ကျွန်တော့် ဆရာ ဒိသာပါမောက္ခ

ရုရှားနိုင်ငံမှာ မကြာခင် ကျင်းပတော့မည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို တွေးမိလိုက် သောအခါ ကျွန်တော်သည် ဘ၀ ပြောင်းသွားရှာသည့် ကိုကြီး ကောင်းကို လွမ်းသွားရလေတော့ သည်။ ဘ၀ပြောင်းသွားသည်ဆို သောကြောင့် တလွဲမတွေးစေလို ပါ။ လွန်ခဲ့သည့် နှစ်လလောက်က ဘုန်းကြီးဝတ်သွားခြင်းကို ဆိုလို ခြင်း ဖြစ်ပါ၏။ သူ့အမည်ရင်းက ဦးဘကောင်း။ ကျွန်တော်တို့ရပ် ကွက်ထဲက ‘ကောင်း’စတိုးပိုင်ရှင်။ မြေး တစ်၊ သားလူပျို တစ်၊ သမီး အပျိုပေါက်လေး တစ်တို့ဖြင့် တစ်သုံးလုံးကို ဆောင်ကာ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနေလျက်ရှိ သည်။ သူ့အသက်က(၆၅)နှစ်အ ရွယ်။ သက်ကြီးတန်းရောက်နေပြီ မို့ အသက်အရွယ်နှင့် ကိုက်ညီ အောင် ရိုသေသမှုဖြင့် ဦးကောင်း (သို့မဟုတ်) ဦးလေးကောင်းဟု ခေါ်ကြ၏။ တချို့လည်း ရှေ့ဆုံးမှ ‘ဦး’ကိုဖြုတ်ကာ လေးကောင်းဟူ ၍လည်း ခေါ်ဆိုသမှုပြုကြသည်။ သို့ရာတွင် သည်နှယ်ခေါ်ကြတာ မျိုး တစ်ခုမျှ မနှစ်သက်ချေ။


‘‘မောင်ကျော်ရာ...ငါ့အတွက်တော့ ဦးကောင်းလို့ခေါ်လိုက်တာ ဟာ အတော်နားခါးတာကွ။ မင်း စဉ်းစားကြည့် တို့မြန်မာ့သမိုင်းမှာ ကင်းဝန်မင်းကြီး ဦးကောင်းလ ကွာ။ သူ့လုပ်ရပ်က ဘာများအ မွှမ်းတင်စရာရှိလို့တုံး။ သူ့ကြောင့် တို့သီပေါဘုရင် အင်္ဂလိပ်လက်ပါသွားပြီး ကျွန်ဖြစ်ရတာကွ။ ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်လို့တောင် ပြောကြတယ်။ ဘုရင်နဲ့ မိဖုရားကိုပါတော်မူအောင်လုပ်ပြီး သူကတော့ အင်္ဂလိပ်ပေးတဲ့ ဘွဲ့တွေယူလို့ မန္တလေးမှာ ဇိမ်နဲ့ နေရစ်တာကွ။ ဒီလိုအ မြင်ကတ်တဲ့ နာမည်မျိုးအခေါ်ခံရ တော့ ကျေနပ်စရာဖြစ်ပါဦးမ လား။ ဘကောင်းလို့ ခေါ်တာမှ တော်သေးတယ်’’

ကျွန်တော်သည် အမျိုးဂုဏ် ဇာတိဂုဏ်ကြီးမားလှသော ဦး ကောင်း...။ အဲ...ကိုကြီးကောင်း၏စကားကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေရသော်လည်း စိတ်ထဲမှာ ကျိတ်ပြုံးနေမိသည်။ သို့ကလို ပြုံးရခြင်းအကြောင်းကိုလည်း ပြောချင်စိတ်တွေဖြင့် အူယားနေလျက်ရှိသည်။ တကယ်တော့ ဦးကောင်းဟု အခေါ်မခံချင်သည့်အကြောင်းကို ရှင်းပြလိုက်မှ ပိုဆိုးသွားသည်ကို သူ့ခမျာမသိရှာ။

