ယာဉ်မောင်းလိုင်စင် အတုပြုလုပ်သည့် အဖွဲ့နှစ်ဖွဲ့ကို ဖမ်းဆီး

ယာဉ်လိုင်စင်အတုပြုလုပ်သူများကို သက်သေခံပစ္စည်းများနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးထားစဉ် (ဓာတ်ပုံ - Yangon Police)

 ယာဉ်မှတ်ပုံတင်သက် သေခံလက်မှတ်နှင့် ယာဉ်မောင်း လိုင်စင် အတုပြုလုပ်ဖြန့်ချိသည့် အဖွဲ့နှစ်ဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများက ပူးပေါင်းဖမ်း ဆီးနိုင်ခဲ့ကြောင်း ကညန မြင်သာ ရုံး ညွှန်ကြားရေးမှူး ဦးလျန်ကျင့် မန်က ပြောသည်။

မော်တော်ယာဉ်လိုင်စင် အ တုပြုလုပ်ပေးကြောင်း လူမှုကွန် ရက်တွင် ရေးသားကြေညာနေသူ တစ်ဦးကို အသွင်ယူဖမ်းဆီးရာမှ ဇွန်လ ၂ ရက်တွင် မော်တော်ယာဉ်လိုင်စင် အတုပြုလုပ်သူ ခြောက်ဦး၊ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီးနှင့် ယာဉ်လိုင်စင်အတုပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိသည်။ ထို့အတူ ဇွန်လ ၂ ရက်၌ပင် ကညနရုံးအနီး ယာဉ်လိုင်စင် အတုပြုလုပ်ပေးသူ တစ်ဦးကို အသွင်ယူဖမ်းဆီးရာ ပူးပေါင်းကြံ စည်သူငါးဦးအနက် လေးဦးကို သက်သေလိုင်စင်ကတ် အတု များနှင့်အတူ ဖမ်းမိခဲ့ကြောင်း ၎င်းကပြောသည်။


 ဖမ်းဆီးရမိထားသူများကို သင်္ဃန်းကျွန်းမြို့မရဲစခန်း၊ လှိုင် သာယာမြို့မရဲစခန်းနှင့် တောင် ဥက္ကလာပမြို့မ ရဲစခန်းတို့တွင် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း မြင်သာ ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 မတ်လ ၁၀ ရက်က ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်တွင် Wai Yan အမည်ဖြင့် အကောင့်တစ်ခု မှ ကညနအရာရှိလက်မှတ်ပါ ယာဉ်မောင်းလိုင်စင်ကတ်ပုံများ ပြသပြီး ‘မြန်မာနိုင်ငံ ယာဉ်မောင်းလိုင်စင် ဆောင်ရွက်သည်၊ အော်ဒါလက်ခံသည်။ လူကိုယ်တိုင်သွားစရာ မလိုဘဲလည်း ဆောင်ရွက်နိုင်သည်’ စသည့် အကြောင်းအရာများကို တရုတ်၊ အင်္ဂလိပ် ဘာသာနှစ်မျိုးဖြင့် ရေးသားထား သဖြင့် ဥပဒေအရ အရေးယူရန် ကညနအရာရှိက မေလ ၂၅ ရက်၌ သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။

ထို့နောက် မေလ ၂၅ ရက် တွင် Wai Yan အကောင့်ပိုင်ရှင် ၏ ဖုန်းနံပါတ်သို့ ဆက်သွယ်ရာ မေပွင့်ဖြူနှင့် ထိုက်ဇာခြည်သင်း တို့က တောင်ဥက္ကလာပမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်သို့ လာရောက်၍ ယာဉ်မောင်းလိုင်စင်လုပ်ရန် ကျပ်နှစ်သိန်းငါးသောင်း ကျသင့်မည်ဟု ပြောဆိုသဖြင့် စရန် ကျပ်ငါးသောင်းပေးကာ အပ်နှံခဲ့သည်။၎င်းတို့က ဇွန်လ ၁ ရက်တွင် လိုင် စင်ရမည်ဆိုကာ ပြန်လည်ချိန်း ဆိုခဲ့ကြောင်း ဦးလျန်ကျင့်မန်က ပြောသည်။

ဇွန်လ ၁ ရက်တွင် သင်္ဃန်း ကျွန်းမြို့နယ်ရှိ လက်ဖက်ရည် ဆိုင်တစ်ခု၌ မေပွင့်ဖြူနှင့် ထိုက်ဇာခြည်သင်းတို့က လိုင်စင်လာ ရောက်ပေးချိန်၌ ရဲအရာရှိများက ရှာဖွေဖမ်းဆီးရာ ကညနတံဆိပ် ပါ လိုင်စင်အတု၊ ပြေစာနှင့် သက်သေများ သိမ်းဆည်းရမိကြောင်း ဦးလျန်ကျင့်မန်က ပြောသည်။

