ဝန်မင်းတို့ရဲ့ စီးတော်ယာဉ်ကိစ္စ

အလိုအရပ်ကတို့။ ဖုတ် ကားဆိုလား၊ ဖို့ဒ်ကားဆိုလား မသိပါဘူးဗျာ။ ကျုပ်တို့ ရွှေပြည်ကြီးမှာ တစ်ဖို့ဒ်တည်းဖို့ဒ်...ဖို့ဒ်.....ဖို့ဒ်ဖြစ်နေကြကလား။ ပွက်ပွက်ကိုညံလို့။ အဲ...အဲ...ကားဆိုသဟာမို့ ပွမ်ပွမ်ကို ညံလို့ဆိုပါတော့။ ငယ်ငယ်က ကြားဖူးတဲ့ သီချင်းလေးတောင်မှ ပြေးသတိရမိပါသေးဗျ။ ပွမ်ပွမ်မြည်တဲ့ အသည်းလေးဆိုလားဘာလား။ အခုလည်း ဟောဒီ ဘစီတို့ ရန်ကုန်အကြေအရပ်နေ ပြည်သူ ပြည်သားတွေရဲ့ အသည်းကျော်လေးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းဦးဆောင်တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရဆီကစတဲ့ဇာတ်ခင်ဗျ။ ခေါ်လိုက် ကြပါစို့ရဲ့ဗျာ။ ဖို့ဒ်ဇာတ်။

  ပြောမယ်နော်။ အနှီဖို့ဒ် ဇာတ်ဆိုသဟာ ဘာတုံးလဲဆို တော့ကာ ရန်ကုန်အကြေအရပ် ကို အုပ်စိုးသနင်းပြုတော်မူကြတဲ့ ၀န်မင်းများ စီးတော်မူဖို့ရာ ဖို့ဒ်ကား၁၀ စီးဝယ်မယ်ဆိုတာပါပဲ။ အ ရင်လိုတော့ဖြင့် ဘာအရေးတုံး။ ၀ယ်မယ်ဟေ့ဆိုရင် ၀ယ်လိုက်ရုံ ပေါ့။ ကျုပ်တို့ ပြည်သူဆိုတာ ဘာ သိမှာမှတ်လိုက်လို့။ နို့ပေတဲ့ ဒီမို ကရေစီခေတ်ဆိုသကိုးဗျ။ ဒီတော့ တိုင်းဒေသအစိုးရပေတဲ့ ငါ့ဖို့ဒ် ငါ စီးရောက်ချင်ရာရောက်ဆိုတာ မျိုး ဘယ်လုပ်လို့ရမတုံး။ သိတယ်မို့လား။ လွှတ်တော်ကို တင်ပြရတယ်။ ဒီတော့မှ ပြည်သူများ လည်း သိရပြီးသကာလအလို... အို...ဟင်...ဟာ...ဖြစ်ရပေတော့ တာကိုး။

ပြောမယ်နော်။ ဖို့ဒ် (Ford) တံဆိပ်အမည်ရမော်တော်ကား စီးပါရစေတဲ့ခင်ဗျ။ လက်ရှိ ရန်ကုန်တိုင်းအစိုးရ၀န်မင်းများ စီး တော်မူနေရတဲ့ ကားများဟာ အ ရင့်အရင် ရေမြေ့သခင်ရယ်လို့ ကိုယ့်ဟာကိုယ်ကြွေးကြော်ဟစ် အော် တိုင်းပြည့်အဆီအနှစ်ကိုက လော် တူးဖော်သွားကြတဲ့ အစိုးရ လက်ထက်ဆီက အမွေဆက်ခံရ တဲ့ မီးကျိုးမောင်းပျက်ကားတွေ ဖြစ်နေပါသတဲ့။ ဆိုတော့ကာ စီး တော်မူရတာတယ်ပြီး ဇိမ်မကျဘူးဗျ။ ဒီကြားထဲ ရန်ကုန်လမ်းများ ကလည်း သိတယ်မလား။ ရာနှုန်း ပြည့်တယ်ပြီး ညီညာပြန့်ပြူးနေ တာမျိုးမဟုတ်လေတော့ ကျင်း များ၊ ချိုင့်များပေါ်သာ ကားဘီးကျ လို့ကတော့ ဟိုလှတောသားများ ပြောသလို ‘‘ကျောက်ခဲစားပြီးစီး ရင်တောင် အစာကြေတယ်’’ဆို တာမျိုးမဟုတ်လား။ ဖင်ဇိမ်မကျ ဘူး။ ၀န်မင်းတင်ပါးဆိုတာ ရိုးရိုး မဟုတ်ဘူးထင်တာပဲလေ။ နောက်တာပါ။ နောက်တာပါ။