သူ့ကို ကွယ်ရာမှာ ဦးကောင်းဆိုသည့် အမည်ကိုဖျောက်၍ ပါတော်မူဟု တွင်သွားတာကိုသိလျှင်ဆွေ့ဆွေ့ခုန်အောင် ဒေါပွသွားမည်ထင်သည်။ ထိုပါတော်မူဟူသော အမည်သည် သူ့အပေါ်မှာစိုးမိုးရုံသာမဟုတ်၊ သူ့စတိုးဆိုင်အထိပါ ရိုက်ခတ်သည်။ သူ၏ ကောင်းစတိုးဆိုင်ခမျာ ဈေးဝယ်သလိုလိုနှင့် အလစ်ခိုးသွားကြသူတွေ လက်ထဲပစ္စည်းတွေ မကြာခဏပါသွားတတ်သောကြောင့်ပါတော်မူစတိုး  ဖြစ်သွားရခြင်းကြောင့်ပေတည်း။ လူ့ပါးစပ်ကလည်း ထူးဆန်းသည်။ တစ်ခုခုကို နှုတ်ကျိုးလျှင် ပြန်လည်ပြင်ဆင်ဖို့ မလွယ်တော့။

ယင်းသမို့ကြောင့် သူနှင့် သူ့ စတိုးဆိုင်အကြောင်း စကားဆက် စပ်ပြောမိလျှင် ပါတော်မူဆိုသည့် နာမည်ကို မထွက်မိအောင် မနည်းသတိထားနေရလေ၏။ အတိတ် နိမိတ်မကောင်းသည့် အသုံးအ နှုန်းမျိုးခေါ်ဖို့ မသင့်။ စကားနောက် တရားပါမှာ စိုးရသည်။

သူနှင့် ကျွန်တော်သည် ဘောလုံးကို အကြောင်းပြု၍ ခင်မင်ရင်း နှီးသွားသည်။ သူရော၊ ကျွန်တော် ရော ဘောလုံးဝါသနာအိုး။ အ သက်အားဖြင့် ဆယ့်ငါးနှစ်လောက်ကွာသော်လည်း ကိုကြီးကောင်း ဟု သူ့အကြိုက်ခေါ်တာကြောင့် လည်း ကျွန်တော့်အပေါ်မှာ တခြားသူတွေထက် ပိုမို၍ ခင်မင်မှုကို ရရှိသည်။ သူနှင့် ပေါင်းမိလိုက် တော့မှ သူသည် တကယ့်ဘောလုံးဝါသနာအိုး ချိုးကြီးမှန်း အံ့သြစွာ သိရှိရတော့သည်။ သူ့ဘောလုံးပွဲ ကြည့်သည့် သက်တမ်းကိုပြောရ လျှင် တစ်ချိန်က နာမည်ကြီးသည့် တံခွန်တို့၊ သက်လုံတို့လို အားက စားဂျာနယ်တွေတောင် သူ့ကိုမမီ။ သည်ဂျာနယ်တွေမပေါ်ခင်က တည်းက ဘောလုံးပွဲကြည့်ခဲ့သည် ဟု ဆိုသည်ပဲ။ ဘောလုံးဆောင်း ပါးတွေကို ရေးတဲ့ ဆရာ မောင်ရဲ ၀င်းတောင် အဲဒီတုန်းက သတင်း စာမှာ ကလောင်သွေးခါစရှိသေး တယ်ဟု ပြောသည်။ ဟုတ် လောက်ပါ၏။

တစ်ခါတစ်ရံတော့ သူသည် အတိတ်က ကြည့်ခဲ့ရသည့် ဘော လုံးပွဲတွေအကြောင်း လွမ်းလွမ်း ဆွတ်ဆွတ်ပြောပြတတ်သည်။

