အကောင်းဆုံးကို ပေးဆပ်မယ်

ပြင်ဦးလွင်မြို့က စာပန်းအိမ်ကိုယ်ပိုင် အထက်တန်းကျောင်းကိုတည်ထောင်သူ ဒေါက်တာကျော်စော။ သူ့အဖေက တရားရေးဝန်ထမ်းတစ်ဦး။

‘‘ကျွန်တော့်ကို ဟင်္သာတမှာ မွေးတာ။ ၁၉၆၀ အောက်တိုဘာ ၃ က။ အဖေက ၀န်ထမ်းဆိုတော့ ရန်ကုန်၊ စစ်တွေ၊ တွံတေးပြောင်း နေရတာပေါ့’’

သူသည် ဆရာဝန်တစ်ဦး။ ဆေးခန်းဖွင့်ထားသည်။ စာပန်း အိမ်ကျောင်းကြီးကို အောင်မြင် စွာတည်ထောင်ထားနိုင်သည်။ သူသည် ငယ်စဉ်ကကျောင်းစာမှာ လွန်စွာထူးချွန်သူလော။

‘‘ကျွန်တော့်မှာ မောင်နှမ ငါးယောက်ရှိတယ်။ ကျွန်တော် ငယ်တုန်းက စာညံ့တယ်’’

သူလေးတန်းတုန်းက အ တန်းပိုင်ဆရာမသည် စာမလုပ်သူ များကို ဒဏ်ပေးတတ်၏။ဘောင်း ဘီချွတ်ပြီး ကျောင်းရှေ့ကလမ်း ပေါ်မှာ မတ်တတ်ရပ်နေရ၏။ ထိုဒဏ်ပေးခံရသူတွေထဲမှာ သူ လည်း ပါဝင်ခဲ့၏။

‘‘ဆရာမက မြန်မာနဲ့သင်္ချာ သင်တာ။ ဆရာမကစာသင်လည်း ကောင်းတယ်။ စည်းကမ်းလည်း ကြီးတယ်။ ကျွန်တော်လည်း အဲ ဒီလိုဒဏ်ပေးခံရတော့ တော် တော်လေးရှက်သွားတယ်’’

ထိုကတည်းကစ၍ သူစာ ကြိုးစားလာသည်။ နေပူပူလမ်းမ ပေါ် ဘောင်းဘီချွတ်ပြီးရပ်ရမှာကို သူမလိုလားတော့ပါ။ ထိုသို့ရပ် နေရစဉ်မှာ အားငယ်သည်။ ရှက် ရွံ့သည်။ ကြောက်ဒူးလည်းတုန်မိ ၏။ ထိုစိတ်များကို သူမလိုချင်ပါ။ စာကြိုးစားမှ ဖြစ်တော့မည်။

စာဆိုသည်မှာ တကယ်လုပ် ကြည့်တော့လည်း အဟုတ်ရ သည်။ သူတွေ့ရှိသွားပြီ။ သူပျော် သွားပြီ။ ထိုအချိန်ကစ၍ သူစာကို သေချာလုပ်သည်။ ငါးတန်းသို့ ရောက်သောအခါ အတန်းထဲမှာ စာတော်သောကျောင်းသားတစ် ဦးဖြစ်ခဲ့ပြီ။

 သူမည်သို့ ကြိုးစားခဲ့သ နည်း။

‘‘ကျွန်တော်တစိုက်မတ်မတ် ကြိုးစားတယ်။ တစိုက်မတ်မတ် ကြိုးစားသူတစ်ဦးကို ဘယ်အရာ မှ တားဆီးလို့မရပါဘူး’’

သူ့စိတ်ကိုပြင်လိုက်၏။

ညံ့သော ကျောင်းသားတစ် ဦး၏ စိတ်ကိုတော်သောကျောင်း သားတစ်ဦး၏ စိတ်သို့ပြင်လိုက် ၏။ စိတ်က ပြင်ပြီးပြီဆိုတော့ ထို စိတ်အတိုင်းသာ လုပ်ဆောင်ရ၏။ သူအလယ်တန်းကျောင်းသား ဘ၀မှာ မေမြို့သို့ ပြောင်းရွှေ့ခဲ့ရ ၏။ အလက (၃)၊ အထက(၁)။ မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်။

