iOS 12 ကို ပိုမိုကောင်းမွန်လာစေတဲ့ Feature အသစ်များ

Apple ရဲ့ မိုဘိုင်း OS အသစ်ဖြစ်တဲ့ iOS 12 ကို ဇွန်လ ၄ ရက်က နိုင်ငံတကာ Developer ညီလာခံမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ iOS အသစ်ဟာ အရင်မျိုးဆက်ဖြစ်တဲ့ iOS 11 နဲ့ အတော်လေးဆင်တူပါတယ်။ ဒါပေမဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ ဘက်ထရီအသုံးခံမှုကို မြှင့်တင်ထားတာတွေအပါအဝင် Feature အသစ် တော်တော်များများကို ပေါင်းစပ်ထားတယ်လို့ Apple က ပြောပါတယ်။

iOS 12 နဲ့ပတ်သက်ပြီး သိသိသာသာ ပိုမိုအားရစရာကောင်းလာတဲ့ အပြောင်းအလဲတချို့ကို ဖော်ပြလိုက်ပါတယ်။

အုပ်စုဖွဲ့ အသုံးပြုနိုင်မယ့် FaceTime
Chatting ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ FaceTime ကို တစ်ဦးချင်းစီပဲဆက်သွယ်ပြောဆိုနေရတဲ့ ကန့်သတ်ချက်ကို iOS 12 မှာ ပယ်ဖျက်နိုင်ခဲ့ပါပြီ။ အခုဆိုရင် FaceTime အသုံးပြုသူတွေအနေနဲ့ လူ ၃၂ ယောက်ထိ ချိတ်ဆက်စကားပြောနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်နဲ့ စကားပြောနေသူတွေကို ညွှန်းဆိုပြတဲ့ အတုံးလေးတွေ Screen ပေါ်မှာ ပေါ်နေမှာဖြစ်ပြီး ဆက်သွယ်ပြောဆိုချင်သူတိုင်းကို အလွယ်တကူရွေးချယ်နိုင်ပါတယ်။ Memoji ကိုသုံးပြီး ကိုယ့်ကိုယ်ကိုယ် ကာတွန်းဗားရှင်းလေးတွေအဖြစ်လည်း ပြောင်းလဲနိုင်ပါသေးတယ်။

Memoji
Apple ရဲ့ Animoji ကို အဆင့်မြှင့်ထားတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ Memoji ကိုသုံးပြီး ကိုယ်နဲ့ဆင်တူတဲ့ Avatar ကာတွန်းရုပ်လေးတွေ ဖန်တီးနိုင်ပါတယ်။ တိရစ္ဆာန်ကာတွန်းပုံလေးတွေ ပြောင်းချင်ရင်လည်း အဆင်ပြေပါတယ်။ သရဲလေးလိုလို၊ကျားလေးတစ်ကောင်လိုလို၊ ဒါမှမဟုတ်လည်း တီရက်စ်ဒိုင်နိုဆောပုံစံလိုလို ဖြစ်ချင်ရင်လည်း လွယ်လွယ်ကူကူ အထမြောက်မှာပါ။ Memojiဟာ iOS 12 ရဲ့ အခြေခံ Animoji သဘောမျိုး အလုပ်လုပ်ပေးမှာပါ။

Screen Time
iOS 12 မှာ ပါလာမယ့် Screen Time ဟာ ဒီ OS ကို ကိုယ်ဘယ်လောက် အချိန်ယူသုံးစွဲဖြစ်သလဲဆိုတာကို ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဖြစ်ဖြစ်၊ Tablet၊ကွန်ပျူတာဖြစ်ဖြစ် သုံးစွဲချိန် လွန်လွန်ကြူးကြူး ဖြစ်နေမလားဆိုတာကို ဒီ Featureနဲ့ စောင့်ကြည့်နိုင်ပါတယ်။ လိုအပ်သလိုကန့်သတ်ထားတာတွေလည်း လုပ်လို့ရတယ်။ ကလေးတွေအတွက်လည်း အချိန်စာရင်းသတ်မှတ်မှု Feature တစ်ရပ်အနေနဲ့ မိဘ တွေက သုံးစွဲနိုင်ပါတယ်။ ပြီးတော့ ဘယ်အချိန်မှာ ဘယ် App တွေကို သုံးစွဲခွင့်တားမြစ်ထားချင်သလဲဆိုတာမျိုးတွေ ကြိုတင်သတ်မှတ်ပေးထား နိုင်ပါတယ်။