 ‘‘မောင်ကျော့်နှယ်...၆၉ ကျွန်းဆွယ်ဘောလုံးပြိုင်ပွဲပေါ့။ နိုင်ငံခြားပွဲတွေမို့ မန္တလေးကနေ ရန်ကုန်ကို တကူးတကန့်သွားကြည့်ရတာကွ။ ငါက အသက်ခပ်ငယ်ငယ်ရှိသေးတယ်။ အင်ဒိုနီးရှားနဲ့ တို့ဘားမားကန်တဲ့ ပွဲ။ ငါ့မျက်လုံးထဲ အခုထိမြင်နေတုန်းရယ်။ အင်ဒိုဂိုးသမား ဂျူဒိုက တော်တော်ကောင်းတာ။ ဘယ်လို သွင်းသွင်း မ၀င်ဘူး။ အဲဒီလိုအချိန်အေးမောင်ကြီးရဲ့ ဖရီးကစ်ရတယ်။ လှလိုက်တဲ့ ကစ်။ ဂိုးတိုင်ရဲ့ ဆယ်ပြားစေ့ထောင့်ထဲကို... ခလွမ်းခလွမ်း...ဟ....ငါ့လခွေးမှ...’’

သူက လက်ဟန်ခြေဟန်ဖြင့် ပြောရင်းဖြင့် ဈာန်ဝင်သွားတာ စားပွဲခုံပေါ်က ရေနွေးကြမ်းခွက် တွေကို တိုက်ချလိုက်သလို ဖြစ် သွားသည်။ ရေနွေးပူပူတွေက သူ့ ကိုယ်ပေါ်မှာရော ကျွန်တော့်အ ပေါ်မှာပါ စဉ်ကျကုန်သည်။

‘‘အဲဒါမောင်ရေ...ဂျူဒိုဘယ် လိုမှ မဖမ်းနိုင်ဘူး။ ဂျူဒိုမျက်ရည် ကျတဲ့ ဂိုးကွ။ အဲဒီတစ်ဂိုးတည်းနဲ့ တို့ဘားမားနိုင်သွားတယ် သိလား’’ရေနွေးပူလောင်တာကို သူ ကအပြောမပျက်။ ပါးစပ်အ ဟောင်းသားဖြင့် သူ့စကားထဲနစ် မျောနေသည့် ကျွန်တော်ခမျာ အင်ဒိုနီးရှားဂိုးသမား ဂျူဒိုမျက် ရည်ကျ မကျတော့မသိ ရေနွေးပူ နှင့် မိတ်ဆက်မိလိုက်ခြင်းကြောင့် အီးခနဲဖြစ်ကာ မျက်ရည်ကျမ တတ် နာကျင်ခံစားရသွားလေ တော့သည်။

သူသည် ယခင်ကလည်း ဘောလုံးပွဲတွေ ကြည့်ခဲ့သလို ယခုလည်း ဘောလုံးပွဲတွေကြည့်နေ မြဲ။ သူ့မိသားစုကလည်း ၀ါသနာ ကြီးလွန်းသည့် သူ့ကိုမနိုင်။ သူ ပြောခဲ့သည့် ဘောလုံးပွဲအတွေ့ အကြုံတွေအကြောင်း စာရေးရ လျှင် တစ်ထွာခန့်ထူမည့် ဘုတ် ဘုတ်ကြီးတစ်အုပ်ထွက်ပေါ်လာ နိုင်သည်။ သူသည် ဘောလုံးပွဲတွေကို ကြည့်ရုံသာမဟုတ်။ ကျွန် တော်တို့လည်း ဘောလုံးပွဲကြည့် ပုံကြည့်နည်းကအစ သင်ပေး သည်။

‘‘ဘောလုံးပွဲကို အရသာခံ ကြည့်ချင်ရင် စပိန်ပွဲတွေကြည့် ကွ။ အဲဒီမှာ ကမ္ဘာကျော်ဘောလုံး သမားတွေရဲ့ ကစားပုံတွေနဲ့ နည်း ပြတွေရဲ့ ကစားကွက်ခင်းတာတွေ ကို တွေ့ရလိမ့်မယ်။ အင်္ဂလန် ပရီးမီးယားလိဂ်ဆိုတာ စပိန်လာလီဂါ နဲ့ ယှဉ်လိုက်လျှင် ဘယ်ဟုတ်မှာ တုန်းကွာ။ ရွာပွဲနဲ့ မြို့ပွဲလိုပဲဟ’’