သူ့စိတ်က အလုပ်ကိုလေး စားသည်။ ဆရာကို လေးစား သည်။ အချို့အေးသောဆရာများ သည် စာသင်ရာ၌ဆွဲဆောင်မှုမရှိ တတ်။ ကိစ္စမရှိပါ။ သူစိတ်ဝင်စား သည်။ စူးစိုက်နားထောင်သည်။ အချို့က ဆရာအေးလျှင်ပျင်း သည်။ သူကလေးစားစွာနား ထောင်သည်။

‘‘သင်တုန်းမှာ အကုန်ဝင် သွားဖို့လိုတယ်။ အဲဒီ Absorbing Power ကောင်းဖို့လိုတယ်။ အ ချိန်ပြောင်းတယ်။ နောက်ဆရာ က ချက်ချင်းလာတာမဟုတ်ဘူး။ အဲဒီကူးပြောင်းချိန်မှာ ခုနက သင် သွားတဲ့စာကို ကျွန်တော်ရအောင် ကျက်လိုက်တယ်။ အိမ်ရောက် တော့ ညမှာကျွန်တော်က မိသား စုနဲ့ ပေါ့ပေါ့ပါးပါးနေထိုင်တယ်။ ရေဒီယိုနားထောင်တယ်။ ညီ လေး၊ ညီမလေးတွေကိုကျွန်တော် က စာသင်ပေးတယ်’’

သူသည် ရှစ်တန်းရောက်က တည်းက နေ့စဉ်မနက် ၄ နာရီထ ပြီး စာကျက်သည်။ ဦးနှောက်က လန်းရွှင်နေ၏။ စာကိုအလွတ် ကျက်ခြင်းမဟုတ်။ စာဖတ်သည်။ စာအုပ်ကိုပိတ်ထားပြီး အဲဒီစာကို ပြန်စဉ်းစားသည်။ သေချာပြီ လော။

‘‘မနက်တိုင်း ၄ နာရီထထပြီး စာကျက်ရတာကို ကျွန်တော်သိပ် ကြိုက်တယ်’’

မိဘကတော့ သူ့ကိုဖိအား မပေး။ သဘာဝအတိုင်းထား သည်။ စာကျက်ပါဟု မပြော။ ဆရာဝန်လိုင်းရအောင် လုပ်ရ မည်ဟု မပြော။ သူက သူ့အသိ စိတ်နှင့် သူစာလုပ်သည်။

 ‘‘ဆယ်တန်းရောက်တော့ Revision အများဆုံးလုပ်ဖြစ် တယ်။ သင်္ချာတွေလည်း အများ ကြီးတွက်တယ်။ အပြင်ပုစ္ဆာတွေ ကို ကိုယ်တိုင်ရှာတွက်တယ်’’

သင်္ချာပုစ္ဆာကို ကိုယ်တိုင် ရှာ တွက်သဖြင့် ကိုယ်တိုင်စဉ်းစားရ သည်။ မမြင်ဖူးသော ပုစ္ဆာများကို တွက်သည်။ စဉ်းစားတတ်သော အလေ့အကျင့်ရခဲ့၏။ ထိုမှအစပြု ၍ လောကတွင်ဘာမဆိုစဉ်းစား တတ်လာ၏။

 ‘‘အပြင်စာကိုတော့ ကိုး တန်းကတည်းက ဖတ်နေပြီ။ အဲဒီ ခေတ်က ကျောင်းကောင်စီရှိ တယ်။ ကျောင်းမှာ စာကြည့်တိုက် ရှိတယ်။ တချို့နေ့မှာ စာကြည့် တိုက်တာဝန်ယူရတယ်။ ကျောင်း မှာအပြင်စာအုပ်နဲ့ ထိတွေ့ရ တယ်။ စာဖတ်ဖြစ်တယ်။ အပြင် စာအုပ်တွေ ဖတ်ဖြစ်တယ်’’