မေပွင့်ဖြူ၏ ထွက်ဆိုချက်အရ ဂျူလီယာဆိုသည့် အမျိုးသမီးထံမှ လိုင်စင်ကတ်အတုများကို တစ်ဆင့်ယူ၍ ရောင်းချခြင်းဖြစ်ကြောင်း သိရသဖြင့် လှိုင်သာယာမြို့နယ် နဝဒေးအိမ်ရာရှိ ဂျူလီယာနေအိမ်သို့ သွားရောက်ရှာဖွေရာ ဂျူလီယာနှင့်အတူ ကညနတံဆိပ်ပါ ယာဉ်မောင်းလိုင်စင် အတုခြောက်ခု သိမ်းဆည်းရမိသည်။

ဂျူလီယာကို စစ်ဆေးမေး မြန်းရာ We Chat တွင် ထွန်းလှိုင်ဆိုသူနှင့် အဆက်အသွယ်ရှိပြီး ထိုသူထံမှ လိုင်စင်ကတ်အတု များရယူကြောင်း ထွက်ဆိုခဲ့ပြီး ထွန်းလှိုင်ကို ဆက်လက်ဖမ်းဆီး ရာ သက်သေခံပစ္စည်းများပါ သိမ်းဆည်းရမိသည်။

ထွန်းလှိုင်ကို စစ်ဆေးရာ တွင် လှိုင်သာယာမြို့နယ် နဝဒေး ဥယျာဉ်အိမ်ရာနေ ကွန်ပျူတာ ပညာရှင် ဇော်လင်းအောင်နှင့် ပူးပေါင်း၍ လိုင်စင်အတုများ ပြု လုပ်ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ သည်။

 လှိုင်သာယာမြို့နယ်ရှိ ဦးဇော်လင်းအောင်၏ နေအိမ်နှင့် FMI City ရှိ ရုံးခန်းနှစ်နေရာကိုလှိုင်သာယာရဲတပ်ဖွဲ့ဝင်များနှင့် တစ်ပြိုင်တည်း ဝင်ရောက်ရှာဖွေ ရာ ယာဉ်မောင်းလိုင်စင်စမတ် ကတ်ထုတ်စက်သုံးခု၊ လက်ပ် တော့ခြောက်လုံး၊ ကာလာပရင် တာသုံးခုနှင့် ကွန်ပျူတာဆက်စပ် ပစ္စည်းများ၊ မှတ်ပုံတင်မဲ့ယာဉ် Toyota Alphard တစ်စီး၊ Toyota Mark II တစ်စီး သိမ်းဆည်းရရှိခဲ့ ခြင်းဖြစ်ကြောင်း ဦးလျန်ကျင့်မန် က ပြောသည်။

ထို့အပြင် လိုင်စင်ကတ်ပြု လုပ်ပြီးသား ၆၅၀၊ လိုင်စင် စမတ်ကတ် မပြုလုပ်ရသေးသည့် ကတ်အလွတ် ၂,၁၀၀၊ ကတ်အပျက်အစီး ၂၀၀ ကျော်၊ ကားဖောင်းကြွနံပါတ်ပြားများနှင့် သက်သေခံပစ္စည်းအများအပြား သိမ်းဆည်း ရမိကြောင်း၊ Wai Yan အကောင့်ပိုင်ရှင်ကိုလည်း သထုံမြို့နယ် တွင် သက်ဆိုင်ရာနယ်မြေရဲအရာရှိများက ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

၎င်းတို့ကို သင်္ဃန်းကျွန်းနှင့် လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

 လိုင်စင်လျှောက်ထားသူ တစ်ဦးထံမှ ကညနရုံးဝန်းကျင် တွင် အခကြေးငွေယူ၍ လိုင်စင်ပြုလုပ်ပေးမည်ဟု ပြောဆိုဆောင်ရွက်နေသူရှိကြောင်း သတင်းရ ရှိသဖြင့် သက်ဆိုင်ရာနယ်မြေရဲ အရာရှိများနှင့် ကညနမှ အရာရှိများ ပူးပေါင်း၍ အသွင်ယူဖမ်းဆီးရာ ဇွန်လ ၂ ရက်တွင် လိုင်စင် အတု ပြုလုပ်ဖြန့်ဝေသည့် ပြစ်မှု ကျူးလွန်သူ လေးဦးကို ဖမ်းမိခဲ့ ပြန်သည်။

လိုင်စင်အတုပြုလုပ်သူများ အနေဖြင့် သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ထံ လိုင်စင်ကတ်အတုများ ပြန် လည်အပ်နှံပေးရန်နှင့် လိုင်စင် အတုများ ဆက်လက်ကိုင်ဆောင် ထားပါက တည်ဆဲဥပဒေအရ အ ရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

More in News Section

Top News