မှန်ပါသည်။ သူညွှန်းတာ မလွန်ပါ။ စပိန်ပွဲတွေ ကြည့်ပြီး နောက် တစ်ခါတည်းဖြင့် စွဲသွား တော့သည်။ ထို့ပြင် သူသည် ဘောလုံးပွဲတွေကိုကြည့်ရုံဖြင့် မပြီး သေး။ နောက်တစ်နေ့ လက်ဖက် ရည်ဆိုင်မှာ သုံးသပ်ပြသည်။ ကျွန်တော်သည် သူပြောသမျှတွေကို လက်ဖက်ရည်လေးမော့လိုက်၊ ပဲပလာတာလေး ၀ါးလိုက်ဖြင့် ခေါင်းညိတ်ရင်း နားထောင်နေမိ သည်။ ဘောလုံးဗဟုသုတတွေ လည်း တစ်နေ့ထက်တစ်နေ့ တိုး ပွားလာရသည်။ သည်တော့ လက်ဖက်ရည်တိုက်၊ မုန့်လည်းကျွေး ပြီး ဘောလုံးပညာတွေ သင်ကြား ပေးသည့် ဆရာကို ကျွန်တော်က ဘယ့်နှယ်လုပ်လက်လွှတ်ခံနိုင် မည်နည်း။ ဆရာကောင်းတစ် ယောက် အရတော်လေစွဟု တွေးမိလိုက်ပါ၏။

‘‘ဘောလုံးအသင်းနှစ်သင်း သူတင်ကိုယ်တင်ကစားကြလို့ မိနစ် ၇၀ လောက်ရောက်ရင် ကုန် ပြီကွ။ နည်းပြက နပ်မှရတယ်။ လူစားလဲသင့်တာလဲ၊ ကစားကွက် ပြောင်းသင့်ရင် ပြောင်းရတယ်’’

ကျွန်တော့် ဆရာပြောသမျှ ကို နားထောင်ရင်း စိတ်မကောင်း ဖြစ်သွားရသည်။ ဘောလုံးအ ကြောင်းဝေဖန်အကဲဖြတ်နိုင်မည့် သူ့လိုလူမျိုး နိုင်ငံခြားမှာသာဆို လျှင် အောင်မြင်ကြီးပွားမှာ သေ ချာသည်ဟု ပြောရဲသည်။ ယခု တော့ ကျွန်တော့်ဆရာခမျာ နား ထောင်သူကို လက်ဖက်ရည်ဆိုင် မှာ စားချင်တာကျွေး၍ ဘောလုံး တော်လကီပွားနေရရှာလေသည်။

ထူးခြားတာက သူသည် ဘောလုံးပွဲတွေအကြောင်း (ကျွန် တော့်အထင်) အူမချေးခါးမကျန် သိသော်လည်း ဘောလုံးပွဲလောင်းကစားခြင်း လုံးဝမပြုလုပ်ပေ။ သို့ ရာတွင် လေးနှစ်တစ်ကြိမ်ကျင်းပ သည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မှာတော့ ဘောလုံးလောင်းတတ် သည်။ လောင်းတာကလည်း နောက်ဆုံးဖိုင်နယ်ဗိုလ်လုပွဲတစ် ပွဲတည်းသာ လောင်းသည်။ ထူး ခြားပါဘိ။

‘‘ဘောလုံးပွဲတွေကို တောက်လျှောက်ကြည့်လာတာပဲ ကျော် ကျော်ရာ။ ဖိုင်နယ်မှာတွေ့ကြတဲ့ ဘောလုံးအသင်း နှစ်သင်းရဲ့ အား သာချက်၊ အားနည်းချက်တွေ သိ နေပြီပဲကွ။ ဘယ်အသင်းနိုင်မယ် ဆိုတာ ခန့်မှန်းရဲတယ်။ တစ်ဖက် အသင်းက ဒိုင်ဘက်လိုက်တာတို့၊ကံကောင်းတာတွေသာမရှိလို့ တော့ မောင်ကျော်ရေ...ဘောလုံး ပွဲပြီးရင် နိုင်တဲ့ ပိုက်ဆံတွေ သိမ်း ကျုံးထည့်ဖို့ အိတ်ကြီးကြီးသာရှာ ထားကွ’’