ပြောမယ်နော်။ သို့ကလို ၀န် မင်းများ စီးနင်းဖို့ရာ လက်ရှိ မော် တော်ကားများဟာ မသင့်မတော် မလျော်မအပ်ဖြစ်ရသည်မို့ ဖို့ဒ်ဟု အမည်တံဆိပ်ခတ်နှိပ်ထားတဲ့ အ ဆင့်မြင့်မော်တော်ယာဉ် ၁၀ စီးကို ၀ယ်တော်မူချင်တယ်တဲ့။ လွှတ် တော်ကို တင်ပါတယ်။ နောက် ထပ်အကြောင်းပြချက်တစ်ခုက တော့ နိုင်ငံတကာက ခေါင်း ဆောင်များလာရင်လည်း စုတ်ချာ တဲ့ ကားတွေနဲ့တော့ဖြင့် တယ်ပြီး အမြင်မတော်ဘူးပေါ့လေ။ ဒါက တော့ တိုင်းအစိုးရဘက်က အ ကြောင်းပြတာတွေပါပဲ။ ပြီးတော့ လည်း ၀ယ်စီးမယ့်ကား ၁၀ စီးတန်ဖိုး စုစုပေါင်းကလည်း နည်းရော့လား။ သိန်းတစ်သောင်း ၀န်းကျင်တဲ့ခင်ဗျ။

ဒါကို လူထုက သိရတဲ့အခါ တယ်ပြီးစိတ်ထဲတော့ မကောင်း ဘူးပေါ့လေ။ နို့ပေတဲ့ ကိုယ့်တင် တဲ့ စော်ကဲမရဲသော်လည်းဆွဲချ ဖို့ကလည်း အခက်ဆိုတာလို ဖြစ် နေတော့ကာ အသာပဲပွဲကြည့်ပရိ သတ်လုပ်နေရတာပေါ့။ အနည်း အပါးပြောရဲဆိုရဲရှိ သူများက တော့ ဖေ့စ်ဘွတ်ခ်ပေါ်ကနေရေး တာ ပြုတာရှိသပေါ့လေ။ လွှတ် တော်မှာတင်ပြတောင်းဆိုတဲ့အ ခါမှာတော့ ဒီတစ်ခေါက် ရန်ကုန် တိုင်းလွှတ်တော်က ပြည်သူ့ကိုယ် စားလှယ်များကလည်း ဒါကို ဘ၀င်မကျဘဲ ကန့်ကွက်တာတွေ့ရ တော့မှ ဘာမှမလုပ်နိုင်တဲ့ ကျုပ်တို့လူထုမှာလည်း သက်မချနိုင်ရ တော့တယ်။ ဒီ့အတွက် အမတ်မင်းများကို အသိအမှတ်ပြုပါတယ်။