Siri ရဲ့ Shortcut တွေ
နေအိမ်သုံး စမတ်နည်းပညာကဏ္ဍမှာ Siri ဟာ ပြိုင်ဘက်တွေဖြစ် တဲ့ Google Assistant၊ Amazon Alexa တို့ထက် နောက်ကျကျန်နေပါတယ်။ ဒါပေမဲ့ စမတ်မိုဘိုင်းကိရိယာတွေမှာတော့ Apple က သူတို့ရဲ့ အားသာချက်ကို အလျှော့မပေးစတမ်းရယူထားဆဲပါ။ ဒီဉာဏ်ရည်တု အထောက်အပံ့နည်းပညာဟာ iOS 12 မှာတော့ ပိုပြီး အချိတ်အဆက်မိတဲ့ လမ်းကြောင်းတွေနဲ့ တုံ့ပြန်အလုပ်လုပ်လာနိုင်ပါတယ်။ ဥပမာ အိမ်ပြန်မယ်လို့ပြောလိုက်ရင် အိမ်ကအဲကွန်းကို ဖွင့်ပေးထားတာမျိုးထိ ကြိုတင်အလုပ်လုပ်နေမှာပါ။ ဒီလို အမိန့်ပေးခိုင်းစေမှုနဲ့ ပတ်သက်ပြီး အတိုကောက်စကားလုံးတွေမှာ ဘယ်လုပ်ငန်းစဉ်တွေ ဖွဲ့စည်းပါဝင်သင့်သလဲဆိုတာကို Siri ရဲ့ မှတ်ဉာဏ်တုထဲ လမ်းညွှန်ထည့် သွင်းပေးထားနိုင်မှာဖြစ်ပါတယ်။

ARKit 2
ဒါကတော့ iOS 12 ရဲ့ File Format အသစ် usdz ကို ထောက်ပံ့မယ့် စနစ်ဖြစ်ပါတယ်။ ဒီ Format ဟာ Messages၊ Safari၊ Mail၊ Files နဲ့ News တို့လို App တွေကို Argument Reality နည်းပညာ ချိတ်ဆက်ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

Photos
Goolge Photos လို ပြိုင်ဘက်ကောင်းတွေကို ယှဉ်ဖို့အတွက် iOS 12 ရဲ့ ဓာတ်ပုံစီမံခန့်ခွဲမှု Feature ကို အတော်ကောင်းမွန်အောင် Appleက အဆင့်မြှင့်ထားပါတယ်။ ဘယ်လိုဓာတ်ပုံတွေကို ဝေမျှသင့်သလဲ ဆိုတာမျိုး အကြံပေးတာတွေ ပါလာပါတယ်။ သူငယ်ချင်းအချင်းချင်း ဓာတ်ပုံရိုက်ထားတာတွေ အပြန်အလှန်ပေးပို့ဖို့ ကူညီရွေးချယ်ပေးတာ မျိုးတွေ ရှိလာတယ်။ ဒါ့အပြင် ဓာတ်ပုံတွေကို လူအလိုက်၊ ဖြစ်ရပ်အလိုက်၊ နေရာအလိုက်၊ အစုအဖွဲ့အလိုက်၊ အကြောင်းအရာအလိုက် စီစဉ်သတ်မှတ်ပေးနိုင်တာမျိုးတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

—Ref: PC Magazine

Top News