စားပွဲခုံကို ဖြန်းခနဲရိုက်ပြီး အားရပါးရဖြေလိုက်မည့် ကျွန် တော့်ဆရာစကားသံကြောင့် လူ တစ်ကိုယ်လုံးသွေးတွေ နိုးကာ အင်အားပြည့်ဝသွားသည်။ သို့ ဖြင့် ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးဗိုလ်လုပွဲတွင် ဆရာတပည့် နှစ်ယောက်စလုံး တက်ညီလက် ညီဖြင့် ဆော်ကြသည်။ ရှုံးလေ၏။ သို့သော်လည်း ကျွန်တော်စိတ် ဓာတ်မကျပါ။ ကိုယ့်ဘက်မှာ ကံမ ပါလျှင် ဘာတတ်နိုင်မှာလဲ။ နောက်တစ်ချီတော့ တွေ့ကြသေး တာပေါ့ကွာဟု စိတ်ထဲမှာ ကြုံးဝါးလိုက်မိသည်။ ၂၀၁၀ ခုနှစ် ကမ္ဘာ့ ဖလားဘောလုံးဗိုလ်လုပွဲသို့ ရောက်လာခဲ့ပြန်ပြီ။ လေးနှစ်ကြာ သည်အထိ စောင့်ရသည့်ပွဲ။ မကျေပွဲမို့ အရင်ထက်ပို၍ ပိုက်ဆံ ကို အောတိုက်ချထည့်လိုက် သည်။ ဟိုက်...သည်တစ်ပွဲလည်း ကွဲပြန်လေပြီ။ ဆရာ တပည့်နှစ် ယောက်စလုံး လင်းတကိုလိမ်ချိုး ထားသည့်နှယ်။ အသံမထွက်နိုင် မြော့မြော့သာ ကျန်တော့သည်။

 ‘‘မင်းနှယ်ကွာ...ကင်းဝန် ဘောလုံးပွဲလောင်းလို့ နိုင်တာကို ဘယ်တုန်းက ကြားဖူးလို့လဲ။ ပါ တော်မူဆိုတဲ့ အတိုင်းပါတာပဲဟ။ သူက သေချာပေါက်ဆိုတာ ပိုက် ဆံသူများလက်ထဲပါသွားမှာကို သေချာပေါက်ပြောတာဟ’’

သူ့မိတ်ဆွေ ကိုဘိုလေးက ပြောရင်း တဟားဟားရယ်သည်။ ကျွန်တော်ဘာမှ မတုံ့ပြန်နိုင်။ သည်လိုနှင့် နှစ်တွေ တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးသွားခဲ့သည်။ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲရောက်လာပြန်ပြီ။ ဘောလုံးပြိုင်ပွဲနီးတော့ သူ့ထံကျွန်တော် မသွားတော့ပါ။ ဆရာကိုကာပြန် ချင်၍ မဟုတ်၊ နောက်တစ်ကြိမ် တတိယမ္ပိမှာ ဟက်တက်ကွဲမှာစိုး သောကြောင့် ဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ ကျွန်တော်မရှိသော်ငြား သူ့အနားမှာ လူငယ်လေးတစ်ယောက်ကိုတော့ တွေ့ရသည်။ ထိုကောင်လေးသည် သူ့ကို အတော်အထင်ကြီးနေဟန်တူသည်။ သြော်...ဟုတ်ကဲ့ခင်ဗျ၊ မှန်တာပေါ့ အန်ကယ်ဟု ဖော်လို လိုက်နေ၏။ သူ့လေလှိုင်းထဲမှာ မထွက်နိုင်ဘဲ ဖြစ်နေဟန်တူသည်။