ဒီမှာ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းပြောတာက သဘာဝ ကျပါတယ်။ ၀န်ကြီးတွေ စီးတော် ယာဉ်ဟာ လုံခြုံစိတ်ချရစေချင်ပါ တယ်တဲ့။ နို့ပေတဲ့ လက်ရှိဝန်ကြီး များထဲမှာ ဘယ်သူမှ ဘတ်စ်ကား တိုးစီး၊ တက္ကစီငှားစီးပြီး ရုံးလာရ တဲ့ သူမရှိပါဘူး။ ကိုယ်ပိုင်ကားစီး ပြီးရုံးလာတဲ့ သူတောင်ရှိပါတယ် တဲ့။ ဆိုတော့ကာ အခုလို ခြိုးခြံချွေတာရမယ်ဆိုတဲ့ ကာလမျိုးမှာ ဒါမျိုးခေါင်းစဉ်တပ်ပြီး ဘယ်ကား စီးချင်တယ်ပြောတာကတော့ မဆီလျော်ဘူးပေါ့ခင်ဗျာ။ နို့ပေတဲ့ လည်း လွှတ်တော်မှာ မဲခွဲဆုံးဖြတ် လို့ တညီတညာတည်းစီးတော် မူကြစေသတည်းဆိုရင်တော့ဖြင့် လည်း စီးစေပေါ့လေ။ ဒါကို တောင်မှ တိုင်းအစိုးရကိုယ်စား ကားသစ်ကြီးများ ၀ယ်စီးမယ်လို့ လွှတ်တော်မှာ တာဝန်ခံလာ ရောက်အဆိုပြုတဲ့ ၀န်ကြီးက ဈေးဆစ်နေသေးတယ်။ မဲခွဲပြီးအ တည်ပြုတဲ့ ဘတ်ဂျက်ထက် အား လုံးက တညီတညွတ်တည်း ထောက်ခံအတည်ပြုတာကိုသာ သူ့အနေနဲ့ မြတ်နိုးတယ်ဆိုပဲ။ ကဲ၊ ကဲ... ရှိစေတော့။

ပြောမယ်နော်။ အခုဆိုရင် တိုင်းပြည်က လူထုထောက်ခံတဲ့ အရပ်သားအစိုးရတက်တာ သုံး နှစ်လောက်ပဲရှိသေးတယ်။ စီးပွား ရေး၊ လူမှုရေး၊ နိုင်ငံရေးဖွတ်ဖွတ် ညက်ညက်ကြေနေတဲ့ အနေအ ထားကို အမွေစားအမွေခံနဲ့ ရင် ၀ယ်ပိုက်ထားရတာ။ ကုန်ခဲ့တဲ့ သုံးနှစ်ဆိုတဲ့ အချိန်အတွင်းမှာ ဘာမှ မည်မည်ရရကျေလည် အောင် ဖြေရှင်းနိုင်သေးတာမ ဟုတ်ဘူး။ တိုင်းပြည်က မွဲပြာကျ နေတုန်းပဲ။ စီးပွားရေးကလည်း ပလူမွေးပလူတောင် ရှူနာရှိုက် ကုန်း။ လူထုရဲ့ နေ့စဉ်ဘ၀က လည်း တိတိပပဘာမှ တိုးတက် မလာသေးဘူး။ တခြားဒေသတွင်း တိုင်းနိုင်ငံတွေနဲ့ ယှဉ်ရင်လည်း ဓားမနောက်ပိတ်ခွေးဖြစ်နေတဲ့ တိုင်းပြည်။ ဒီတိုင်းပြည်ကို အခုမှ စပြီး ပြန်လည်ထူထောင်ရေးလုပ် ရမှာ။ ဒီအချိန်မှာ ပြည်သူတွေ နေ့ စဉ်စီးပွားရေး၊ လူမှုရေးဒုက္ခတွေ ခံနေဆဲမို့ အစိုးရ၀န်မင်းတွေဘက်ကလည်း အနေအထိုင်ဆင်ခြင် သင့်တာဖြင့် အမှန်ပဲ။

