရှိဘဲ ကြိုး၏ထိပ်ပိုင်း အစ၌သာ မီးရှိသည့် ဓာတ်ကြိုး အမျိုး အစားဖြစ်သည်ဟုဆိုသည်။

‘‘အခု မိုးတွင်းကတော့ ထရန်စဖော်မာတွေလည်း ခပ်စိပ် စိပ်ထိုင်ထားတယ်။ အခါတိုင်း မိုးဦးကာလဆိုရင် ဓာတ်ကြိုးတွေ ပြတ်ကျတာရှိတယ်။ အခုတော့ ပြတ်ကျတယ်ဆိုတာ ရှားတယ်။ မရှိဘူးတော့ မပြောဘူး။ ရှိတဲ့ နေရာရှိပါတယ်။ အရင်တုန်းက မိုးဦးကာလဆို ကျွန်တော်တို့မှာ လန့်နေရတယ်။ ဘယ်ကြိုးများ ပြတ်ကျမလဲဆိုပြီး’’ဟု ဦးသန့်ဇင် က ပြောသည်။


၂၀၁၆ မေလ ၃၁ ရက်တွင် ဓာတ်တိုင်ကိုင်မိရာမှ ဓာတ်လိုက်၍ ရေမြောင်းထဲပြုတ်ကျသေဆုံးခဲ့သော မောင်မြတ်ကိုကို၏ နာရေးအတွက် ပြင်ဆင်နေသူတစ်ဦး (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

လမ်းပေါ်မှ ထောင်ချောက်

မိုးတွင်းတွင် ရန်ကုန်မြို့နေ လူထုအတွက် နောက်ထပ်စိုးရိမ် စရာတစ်ခုက လမ်းသွားရင်း ကြုံ တွေ့ရမည့် အန္တရာယ်ဖြစ်သည်။

ဇွန်လ ပထမပတ်အတွင်း ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းခဲ့၍ မြို့နေရာ အနှံ့လမ်းများ၌ ရေလျှံမှုများ ဖြစ် ပေါ်ခဲ့သည်။ ထိုသို့ ရေလျှံနေချိန် တွင် ရန်ကုန်မြို့တွင်း သွားလာ နေသူများအတွက် အချိန်မရွေး ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခု ထိခိုက်ပျက်စီးစေနိုင်သကဲ့သို့ အသက်သေဆုံးသည်အထိလည်း ဖြစ်နိုင်သည်။

ရန်ကုန်မြို့ မြို့နယ်တိုင်းရှိ လမ်းဘေးရေမြောင်း အချို့တွင် အဖုံးများမရှိတတ်။ အဖုံးရှိသော် လည်း ပေါက်သည့် နေရာက ပေါက်၊ နေရာမကျသည့်နေရာက မကျ။ ရေမြောင်းများသည် လေး ပေ၊ နှစ်ပေဝန်းကျင် ကျယ်ဝန်း ပြီး အနက်မှာ သာမန်အရပ်ရှည်သော လူတစ်ရပ်စာ ငါးပေမှ ခြောက်ပေ အထိရှိကာ အချိန်မရွေး ပြုတ်ကျ နိုင်သည့် အနေအထားဖြစ်သည်။

‘‘လမ်းပေါ် ရေလျှံနေတဲ့ အချိန်ဆို အောက်မှာ ဘာရှိလဲ မမြင်ရဘူးလေ။ ဒီလိုပဲ လူတွေက စမ်းပြီး လျှောက်နေရတာ’’ ဟု မေလ ၃၀ ရက်က မိုးသည်းထန်စွာ ရွာသွန်း၍ ရေပင်လယ်ဖြစ်နေ သော စမ်းချောင်းမြို့နယ် ဗဟို လမ်းနှင့် ဗားကရာလမ်းထောင့် တွင် လမ်းလျှောက်ခဲ့သူ အသက် (၃၀)အရွယ် ကိုလတ်က ပြော သည်။

၂၀၁၆ ဇွန်လ ၂ ရက်တွင် လှိုင်မြို့နယ် (၁၃)ရပ်ကွက် သီရိ မြိုင် (၃)လမ်းရှိ နေအိမ်တွင် ၁၀ လအရွယ် ကလေးငယ်တစ်ဦး အိမ်ရှေ့ ရေမြောင်းအတွင်း ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၃ မိုးတွင်းကလည်း ရန်ကုန်မြို့တွင် လမ်းဘေး ရေ မြောင်းထဲသို့ ပြုတ်ကျသေဆုံးသူ ခြောက်ဦးထိရှိခဲ့သည်။

ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွားပါက သက်ဆိုင် ရာ မြို့တော်စည်ပင်သာယာရေး ၏ တာဝန်ရှိမှုအပိုင်းကို မေးခွန်း ထုတ်ခြင်းမရှိ။ တာဝန်ယူခိုင်းသည့် အလေ့အထလည်း မရှိသေးပေ။

ထို့အတူ မြို့တော်စည်ပင်က လည်း မြို့သူမြို့သားတို့ ထိခိုက် သေဆုံးမှုများအတွက် တာဝန်ရှိ ကြောင်း ပြောဆိုတောင်းပန်ခြင်း အစဉ်အလာ မရှိသလို အားနည်း ချက်ကို ဝန်ခံရန်ပင် နှုတ်ဆိတ်နေ ခဲ့သည်။ ယခုဆောင်းပါးအတွက် သက်ဆိုင်ရာ မြို့တော်စည်ပင် လမ်းတံတားဌာနသို့ ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်တုံ့ ပြန်ဖြေကြားခြင်းမရှိပေ။

