လမ်းဘေးဈေး

သည်မနက်လမ်းလျှောက် ထွက်လာတော့ ခါတိုင်းတိုးဝှေ့ပြီး သွားနေရသော ပလက်ဖောင်းကျဉ်းကျဉ်းလေးပေါ်မှာ ရှင်းနေသည်။ ပထမသတိမထားမိသော်လည်း ဈေးလမ်းထိပ်ရောက်တော့ သတိထားမိသွားသည်။ ဈေးလမ်း ထိပ်မှာ မီးခိုးရောင်ယူနီဖောင်း ၀တ် စည်ပင်ဝန်ထမ်း လေး၊ ငါး ယောက် မတ်တတ်ရပ်နေသည်။ ခါတိုင်းမြင်နေကျ ဈေးသည်တွေ မတွေ့ရတော့ဘဲ လမ်းကရှင်းပြီး ခြောက်သွေ့နေသည်။ ဟိုဘက် မှာလည်း မီးခိုးရောင်ယူနီဖောင်း ၀တ် စည်ပင်ဝန်ထမ်းတချို့မတ် တတ်ရပ်နေသည်။ ခါတိုင်း ရှုပ် ထွေးစည်ကားနေသော လမ်းက လေးမရှိတော့ပါ။ မနက်ခင်းတိုင်း လိုလို ထိုနေရာလေးကို ဖြတ်၍ လမ်းလျှောက်ဖြစ်ခဲ့ရာတွင် စည် ကားနေသော ဈေးသည်များ၏ အသံဗလံတွေ၊ အမျိုးအမည်စုံ သော အရာဝတ္ထုတွေနှင့် မနက် ခင်းလေးမှာ လှပနေသည်။ ယခု တော့ ထိုသို့မဟုတ်တော့ပါ။


ခါတိုင်း ခြေတစ်လှမ်းရှေ့ တိုးဖို့ ရှေ့ကလာသူကို မတ်တတ် ရပ်စောင့် လမ်းဖယ်ပေးပြီးမှ ခက် ခက်ခဲခဲသွားခဲ့ရသည်။ ကျဉ်းသောပလက်ဖောင်းပေါ်မှာ မရအရ ဈေး ဗန်းတွေတင်ထားကြသည်။ ရာသီအလိုက်ပေါ်သော ပန်းတွေ၊ သစ် သီးတွေ၊ ဟင်းရွက်ကန်စွန်းတွေ က ပန်းချီကားတစ်ချပ်ဖြစ်နေ သည်။ လာပါ၊ ယူပါဆိုသော အသံတွေက သံစဉ်တစ်ခုဖြစ်နေသည်။ ဆူညံရှုပ်ထွေးသော်လည်း လူမှု ဘ၀ပန်းချီကားတစ်ချပ်ကို နံနက် ခင်းမှာ လတ်လတ်ဆတ်ဆတ်မြင် ရ၍ ပီတိဖြစ်ရသည်။