မှန်ပါတယ်။ လူကြီးမင်းတို့ ပြောတာမှန်ပါတယ်။ အစိုးရဆို တဲ့ အဆင့်နဲ့ အပ်စပ်တဲ့ အဆောင် အယောင်ဆိုတာရှိသင့်တာပေါ့။ နို့ပေတဲ့ အခုလိုကားစုတ်ကြီးစီးနေ ရတာဟာ ရန်ကုန်တိုင်းအစိုးရက ၀န်မင်းတွေချည်းပဲလား။ တခြား သော ပြည်နယ်နဲ့ တိုင်းက ၀န်မင်းများအဖို့ကကော မလိုအပ်ဘူး လား။ ဒါကိုလည်း ထည့်ပြီးစဉ်း စားပါဦး။ အတူတူပဲဟေ့ဆိုရင် တော့ ရန်ကုန်အကြေအရပ်က လွန်စွာ ကြီးမြတ်ကြကုန်သော ၀န် မင်းအပေါင်းဟာ မဟုတ်မှလွဲ ရော သူများထက်ထူးချင်တာပဲ ဖြစ်ရမယ်။ ဒါမှ မဟုတ်လည်း တို့ က မြို့သားဝန်မင်းတွေကွ။ တော သား ၀န်မင်းတွေနဲ့ မတူဘူး။ ဟိုလူတွေက မော်တော်ဆိုင်ကယ် ဖွတ် ချက် ဖွတ်ချက် စီးရင်ကို အလုပ် ဖြစ်တယ်။ အင်းလေ။ တွေးကြည့် တာပါ။ သို့ကလိုများပြောချင် ပြောနေမလားလို့။

ပြောမယ်နော်။ ကျုပ်က ဖို့ဒ် ကားစီးမယ်ချည်းပြောနေတာ။ အမှန်တော့ မဟုတ်ဘူးရယ်ဗျ။ လွှတ်တော်မှာ အဆိုလာသွင်းတဲ့ ၀န်မင်းပြောပုံအရ ဖို့ဒ်ကားမဟုတ်လည်း တိုယိုတာအမျိုးအစားတစ် မျိုးမဟုတ် တစ်မျိုးတဲ့။ ခက်တာက ဘာအမျိုးအစားဝယ်ဝယ် အခုလို အချိန်မှာ ဈေးကြီးပေးစီးရတဲ့ ကား တွေ မ၀ယ်စေချင်တာတော့ အနှီ ၀န်မင်းအဆိုကို ကန့်ကွက်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆန္ဒပေါ့လေ။ ကျုပ်တို့ ပြည်သူ အများစုကလည်း ဒါမျိုးပါပဲ။ နေ ကြပါဦး။ တိုင်းပြည်က အခုမှ စလုံးရေစပဲရှိသေးတယ်။ အဆောင် အယောင် တပြောင်ပြောင်နဲ့ နေ ဖို့ စောပါသေးတယ်။ နွားလှည်း နဲ့ ရုံးတက်ရင် ကမ္ဘာမှာ ဖက်ရှင် တောင် ဖြစ်ဦးမယ်။ စမ်းကြည့် ကြမလား ၀န်မင်းများ ခင်ဗျား။