ထိုတစ်ကြိမ်ပြိုင်သည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အလုပ် ကိစ္စများနေ၍ ကောင်းကောင်းမ ကြည့်လိုက်ရ။ ဂျာမနီနှင့် အာဂျင် တီးနားဘောလုံးပြိုင်ပွဲမှာ ကျွန် တော့်ဆရာသေချာပေါက် လောင်းမည်ဖြစ်သလို နိုင်လောက်ကောင်း ပါရဲ့ဟု မျှော်လင့်မိသည်။

‘‘မင်းကလည်းကွာ...တော်တော်တုံးတဲ့ကောင်။ ပါတော်မူဆိုတဲ့ နာမည်ကို အပျက်မခံဘူးကွ။ ဒီတစ်ခါတော့ အရင်ထက်တောင် ဆိုးတယ်။ အချီကြီးပါသွားတာ’’။

ကိုဘိုလေးစကားကြောင့် ကျွန်တော်မျက်လုံးပြူးသွားရ သည်။ တစ်ပွဲတည်းနဲ့ လေးငါး ဆယ်သိန်းအုပ်ထည့်လိုက်လေ သလား။ ကျွန်တော်တွေးသလို မဟုတ်ပေ။ ကျွန်တော့်ဆရာက ဘောလုံးပွဲတွေထဲ နစ်မွန်းနေချိန် သမီးက ယောက်ျားနောက်ခိုးရာ လိုက်ပြေးသွားသည်တဲ့။ သမီးကို ခိုးပြေးသူကလည်း တခြားမဟုတ်။သူ့ထံသို့ ဘောလုံးပညာများနာ ယူနေသည့် ကောင်လေးဖြစ်ပေ ၏။ သြော်...ကျွန်တော့်ဆရာခမျာ ဘောလုံးအကြောသိသလောက် လူ့သဘောလူ့အကြောကို ဘာမျှမသိရှာပါတကား။ တွေးရင်းဖြင့် စိတ်မကောင်းဖြစ်နေစဉ် ကိုဘို လေးစကားကြောင့် ‘ဟက်’ခနဲ တစ်ချက်ရယ်လိုက်မိသည်။

‘‘ကင်းဝန်က ပါတော်မူဆိုတဲ့ နာမည်အပြင် ဒိသာပါမောက္ခ နာမည်ပါ ထပ်တိုးရောဟ။ ဟိုး ရှေးရှေးတုန်းက တက္ကသိုလ်မှာ ဒိသာပါမောက္ခ ဆရာကြီးက တပည့်တွေကို အဋ္ဌာရသဆယ့်ရှစ် ရပ်ပညာတွေ သင်ကြားပြီး ထူး ချွန်တဲ့ တပည့်ကို သူ့သမီးနဲ့ ပေး စားတာကိုးကွ။ ကင်းဝန်လည်း ဒီ အတိုင်းပဲဟေ...ဟေ့’’

 ကိုဘိုလေးက ပြောလည်း ပြော တဟေဟေနှင့် ရယ်လည်း ရယ်။ ဒါကြောင့်မို့များ ကျွန်တော့် ဆရာ ဒိသာပါမောက္ခကြီးသည် မြေးကလေးလည်းရနေသမို့ ဘောလုံးပွဲကို စိတ်ဖြတ်ကာ ဘုန်းကြီး ၀တ်သွားဟန်တူသည်။

‘‘ဘောလုံးမှာ စင်တာဖိုးလို့ ခေါ်တဲ့ အလယ်အူကြောက ဖောက်ရတာ အလွယ်ဆုံးကွ။ ကွင်းလယ်ဗိုလ်ချုပ်လို့ခေါ်တဲ့ ပလေးမိတ်ကာရှိတဲ့အသင်းက တကယ့်ပြိုင်ပွဲတွေမှာ အသာစီးရ တတ်တယ်။ အခုပြိုင်ပွဲမှာ ဂျာမနီ ကွာ၊ ဘရာဇီးကွာ၊ ပြင်သစ်နဲ့ အာ ဂျင်တီးနားကွာ၊ ဘယ်အသင်းမှာ ဘယ်သူက ပလေးမိတ်ကာလဲ  မင်းတွေးကြည့်စမ်း’’