သူသည် ဆေးတက္ကသိုလ်ကို တက်ခွင့်ရ၏။

‘‘ဆေးတက္ကသိုလ်မှာ ကျွန် တော်ဟာ အတော်ဆုံးမဟုတ်ပါ ဘူး။ တချို့နယ်ကလာပေမယ့် ပင်ကိုသိပ်တော်သူတွေ ရှိပါ တယ်။ သူတို့က ပင်ကိုတော်သူမို့ တော်တယ်။ နောက်တစ်မျိုးက တော့ အဖေဆရာဝန်၊ အမေ ဆရာဝန်။ အစ်ကိုဆရာဝန်၊ အစ် မဆရာဝန်၊ မှတ်စုတွေလည်း အ ဆင်သင့်ထုတ်လာခဲ့ကြတယ်။ သူ တို့အထဲကနေ ဆေးကျောင်း ရောက်လာတယ်။ သူတို့ကလည်း တော်တယ်။ အဲဒီလိုပေါ့။ နှစ်မျိုး နှစ်စားပေါ့။ ပထမက ပင်ကို တော်လွန်းသူ၊ နောက်တစ်မျိုးက အသိုင်းအ၀ိုင်းတစ်ခုလုံး၊ မိသားစု တစ်ခုလုံးက ဆရာဝန်တွေ။ သူ တို့ကို ကျွန်တော်လိုက်မမီဘူး။ အဲ ဒီတော့ ကျွန်တော်က အခြေခံကျ ကျတိုတိုနဲ့ ထိမိတဲ့နည်းကို သုံး တယ်။ အောင်တာတော့ အောင် တယ်။ ထိပ်ဆုံးထူးချွန်သူမဟုတ် ပါဘူး။ အမြတ်ရတာကတော့ ဆေးကျောင်းမှာ အပေါင်းအသင်း တွေရှိတယ်။ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေထိုင်ခွင့်ရခဲ့ တယ်’’

သူသည် ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ရခဲ့သည်။ အ ဘယ်ကြောင့် ကျူရှင်ပြဖြစ်သ နည်း။

‘‘ကျွန်တော်က ဟောက်ဆာ ဂျင်ကို မေမြို့စစ်ဆေးရုံမှာ ဆင်း တယ်။ အဲဒီမှာ ကျွန်တော်တို့ ဟောက်ဆာဂျင်တွေ အချင်းချင်း ရန်ဖြစ်ကြတယ်။ ဟောက်ဆာဂျင် ပြီးတော့ ကျွန်တော်တို့တစ်ဖွဲ့လုံး ဆမ မရခဲ့ဘူး။ တစ်နှစ်ဆေးကုသ ခွင့်မရဘူး။ အဲဒီမှာ ကျွန်တော်ဟာ အပြင်ကျူရှင်မှာ စာဝင်သင်ဖြစ် သွားတယ်။ ဘိုင်အိုသင်တယ်။ ကျွန်တော်က စကားပြောမြန် တော့ ကိုယ့်ကိုယ်ကိုယ်အတော် ပြုပြင်ယူရတယ်။ ကျွန်တော်စိုးစံ မှာလည်း သင်ခဲ့တယ်။ ဗိုလ်မှူး မောင်လတ်က စည်းကမ်းရှိတယ်။ တော်တယ်။ သူ့ကျေးဇူးတွေ ကျွန် တော့်မှာ အများကြီးရှိတယ်’’စာပန်းအိမ်၏ ဒေါက်တာ ကျော်စောက ပြောပြသည်။

‘‘၁၉၉၃ မှာ ကိုယ်တိုင် ကျောင်း ထောင်ဖြစ်တယ်။ ကျောင်းထောင်တော့ သူငယ်ချင်း တွေကို ကြည့်လို့ရတယ်။ ကျွန် တော့်ကျောင်းမှာ သူတို့စာသင်လို့ ရတယ်။ ပထမတော့ ဒုက္ခတွေရှိ တာပေါ့။ မိဘရဲ့ယုံကြည်မှုရလာ အောင်က ခက်ခဲတယ်။ ကျောင်း အဆောက်အအုံ၊ စာသင်ခန်းဆို တာလည်း ဖွင့်စမှာ ကောင်းလှ တယ်မဟုတ်ဘူး။ ချက်ချင်း အ ထင်ကြီးလေးစားမှုကို ဘယ်ခံရ မလဲ။ စိတ်ဓာတ်ခိုင်ခိုင်နဲ့ အောင် မြင်အောင် ကြိုးစားရတယ်’’