တစ်နေ့တာအတွက် ကိုယ်စီ ရုန်းကန်နေကြသည်များကို ကြည့်၍ ခွန်အားဖြစ်ရသည်။ မေမြို့ပန်း၊ သပြေပန်း၊ သစ္စာပန်း၊ တရုတ် ပြည်မှလာသော ရောင်စုံပန်းများ ကို ရောင်းသူအမျိုးသမီးက ရောင်စုံပန်းများကို နေ့စဉ် ထိုနေရာမှာ ရောင်းချသည်။ လိမ္မော်သီး၊ ပန်း သီး၊ သစ်တော်သီး၊ နာနတ်၊ ဒူး ရင်း၊ သရက်သီး၊ စပျစ်သီးစသည် တို့ကို ရောင်းချသည့် အဒေါ်ကြီး ကို ထိုနေရာမှာ အမြဲတွေ့ရသည်။သူ့ဘေးနားမှာ ကပ်ပြီး ကန်စွန်း ရွက်၊ ချဉ်ပေါင်ရွက်၊ ဆူးပုပ်ရွက် ဗန်းကလေးလာချပြီး ရောင်းသော ကလေးမတစ်ဦးကိုလည်း ရံဖန်ရံ ခါတွေ့ရတတ်သည်။ ညိုမွဲသော အသားအရေနှင့် နွမ်းပါးသော အ၀တ်အစားတို့ကို ကြည့်ရုံနှင့် ဆင်ခြေဖုံးမြို့နယ်တစ်ခုက လာ ရောင်းတာဖြစ်ပုံရသည်။ တစ်နိုင် တစ်ပိုင် ဗန်းကလေးတွေပေါ်မှာ ဟင်းသီးဟင်းရွက်တွေ၊ အသီး အနှံတွေရောင်းနေကြသည့် ဈေး သည်တွေက လျှောက်သောလမ်း မှာ အနှောင့်အယှက်ဖြစ်သော် လည်း နံနက်ခင်းလမ်းဘေးဈေး လေးက အသက်ဝင်ပြီး ကြည်နူး စရာတစ်မျိုးကောင်းသည်။ ထို နေရာမှ လမ်းထဲချိုးဝင်လိုက်လျှင် တော့ တစ်လမ်းလုံးတစ်ဖက်တစ် ချက်ဈေးသည်မျိုးစုံပြည့်နေသည့် ဈေးလမ်းကလေးကို ရောက်သွား မည်။ ထိုနေရာတွင် ဈေးသည်တို့ ၏ အသံမျိုးစုံကို ကြားရမည်။ တစ်ခါတစ်ရံ တစ်စီးတလေ၀င်လာ တတ်သည့် ကားဟွန်းသံကိုကြား ရမည်။ ‘‘ဟောဒီမှာ...နော်...’’ဟု သံရှည်ဆွဲကာ ဈေးခေါ်နေသူ မိန်း မကြီးတစ်ဦး၏ အသံကိုလည်း ကြားနိုင်သည်။

နံနက်ခင်း ဈေးဝယ်ထွက် သော အိမ်ရှင်မတွေ ဥဒဟို တိုး ဝှေ့စည်ကားနေသော လမ်းမှာ မီးဖိုချောင်အတွက် ၀ယ်ခြမ်းစရာ အသားငါးမျိုးစုံ၊ အသီးအနှံမျိုးစုံ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ငါး ခြောက်စုံလင်လှသည်။ ဟိုဘက် ထိပ် သည်ဘက်ထိပ် တစ်လမ်းလုံး နံနက်ခင်းဈေးတန်းဖြစ်နေခဲ့သည် မှာ ကြာပြီ။ သည်အနီးအနားတစ် ၀ိုက်ရပ်ကွက်တွေက အိမ်ရှင်မ တွေအားလုံး သည်လမ်းဘေးဈေး လေးကိုပဲ အားကိုးကြသည်။ လမ်း ဘေးဈေးဆိုတော့ ၀ယ်ရ၊ ခြမ်းရ ငေးရ ကြည့်ရလွယ်သည်။ သည် အနီးအနားတစ်ဝိုက်မှာ ရပ်ကွက် ကြီးတွေ ၀န်းရံနေကြသဖြင့် အ ချက်အချာကျသလို အခြားမြို့ နယ်များက လာရောက်ရောင်းချ သော တစ်နိုင်တစ်ပိုင်ဈေးသည် များကြောင့် ၀ယ်စရာ၊ ခြမ်းစရာ စုံလှသည်။ တစ်ခါတစ်ရံ မိုးဦးကျ မျှစ်စို့အစိမ်းတွေ၊ တောင်ပို့မှိုတွေ၊ တညင်းသီးတွေ၊ အင်ဥတွေအထိ တွေ့ရတတ်သည်။ ကညွတ်တွေ၊ ဗုံလုံတွေ၊ ပဲတောင့်ရှည်၊ ခရမ်း သီး၊ ကြောင်လျှာသီးစုံလှသည်။ ငါးသည်တွေက စည်ဘီယာဆိုင် ကြီးရှေ့ပလက်ဖောင်းမှာ ခုတ် ထစ်ရောင်းချသည်။ စည်ဘီယာ ဆိုင်ကြီးမှာ ညနေကျမှ ဖွင့်သဖြင့် မနက်ခင်းမှာ ငါးစိမ်းသည်တွေက ရှေ့ပလက်ဖောင်းကို သိမ်းပိုက် ထားသည်။