နောက်တာပါ။ နောက်တာ ပါ။ ကျုပ်တို့ ပြည်သူများကလည်း ကိုယ့်ဝန်မင်းများကို ဘယ့်နှယ့် ကားကောင်းကောင်းများမစီးစေ လိုတဲ့ စိတ်ဆန္ဒရှိပါ့မလဲ။ ဖြစ်နိုင် ရင် ရဟတ်ယာဉ်နဲ့တောင် ရုံးတက်စေချင်တာ။ လမ်းမှာကားပိတ် တာနဲ့ ဘာနဲ့ ရုံးတက်နောက်ကျရင် ခက်မယ်လေ။ အချိန်နဲ့ အမျှကျုပ် တို့ ရန်ကုန်အကြေအရပ်နေလူထု တွေရဲ့ ကောင်းစားရာကောင်း စားကြောင်းကိုခေါင်းထဲထည့် ထားရတာ။ ဒီတော့ ၀န်မင်းများရဲ့ အချိန်ဆိုတာရွှေထက် အဖိုးတန် တယ်။ ပြီးတော့ သူများနိုင်ငံက ၀န်မင်းတွေနဲ့ ယှဉ်လိုက်ရင်လည်း ကိုယ့်ဝန်ကြီးတွေကို ဂုဏ်မငယ် စေချင်ပါဘူး။ သူများနည်းတူ ကားအကောင်းစား၊ အိမ်အကောင်း စားနဲ့ ရွှေပေါ်မြတင် ဆင်စီးမြင်းရံ ထားစေချင်တာပါ ခင်ဗျ။ အမေရိ ကန်သမ္မတစီးတဲ့ အဲယားဖို့စ်ဝမ်းဆိုတဲ့ လေယာဉ်ပျံကြီးတစ်ယောက် တစ်စီးဝယ်မပေးနိုင်သေးပေတဲ့ စက်မှု (၁)က ထုတ်တဲ့ ကားစုတ် ကြီးတွေလည်း မစီးစေချင်ပါဘူး။

ဒါပေမဲ့ ပေါ့လေ။ ကျုပ်တို့ ပြည်သူမှာက ဖို့ဒ်ကားစီးဖို့ဆိုသ ဟာ အိပ်မက်ထဲတောင် ထည့်မ မက်ရက်တဲ့ ဘ၀တွေပါဗျာ။ ဖို့ဒ် ကားစီးဖို့နေနေသာသာ ကိုယ့်ဟာ ကိုယ် ‘ဖွတ်ကျား’မဖြစ်အောင် တောင် မနည်းရုန်းကန်နေရပါ တယ်။ ဒါပေတဲ့ မပူပါနဲ့။ ကျုပ်တို့ ပြည်သူပြည်သားတွေ ‘ဖွတ်ကျား’ ဘ၀က အမြန်ဆုံးလွတ်မြောက် အောင် ကြိုးစားနေပါတယ်။ ဆန် ဈေး၊ ဆီဈေး၊ ကန်စွန်းရွက်ဈေး နှုန်းတွေ တရိပ်ရိပ်တက်နေ ပေ မယ့်လည်း မညည်းတမ်းမညူ တမ်းနဲ့ ဖြစ်သမျှအကြောင်း အ ကောင်းမှတ်ပြီး ကျုပ်တို့ အလုပ် လုပ်နေပါတယ်။ အလုပ်လုပ်လို့ ရတာနဲ့ အမျှ တိုင်းပြည်ကို အခွန် ဆောင်နိုင်ပါလိမ့်မယ်။ အခွန် ဆောင်နိုင်လာတာနဲ့အမျှ တိုင်း ပြည်ရဲ့ ဘဏ္ဍာအိတ်ဟာ ငါးပူ တင်းဗိုက်လို ဖောင်းကားလာပါ လိမ့်မယ်။

ဒီအခါ ကျုပ်တို့ရဲ့ ချစ်လှစွာ သော ၀န်မင်းများဟာ ဖို့ဒ်ကား တင်မက ဖုတ်သွင်းရထားပါ ပျော် ပျော်ကြီးစီးနိုင်ကြမှာခင်ဗျာ။ ည အိပ်ရာဝင်ခါနီးတိုင်း ခုနစ်ရက် သားသမီး ပြည်သူပြည်သားများ ကျန်းမာချမ်းသာအလုပ်အကိုင် အကြံအစည်တွေ အောင်မြင်ပါ စေကြောင်း ဆုတောင်းပေးပေါ့ နော်။ ဟုတ်ပြီလား။ ဤကားဖွတ် ကျားဘစီ၏ အလိုတည်း။   ။

(ဆောင်းပါးရှင် ဘစီသည် သရော်စာများ ရေးသားသူဖြစ်သည်)

Top News