 ဒေါက်တာကျော်စောက ပြောသည်။

‘‘နာမည်မရှိ၊ ပိုက်ဆံမရှိ၊ အ ကူအညီပေးသူမရှိ၊ ကျွန်တော်တို့ မှာ စိတ်ဓာတ်ပဲရှိတယ်။ စိတ် ဓာတ်က ကောင်းတယ်။ ခိုင် တယ်။ အဲဒီစိတ်ဓာတ်နဲ့ဆက်လုပ် လာခဲ့ကြတယ်’’

 ဒေါက်တာကျော်စောက ပြောသည်။

‘‘ကျွန်တော်တို့ စထောင် တုန်းက ကျူရှင်ကျောင်းတွေ မများသေးဘူး။ စိုးစံဟာ ကျွန် တော်တို့ရဲ့ Leader ပါ’’

ဒေါက်တာကျော်စောက ပြောသည်။

‘‘ကျွန်တော်တို့ ထောင်တော့ Target က မိဘကိုမထားဘူး။ မိဘကို စည်းရုံးမလား၊ ကလေး ကိုစည်းရုံးမလား။ ကလေးက ချစ် ဖို့၊ ကလေးက ယုံကြည်ဖို့အရေး ကြီးတယ်လို့ ဆုံးဖြတ်မိတယ်။ အဲဒါ မှန်သွားတယ်။ အရင်ခေတ် က မိဘထားတဲ့ကျောင်းမှာ က လေးနေရတယ်။ အခုခေတ်က ကလေးနေချင်တဲ့ကျောင်းမှာ မိ ဘကထားပေးရတယ်’’

 ဒေါက်တာကျော်စောက ပြောပြသည်။

အချို့သောကလေးများ သည် ချမ်းသာသောမိဘအသိုင်း အ၀ိုင်းတွင် မွေးဖွားကြီးပြင်းခဲ့ရ ၏။ နေ့စဉ်ကျောင်းနှင့်အိမ်။ သူ ငယ်ချင်း များများစားစားမရှိ။ မိဘကိုလည်း အားကိုးမှီခိုလွန်း သည်။ သို့နှင့် မိမိကိုယ်မိမိအားကိုး ယုံကြည်တတ်ရန်၊ မိဘမပါဝင်ဘဲ နေထိုင်တတ်ရန်၊ သူငယ်ချင်းမျိုး စုံနှင့်ဆက်ဆံတတ်ရန် ပြင်ဦးလွင် က စာပန်းအိမ်ကဲ့သို့ ကျောင်းမျိုး သို့ ပို့လိုက်သည်လည်းရှိ၏။ သူ ငယ်ချင်းသည် အဆိုးလည်းရှိ မည်။ အကောင်းစားလည်းရှိ မည်။ ဆိုးသူများမှာလည်း အား သာချက်ရှိ၏။ သင်ရန်ဖြစ်လျှင် လူရည်သန့်က ကူညီမည်မဟုတ် ပါ။ ဆိုးသည့်သူငယ်ချင်းက သင့် ဘက်က ခုခံကာကွယ်ပေးလိမ့် မည်။ လူဆိုသည်မှာ တန်ဖိုးအသီး သီးရှိ၏။

‘‘ဘ၀ဆိုတာ ပျော်ကိုပျော်ရ မယ်။ အလုပ်ကို ချစ်ရမယ်။ အ လုပ်ကို လေးစားရမယ်။ လူဟာ အလုပ်ထဲမှာ ပျော်ရွှင်ရမယ်’’

ပြင်ဦးလွင် စာပန်းအိမ်ကိုယ် ပိုင်အထက်တန်းကျောင်းတည် ထောင်သူ ဒေါက်တာကျော်စော က ပြောသည်။