ရန်ကုန်မြို့တွင်း မိုးတွင်းကာ လတွင် ခြေလျင်သွားလာနေသူ ၇ ဦးကို ကျပန်းမေးမြန်းရာ ငါးဦးက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိဘဲသွားလာနေရကြောင်း ပြောဆိုသည်။

‘‘ကျောင်းတက်ကျောင်းဆင်း ချိန် မိုးရွာရင် ကလေးမိဘတွေ ကျောင်းကြိုကျောင်းပို့ လုပ်စေ ချင်တယ်’’ ဟု ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုများကြောင့် ရေ မြောင်းများအတွင်း ပြုတ်ကျမှုနှင့် ပတ်သက်ပြီး ကမာရွတ်မြို့နယ် တွင် နေထိုင်သော ဒုတိယတန်း ကျောင်းသား မိခင်ဒေါ်အေးသန်း က ကလေးမိဘများအား သတိ ပေးသည်။ သို့သော် ရန်ကုန်မြောင်းများ၏ အခြေအနေသည် ၂၀၁၃ ကလို အဖုံးမရှိမှုများဆိုးဆိုးရွားရွားဖြစ်မနေဘဲ ယခုနှစ်တွင် လမ်းဘေး ရေမြောင်းဖုံးများ ဖုံးအုပ်ထားမှု ပိုမိုများလာသည်ကို တွေ့ရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း ရေကြီးရေလျှံမှုများကို ဖြေရှင်းရန် ကမ္ဘာ့ဘဏ်၏ အကူ အညီဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ သုံးစွဲမည်ဟု ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ၂၀၁၇ ဇူလိုင်တွင် ပြောကြား ထားသည်။

ယခုနှစ် မိုးရာသီတွင် ရန် ကုန်မြို့၌ ရေမြောင်းအတွင်း ပြုတ် ကျသေဆုံးမှု ဖြစ်စဉ် မရှိသေးပေ။ သို့သော် လမ်းဘေးရေမြောင်း အချို့တွင် အဖုံးများမရှိသဖြင့် ဂရုစိုက်သွားလာရမည်ဖြစ်သည်။

အထူးသဖြင့် တာမွေ၊ မရမ်း ကုန်း၊ မင်္ဂလာတောင်ညွန့်၊ ကျောက်မြောင်း၊ စမ်းချောင်းနှင့် လှိုင်သာယာမြို့နယ်တို့သည် ရေ မြောင်းအတွင်း ပြုတ်ကျသေဆုံး နိုင်သော နေရာများရှိ၍ ပိုမိုဂရု စိုက်သွားလာရမည်ဖြစ်သည်။ မိုး ရွာသွန်းချိန်၌ ထိုမြို့နယ်များရှိ လမ်းများပေါ်တွင် ဂရုစိုက်သွား လာရမည်ဖြစ်သည်။

ဓာတ်ကြိုးအန္တရာယ်နှင့် ရေ မြောင်းအတွင်း ပြုတ်ကျသေဆုံးမှု ပြဿနာများသည် တစ်ဦးတစ် ယောက်ကို ဥပဒေကြောင်းအရ ရာဇဝတ်ကြီးပုဒ်မဖြင့် တရားစွဲဆို ရန် ခဲယဉ်းသော်လည်း တာဝန် ပျက်ကွက် ပေါ့ဆမှုကြောင့် တရားမနစ်နာမှုဖြင့် တရားစွဲဆို၍ နစ်နာကြေးများ တောင်းဆိုပိုင်ခွင့် ရှိကြောင်း တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ပြော သည်။

‘‘ကျွန်တော်တို့ နိုင်ငံမှာ တရားမ နစ်နာမှုနဲ့ တရားစွဲတဲ့ အလေ့အထမရှိဘဲ ဖြစ်နေတာ။ ဒီလိုမျိုး မစွဲလို့လည်း ဒီပြဿနာ တွေက ဆက်ဖြစ်နေတာ’’ဟု ဦးခင်မောင်မြင့်က ပြောသည်။

၂၀၁၄ တွင် ကမ္ဘာရွတ်လှည်းတန်း ပေ ၅၀ လမ်း၌ ဓာတ်ကြိုးပြတ်၍သေဆုံးခဲ့သော ဈေးသည်မိန်းကလေးသည်မိဘကို လုပ်ကျွေးနေသော အမျိုးသမီးငယ်ဖြစ်သည်။ ၂၀၁၆ တွင် ဓာတ်တိုင်ကိုင်မိရာမှသေဆုံးခဲ့သော ကျောင်းသားငယ်လေးမှာလည်း စာတော်သူဖြစ်သည်။ ခေါင်းပေါ်မှ ဓာတ်ကြိုးနှင့် ဓာတ်တိုင်များကို အန္တရာယ်လျော့ပါးရေးအတွက် မဆောင်ရွက်နိုင်ပါက အထက်ပါ လူငယ်များကဲ့သို့ နိုင်ငံ၏ အနာဂတ်များစွာအကျိုးမဲ့ ဆုံးရှုံးနေရဦးမည် ဖြစ်သည်။

Top News