တစ်ရက်က လက်ဖက်ရည် ဆိုင်ထိုင်နေစဉ် ကျွန်တော့်နောက် ကျောဆီမှ ဘောလုံးလက်ချာပို့ချ ပေသည့် အသံကိုကြားလိုက်ရ သည်။ ကျွန်တော့်စိတ်ထဲတွင် သည်အသံကိုကြားဖူးသလိုလိုရှိ နေသည်။ မသင်္ကာ၍ ကြည့်လိုက် တော့ ကတုံးအသစ်ကျပ်ချွတ်နှင့် လူတစ်ယောက်...။

ဟင်...ကိုကြီးကောင်း...၊ ဟုတ်ပါသည်။ ကျွန်တော့်ဆရာ ဒိသာပါမောက္ခကြီး (သို့မဟုတ်) ကိုကြီးကောင်းပင် ဖြစ်သည်။ သူ ကလည်း ကျွန်တော့်ကိုမြင်တော့ ၀မ်းသာအားရဖြစ်သွားသည်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲနီးလာ တော့ မနေနိုင်၍ လူထွက်လာခဲ့ သည်ဟု ဆို၏။ လက်ဖက်ရည်ဝိုင်းမှာ သူနှင့်အတူထိုင်နေသူကို အကဲခတ်လိုက်သည်။ လူငယ်လေး တစ်ယောက်ပါတကား။ ထိုလူ ငယ်လေးသည်လည်း အန်ကယ်၊ အန်ကယ်နှင့် ခေါ်ရင်း သူ့စကား ကို ရိုကျိုးစွာနားထောင်နေ၏။ သည်မှာပင် အိမ်မှာနောက်ဆုံး လက်ကျန် သူ့သမီးအပျိုအရွယ် လေးကို ဖျတ်ခနဲသတိရလိုက်ရင်း စိတ်ထဲမှာ မသက်မသာဖြစ်သွား သည်။ ရှေ့ကောင်လေးက အန် ကယ်ဟုခေါ်ရင်း သူ့သမီးကြီးကို သုတ်သွား၏။ ယခုကောင်လေး ကလည်း အန်ကယ်နေပြန်ပြီ။ သူကတော့ ဘာမှတွေးမိပုံမပေါ်။ ဘောလုံးအကြောင်း နားထောင် သူရှိနေ၍ မမောနိုင်မပန်းနိုင်ပြော နေဆဲ။ သူ့အကြောင်းကို ကျွန် တော်ကောင်းကောင်းကြီးသိ သည်။ ကမ္ဘာ့ဖလားဘောလုံးပြိုင် ပွဲမှာ နောက်ဆုံးဖိုင်နယ်ပွဲကို တော့ လောင်းပေလိမ့်ဦးမည်။

တွေးရင်း တွေးရင်း ရင်ထဲမှာတင်းကျပ်သွားသည်။ နောက်တစ်ကြိမ် ကိုဘိုလေးပြောသလို အချီ ကြီးများပါသွားဦးမည်လား။ ကျွန် တော့်ဆရာ ဒိသာပါမောက္ခကြီးက တော့ အရာအားလုံးထက် ဘော လုံးက အရေးကြီးဆုံးဟု သတ် မှတ်ထားဟန်တူသည်။ အန်ကယ် ဟုခေါ်နေသည့် ကောင်လေးကို သူ၏ ဘောလုံးဒဿနနှင့် အတွေးအမြင်များကို ပညာကုန်သင်ကြား ပို့ချနေဆဲ။ ဒီထက်သေချာတာ ဘာရှိသေးလဲကွာဟူသော အား ပါးတရပြောလိုက်သည့် အသံကြီး က ကျွန်တော့်ရင်အုံကို ဒုန်းခနဲဝင်ဆောင့်သည်။  ။

Top News