‘‘ကျွန်တော်တို့ ဆယ်တန်း ဖြေတုန်းကဆိုရင် တချို့မိဘတွေ ဟာ ကိုယ့်ကလေးဘယ်နေ့မှာ ဘယ်ဘာသာဖြေမှန်းတောင်မသိ ဘူး။ သဘာဝအတိုင်းထားကြ တယ်။ အခုခေတ်ကျတော့ မိဘ တွေက ကိုယ့်သားသမီးကိုအ ကောင်းဆုံးတွေ အကုန်ပေးချင် တာ။ အကုန်လုပ်ပေးကြတယ်။ ကလေးက အကောင်းတွေချည်း ရနေတယ်။ အမှန်တော့ သဘာဝ အတိုင်းရှိစေချင်တယ်။ ကလေး ဟာ အကောင်းအဆိုးအကုန်ရပါ စေ။ ဒါမှအဆိုးကို ရင်ဆိုင်တတ် မယ်။ အဆိုးကို ခံနိုင်ရည်ရှိမယ်။ ကလေးက ကြီးလာတော့လည်း အဆိုးတွေ့ရင် ရင်ဆိုင်တတ်ဖို့၊ ခံနိုင်ရည်ရှိဖို့ လိုပါတယ်’’

 ဒေါက်တာကျော်စောက ပြောသည်။

အဆိုးဆုံးတွေ

အတိုက်အခိုက်တွေ

အထိုးအနှက်တွေ

သတိထား

    အကောင်းဆုံးကို ပေးဆပ်မယ်

‘‘ကလေးဟာ မိဘကချမ်း သာလွန်းပြီး အထီးကျန်ဆန်တတ် တယ်။ မိဘက သူ့ကလေးကို သူ့ အပေါင်းအသင်းတွေဆီက ခွဲ ထုတ်တတ်တယ်။ ကိုယ့်ကလေး ကို တစ်ယောက်တည်းခွဲထုတ်ပြီး အကောင်းဆုံးဖြည့်ဆည်းဖို့လုပ် ကြတယ်။ ကလေးဟာ သူ့ပတ် ၀န်းကျင်နဲ့ ထိစပ်ရမယ်။ သူ့ ပတ်ဝန်းကျင်ကို ခံစားတတ်ရ မယ်။ အများကို ဘာလုပ်ပေးနိုင် သလဲ စဉ်းစားတတ်ရမယ်။ ကလေးဟာ Solitude ဖြစ်နေတာ သဘာဝမကျဘူး။ နောက်မိဘက ကိုယ်အားသာတာကို ကလေးကို ဖြစ်စေချင်ကြတယ်။ အမှန်က ကလေးအားသာတာကို ကလေး က လုပ်စေရမယ်’’

ဒေါက်တာကျော်စောက ပြောသည်။ သူသည် နေ့စဉ်ဆေး ခန်းလည်း ထိုင်သည်။ ဆေးခန်း ကိုလည်း အချိန်ပေးသည်။  တ ကယ်ဆင်းရဲသူကို အခမဲ့။ ဘုန်း ကြီး၊ မယ်သီလရှင်အခမဲ့။ စာပန်း အိမ်ကဲ့သို့ အလွန်ကြီးသောကိုယ် ပိုင်ကျောင်းကို အုပ်ချုပ်ရသည်။ စာသင်ရသည်။  ဆယ်တန်းမှာ တကယ်ဆင်းရဲသော ကလေး ၁၀၀ ကို အခမဲ့စာသင်ကြားခွင့်၊ အခမဲ့နေထိုင်ခွင့်၊ အခမဲ့စား သောက်ခွင့်ပေးသည်။ ထိုကလေး များအတွက် စာသင်ကြေးကို သူ့ အိတ်ထဲက ရှင်း၏။

‘‘ဆင်းရဲတော့ ငယ်ငယ်က စာကောင်းကောင်းလုပ်ခွင့်မရခဲ့ ဘူး။ စာညံ့တယ်။ အဲဒီတော့ စာ ညံ့တယ်ဆိုပြီး နှိမ်လို့မဖြစ်ဘူး။ သူ့ကိုအားပေးနှစ်သိမ့်ရတယ်။ သူ စာကို ချစ်အောင်၊ စာလုပ်လာ အောင် ကျွန်တော်တို့ကလှုံ့ဆော် ပေးရတယ်’’