သည်ဈေးလမ်းထဲ မနက်ခင်းတချို့မှာ လမ်းလျှောက်လာတိုင်း ဆရာဇော်ဂျီ၏ ‘ပုဂံဈေး’ အက် ဆေးကို မြင်ယောင်လာသည်။ ဈေးသည်ဈေးဝယ်တို့၏ အသံဗလံတွေ၊ အမျိုးအမည်စုံသော သားငါး၊ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်တွေနှင့် ပန်းချီကားတစ် ချပ်လို ဖြစ်နေသည်။ တစ်ဖက် တစ်ချက် ကန်ထရိုက်တိုက်ခန်း များပေါ်က လူတွေကတော့ သည် ဈေးလေးကြောင့် စိတ်အနှောင့် အယှက်ဖြစ်နေမည်လား။ သည် လိုစည်ကားနေသော ၀ယ်စရာ ခြမ်းစရာစုံလင်လှသည့် ဈေးတန်း တစ်ခု ကိုယ့်လမ်းထဲမှာ အသင့်ရှိ နေ၍ ကျေနပ်နေမည်လား။ မသိ နိုင်ပါ။ နံနက်ခင်းဆိုလျှင် တစ် လမ်းလုံးဈေးသည်၊ ဈေးဝယ်တွေ နှင့် ပြည့်သွားပြီး စည်ကားနေ သည့် သည်ဈေးလမ်းကလေးခု ရက်များမှာတော့ ခြောက်သွေ့ တိတ်ဆိတ်သွားပြီ ဖြစ်သည်။

‘‘ဈေးဗန်းတွေကို ခြေထောက်နဲ့ ကန်ပစ်တယ်။ ဈေးခုံတွေကို ရိုက်ချိုးတယ်’’

ပြီးခဲ့သည့် တစ်နံနက်ခင်းက ကြားလိုက်ရသော အသံဖြစ်သည်။ ပုံမှန်လာရောက်ဈေးရောင်းနေ ကြသည့် လက်လုပ်လက်စားဈေး သည်လေးများ နေရာပျောက်သွား သည်။ သည်ဈေးတန်းကလေးကို ထမင်းအိုးသဖွယ်သဘောထား ကာ အမှီအခိုပြုနေကြသည့် ဈေး သည်များ ဒုက္ခရောက်ကုန်ကြ သည်။ ဈေးသည်တွေ ဒုက္ခရောက်ကုန်ကြတာ အရေးမကြီး။ သည် အနီးအနားတစ်ဝိုက်က အိမ်ရှင်မ တွေလည်း ဈေးဝယ်ဖို့ အခက် တွေ့သွားသည်။ ဈေးသည်တချို့ က တိုက်ကြိုတိုက်ကြား ဟိုနား ပုန်း၊ ဒီနားပုန်း ဈေးရောင်းကြ သည်။ ပုန်းရောင်းရသည်ဆို၍ တရားမ၀င် မူးယစ်ဆေးလည်း မဟုတ်။ မှောင်ခိုပစ္စည်းလည်း မဟုတ်။ ကန်စွန်းရွက်၊ ချဉ်ပေါင် ရွက်၊ ကင်ပွန်းချဉ်ရွက်တွေ ဖြစ် သည်။ တချို့ဈေးသည်ကတော့ လက်တွန်းလှည်းငယ်ပေါ် ဟင်း သီးဟင်းရွက်တွေတင်ပြီး လမ်းမ ကြီး၏ တစ်ဖက်ခြမ်းမှာ ရှောင်ပြီး ကျီးလန့်စာစားရောင်းနေရသည်။ သည်ဘက်လမ်းထိပ်မှာတော့ မီး ခိုးရောင် ယူနီဖောင်းနှင့် စည်ပင် ၀န်ထမ်းတွေ ကျီးကြည့် ကြောင် ကြည့်ကြည့်နေသည်။ ဈေးသည် နှင့် စည်ပင်ဝန်ထမ်းတွေက ကြောင်နှင့်ကြွက်လို ‘‘လိုက်ဟေ့ လိုက်ဟ၊’’‘‘ပြေးဟေ့ ပြေးဟ’’ တရုန်းရုန်း လိုက်တမ်း၊ ပြေးတမ်းကစားနေ သည်။

လမ်းဘေးဈေး (Street Market) တွေက ကမ္ဘာအနှံ့မြို့ ကြီးတိုင်းမှာရှိတယ်။ ဒါက အနီး ၀န်းကျင်ရှိ ပြည်သူတွေအတွက် အားကိုးအားထားပြုရာ Comm-unity Commercial Market တစ် ခုလည်း ဖြစ်သည်။ ရောင်းဝယ် ဖောက်ကားကြ၊ မှီခိုအားထားကြ သည့် ရပ်ဝန်းတစ်ခုဖြစ်သည်။ မြို့ ကြီးအတော်များများမှာ Street Market တွေရှိကြပြီး ယခုဈေး တန်းလိုပင် စည်ကားလှသည်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟာဘင်းမြို့သို့ ရောက်ရှိခဲ့စဉ် နံနက်ခင်းတိုင်းလိုလို ယခုဈေး တန်းလိုမျိုး လမ်းဘေးဈေးတန်း တစ်ခုကို ဖြတ်လျှောက်ခဲ့ဖူးသည်။ သူတို့သည်လည်း နံနက်ခင်းတစ် ခုလုံး မီးဖိုချောင်သုံးဟင်းသီးဟင်း ရွက်၊ သားငါးတို့ လမ်းဘေးတစ် ဖက်တစ်ချက်မှာ ရောင်းချနေ သည်ကို မြင်တွေ့ခဲ့ရသည်။ အ ရှေ့တိုင်းသားတွေက ယခုလို ဈေး ရောင်း ဈေးဝယ်အလေ့အထရှိကြသည်။ လမ်းဘေးမှာ ခင်း၍ ရောင်းမည်၊ ၀ယ်သူကလည်း လမ်းပေါ် က ဖြတ်လျှောက်ပြီး ၀ယ်မည်။ တရုတ်ပြည်မှာသာမဟုတ်။ ဘန် ကောက်တို့၊ ဟိုချီမင်းတို့မှာလည်း လမ်းဘေးဈေးတွေရှိသည်။

လမ်းဘေးဈေးသည်များ၏ ပြဿနာက မြူနီစီပယ်နယ်နိမိတ် ပေါ် ကျူးကျော်ရောင်းချခြင်းနှင့် လူနေအိမ်ရှင်များ၏ ကန့်ကွက်မှု ဖြစ်သည်။ သူတို့ဆီမှာလည်း တရားမ၀င်ကျူးကျော်ဈေးသည် တွေကို ဖမ်းဆီးတာတွေ၊ ဆိုင်တွေဖျက်ဆီးတာတွေရှိသည်။ သို့သော်သည်မှာလိုတော့ ပရမ်းပတာမ ဟုတ်။ သူတို့ဆီမှာ ကန့်သတ်မှု ထားသော နေရာတွေရှိသလို လမ်းဘေးက ဈေးသည်တွေအတွက် တရားဝင်ခွင့်ပြုထားသောနေရာ တွေလည်းရှိသည်။ အစိုးရသည် အခြေခံလူတန်းစားတို့၏ ဘ၀ကို စာနာသည်။ အကျိုးသင့်အ ကြောင်းသင့် စဉ်းစားပြီး ဈေးသည်လေးတွေ အဆင်ပြေအောင် ဖန် တီးပေးသည်။