 ဒေါက်တာကျော်စောက ပြောသည်။

‘‘ကလေးက ကျွန်တော်တို့ မေတ္တာကို သိလာကြတယ်။ စာ ကြိုးစားလာကြတယ်။ ကလေး မှန်သမျှ စိတ်ဟာပျော်ရွှင်လန်း ဆန်းဖို့လိုတယ်။ စာကြိုးစားရ မယ်။ ပန်းလိုပွင့်ရမယ်။ ကိုယ့် အိမ်ကဲ့သို့ ကျောင်းကိုခံစားစေရ မယ်။ ကျွန်တော်စာကြည့်တိုက် ထားတယ်။ ကလေးတွေ အပြင် စာဖတ်ဖို့၊ စာကြည့်တိုက်ဝင်ဖို့ တစ်ချိန်ထားတယ်။ ကထိန်ပွဲတွေ၊ဆုပေးပွဲတွေ၊ နာမည်ကြီး အဆိုတော်တွေနဲ့ စတိတ်ရှိုးတွေ၊ ကလေးကိုယ်တိုင် သီချင်းဆိုပွဲတွေ၊ အားကစားပွဲတွေလည်း နှစ်စဉ်လုပ်ပေးတယ်။ ကလေးစိတ်ဟာ ပျော်ပြီး စာကြိုးစားနေရမယ်’’

 ဒေါက်တာကျော်စောက ပြောသည်။

‘‘လူငယ်ကတည်းက ရသ စာပေကို ဖတ်မှ ကောင်းတယ်။ စာအုပ်တွေ ဖတ်ခြင်းဖြင့်ဒုက္ခတွေ ကို ခံနိုင်ရည်ရှိဖို့ အကြောင်းတွေ ဖြစ်လာတယ်။ ဘ၀မှာ အကြမ်း အတမ်းတွေရှိတယ်။ အဲဒီအ ကြမ်းအတမ်းတွေကို ခံနိုင်ရည်ရှိ ဖို့လိုတယ်။ ရသစာပေထဲမှာက အဲဒီအကြမ်းအတမ်းကို ဖြတ် ကျော်ဖို့ ခွန်အားတွေပါဝင်တယ်။ လူဟာ ကိုယ့်ကိုယ်ကိုယ် နိုင်ဖို့လို တယ်။ ကိုယ်တွင်း တိုက်ပွဲရှိ တယ်။ နောက်အပြင်က ကိုယ့်ကို လာတိုက်တာကို နိုင်ဖို့လိုတယ်။ လူဟာ ကြံ့ကြံ့ခံနိုင်လေ တန်ဖိုး ရှိလေပဲ။ ရသစာပေဖတ်ရင် စိတ် အားသတ္တိက လေ့ကျင့်ပျိုးထောင် ပြီးသား အလိုလိုဖြစ်သွားတတ် တယ်’’

 ဒေါက်တာကျော်စောက ပြောသည်။

စာပန်းအိမ်တွင် အငယ် တန်းနှင့် အလယ်တန်းအတွက် ပန်းချီချိန်တစ်ချိန်ပါဝင်သည်။ ပန်းချီသင်ကြားပေးသော ဆရာ မှာ နာမည်ကျော်ပန်းချီဆရာ မူးမူးဖြစ်သည်။ Artist Muu Muu ဟု ပြောလိုပါသည်။

‘‘စိတ်အေးချမ်းတဲ့ အလေ့ အကျင့်ရစေချင်လို့။ ဆုံးဖြတ်ချက် ချရာမှာ စိတ်အေးချမ်းမှ ကောင်း ပါတယ်’’

 ဒေါက်တာကျော်စောက ပြောသည်။

‘‘လူဆိုတာ ငယ်စဉ်က ပေါက်ကွဲတတ်တယ်။ ကြီးလာတဲ့အခါ ရင့်ကျက်ဖို့လိုတယ်။ သည်းခံတတ်ရမယ်။ မြင့်မြတ်တဲ့စိတ် မွေးမြူရမယ်။ ကလေးတွေလည်း ငယ်စဉ်ကတည်းက အနုပညာနဲ့ ရင်းနှီးပြီး စိတ်လှပစေချင်ပါတယ်’’

စာပန်းအိမ် ဒေါက်တာ ကျော်စောက ပြောသည်။

ကလေးများသည် သဘာဝ ထဲမှာ ရဲရဲရှင်သန်ပါစေ။

(စာရေးဆရာမောင်ကိုကို (အမရပူရ)သည်  စိတ်ဝင်စားဖွယ်လူပုဂ္ဂိုလ်များအကြောင်းနှင့် အက်ဆေးများ ရေးသားနေသူဖြစ်သည်။)

Top News