လမ်းဘေးဈေးသည်၊ လမ်း ဘေးဈေးတန်းပြဿနာက အကျိုးစီးပွားနှစ်ဖက်၏ ပြဿနာဖြစ် သည်။ လူနေတိုက်ခန်းပိုင်ရှင်အ ချို့က မိမိတို့ အိမ်ရှေ့မှာ အမှိုက် သရိုက်နှင့် အနံ့အသက်မျိုးစုံဒဏ် ကို မခံစားနိုင်။ စည်ပင်သာယာ အနေနှင့် ကြည့်ပြန်တော့ လမ်း ဘေးမှာ တရားဝင်ဈေးရောင်းခွင့် မပြုထား။ သို့သော် ဤဈေးတန်း ကလေးသည် ရပ်ကွက်နေ လူများ စွာတို့၏ မှီခိုအားထားရာဖြစ်သလို လက်လုပ်လက်စားဈေးသည်က လေးများ၏ ထမင်းအိုးများ ဖြစ် သည်။ ရာနှင့်ချီသော လက်လုပ် လက်စားဈေးသည်ကလေးများ အတွက် သည်ဈေးတန်းကလေး က မှီခိုအားထားရာ အလုပ်အကိုင် အခွင့်အလမ်းဖြစ်သည်။ ယခု တော့ အသိုက်ဖြိုခံလိုက်ရသော ငှက်ကလေးတွေလို သူတို့မှာ နား ခိုစရာမရှိတော့။

 တာဝန်ရှိသူတွေဘက်က တော့ ဆင်ခြေတွေအသင့်ရှိသည်။ ဤဈေးတန်းကလေးမှာ လွန်ခဲ့ သည့် ဆယ်စုနှစ်လောက်ကတည်း က ပေါ်လာခဲ့သော ဈေးတန်းဖြစ် သည်။ စစ်အစိုးရခေတ်ကာလ တစ်ခုတုန်းက သည်အနီးတွင်ရှိ သော ရပ်ကွက်ကစားကွင်းကို ဆိုင်ခန်းငယ်တွေဆောက်လိုက်ပြီး ရပ် ကွက်ဈေးအဖြစ် ပြောင်းလိုက် သည်။ ထိုအချိန်မှစ၍ ထိုဈေးငယ် ကို အကြောင်းပြုကာ အနီးဝန်း ကျင်က ထိုလမ်းထဲမှာ ပျံကျဈေး သည်လေးတွေ ရောက်လာခဲ့ သည်။ တစ်စ တစ်စနှင့် ရပ်ကွက် ထဲက အိမ်ရှင်မတွေက ဈေးရုံငယ် များထဲထိ မ၀င်တော့ဘဲ လမ်း ဘေးရောင်းသည့် ဈေးသည်တွေ မှာပဲ ဈေးဝယ်လာကြသည်။ နှစ် တွေကြာလာတော့ ဈေးလမ်းအ ဖြစ် ပိုမိုစည်ကားလာသည်။ ပြီး ခဲ့သည့် အစိုးရလက်ထက်မှာ တော့ ဈေးဝယ်သူလည်း ကျိုးတိုး ကျဲတဲ၊ ဆိုင်ခန်းငယ်တွေကလည်း ခနော်နီခနော်နဲ့ဖြစ်နေသော ရပ် ကွက်ဈေးကို မြို့နယ်လွှတ်တော် အမတ် အမျိုးသမီးတစ်ဦးနှင့် စီး ပွားရေးလုပ်ငန်းရှင်တစ်ဦးတို့၏ ပူးပေါင်းမှုဖြင့် ထိုနေရာမှာ အဆင့်မြင့်ဈေးသစ်စီမံကိန်းကြီးတစ်ရပ် ပေါ်လာသည်။ မူလအားကစား ကွင်းဖြစ်ခဲ့သော ထိုနေရာကို ဈေး သစ်ကြီးဆောက်မည်ဆိုတော့ ရပ်မိရပ်ဖလူကြီးတွေက ကန့်ကွက် ကြသေးသည်။ သို့သော် အရာမ ထင်ခဲ့ပါ။

ယခုတော့ ထိုဈေးသစ်ကြီး ၏ ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ အလွန်ကျယ်ပြန့်ကြီးမားသော နေရာတွင် မူလစီမံကိန်းအတိုင်း အဆောက်အအုံတစ်ခုလုံး မပြီး စီးသေးသော်လည်း ဈေးအဖြစ် ထားရှိရန် မြေညီတစ်ထပ်တော့ ပြီးစီးသွားပြီ ဖြစ်သည်။ ပြီးခဲ့သည့် လများကတော့ ထိုနေရာမှာ ဈေး ဆိုင်ခန်းသစ်တွေ နေရာချပေး ထားပြီဟု သိရသည်။ အ၀တ်အ ထည်၊ လူသုံးကုန်ဆိုင်အချို့ ဈေး သစ်ကြီး၏ မြေညီထပ်မှာ ဖွင့်လှစ်လာသော်လည်း အနီးရှိ လမ်းဘေး ဈေးတန်းကတော့ နဂိုအတိုင်း စည်ကားမြဲ စည်ကားနေသည်။ ယခုရက်များအတွင်း တာဝန်ရှိ စည်ပင်လူကြီးမင်းများအပေါ် တစ်စုံတစ်ရာဖိအားကျရောက် လာခဲ့ပုံရသည်။ မိမိနေအိမ်တိုက် ခန်းရှေ့ ဆူညံပြီး ညစ်ပတ်နံစော် သော ဈေးတန်းကြီးဖြစ်ပေါ်နေ သည်ကို မလိုလားသော အိမ်ရှင် အချို့၏ တိုင်ကြားမှုဖြစ်နိုင်သလို ဈေးရုံသစ်ကြီးထဲ ဈေးသည်တွေ ၀င်သွားအောင် ထိုလမ်းဘေးဈေး တန်းကို ရှင်းလင်းပစ်ဖို့ ဖိအားတွေ ရှိလာခဲ့ပုံရသည်။

အာဏာရှိသော အစိုးရ၏ တားမြစ်မှုကို သာမန်ဈေးသည် လေးတွေ မလွန်ဆန်နိုင်ကြပါ။ နိစ္စဓူဝဈေးရောင်းလာခဲ့သည့် နေရာကို စွန့်ခွာပြီး ယခုတော့ ဘယ်ဆီဘယ်ဝယ်သွားရမည်မှန်း သူတို့မသိတော့ပါ။ ခြံခတ်ထားသော အခွန်လွတ်ဈေးထဲမှာ နေရာပေးသယောင်ယောင် အသံတွေတော့ ကြားရသည်။

ဈေးသည်ကလေးတွေက ထိုနေရာကို သွားဖို့ စိတ်မ၀င်စား။ လမ်းဘေးဈေးသည်ဆိုသည်က လမ်းဘေးမှာပဲ ဈေးခင်းပြီး ရောင်းချင်သလို ဈေးဝယ်သူတွေကလည်းကိုယ့်ရှေ့လမ်းဘေးမှာ ခလုတ် တိုက်သည်အထိ ခင်းကျင်းထား တော့မှ လွယ်လွယ်ကူကူဈေးဝယ် လိုကြသည်။ ဒါက သည်တစ်နေ ရာတည်း (မြန်မာတစ်နိုင်ငံတည်း) ထူးပြီး ဖြစ်နေတာမဟုတ်။ အာရှ နိုင်ငံမြို့ကြီးတိုင်းက အာရှသား တွေ၏ လမ်းဘေးဈေးဓလေ့ သဘာဝဖြစ်သည်။ ရှင်းလင်းသွေ့ ခြောက်ပြီး တိတ်ဆိတ်နေသည့် သည်ဈေးလမ်းပေါ်မှာ ဒီမနက် လမ်းလျှောက်ရတာ တစ်ခုခုလိုနေသလိုမျိုး ဟာတာတာဖြစ်လို့နေ ပါသည်။

(ဆောင်းပါးရှင် ချစ်ဝင်းမောင် သည် သတင်းစာဆရာတစ်ဦးဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မျက်မှောက်ရေးရာ ဆောင်းပါးများရေးသားနေသူဖြစ်သည်)

Top News