ကချင်စစ်ပွဲ ခုနစ်နှစ်ပြည့်အထိမ်းအမှတ် ဆုတောင်းပွဲ မြစ်ကြီးနား၌ ယနေ့ပြုလုပ်မည်

စစ်ဘေးရှောင်များပူးပေါင်းပါဝင်မည့် ကချင်ဒေသစစ်ပွဲခုနစ်နှစ်ပြည့်အထိမ်းအမှတ်ဆုတောင်းပွဲကို မြစ်ကြီးနားမြို့မနောကွင်း၌ ဇွန်လ ၉ ရက်(ယနေ့)တွင် ပြုလုပ်မည်ဟုဆုတောင်းပွဲ ကျင်းပရေး တာဝန်ခံဆောင်ရွက်နေသူ မဆိုင်းနူးပန်ကပြောသည်။

တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့အကြား၂၀၁၁ ဇွန်လ ၉ ရက်က စတင်ခဲ့သော တစ်ကျော့ပြန်စစ်ပွဲသည် ခုနစ်နှစ်ကြာသည်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ စစ်ပွဲအတွင်း ပြည်သူလူထု ဒုက္ခကြုံခဲ့ရသည့် အခြေအနေများကို ဖော်ပြရန် ဘာသာရေးအဖွဲ့အစည်းများ၊လူငယ်များ၊ လူမှုအဖွဲ့အစည်းများ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘စစ်ပွဲတွေအတွင်းမှာ ပြည်သူလူထုတွေအနေနဲ့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ထုတ်ဖော်ပြဖို့ အစီအစဉ်ရှိပါတယ်။ ပြီးရင် ဘယ်လိုမျိုး ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုတာကို ဖော်ပြဖို့ စီစဉ်ထားပါတယ်။
စစ်ရှောင်တွေကိုယ်တိုင်အကုန်ပူးပေါင်းပါဝင်ကြမယ်’’ဟု မဆိုင်းနူးပန်က ပြောသည်။

မနောကွင်းတွင် ကျင်းပမည့်စစ်ပွဲဖြစ်ပွားမှု ခုနစ်နှစ်ပြည့်အခမ်းအနား၌ ပြဇာတ်အစီအစဉ်များ ပါဝင်သည့်အပေါ် ရဲစခန်းကခွင့်ပြုမိန့်တင်ပြရန် ပြောကြောင်း၎င်းက ပြောသည်။

‘‘ရဲစခန်းကတော့ ခွင့်ပြုမိန့်တင်ရမယ်ဆိုတာ ပြောတယ်။ ဒါပေမဲ့ လူငယ်တွေက နှစ်တိုင်းပုံမှန်လုပ်နေတဲ့ ပွဲဖြစ်တယ်။ ကျွန်မတို့လည်း တစ်ခါမှ ခွင့်ပြုမိန့် မတောင်းဖူးဘူး။ ကျွန်မတို့ကတော့ အကြောင်းတော့ကြားမယ်။
ခွင့်ပြုမိန့်တော့ မတောင်းတော့ဘူး။ ကျွန်မတို့က ဆန္ဒပြနေတာလည်း မဟုတ်ဘူး။ မကျေနပ်ချက်နဲ့ မကောင်းတာ လုပ်တာလည်း မဟုတ်ဘူး’’ဟု မဆိုင်းနူးပန်က ဆိုသည်။

ကချင်စစ်ပွဲ နှစ်ပတ်လည်အခမ်းအနားကို မြစ်ကြီးနားမြို့သာမက ရန်ကုန်နှင့် အခြားမြို့များ၌လည်း ပြုလုပ်လေ့ရှိသည်။ တပ်မတော်နှင့် KIA တို့၏ခုနစ်နှစ်အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးသည့်အပြင် ဒေသခံပြည်သူအများအပြား စစ်ဘေးဒုက္ခကြုံခဲ့ရသည်။

လက်ရှိအထိ ဒေသခံတစ်သိန်းကျော် စစ်ဘေးဒုက္ခသည်စခန်းများတွင် စားဝတ်နေရေးခက်ခဲစွာ နေထိုင်နေရကြောင်း ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

စစ်ရှောင်များ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍အစိုးရနှင့် KIA အကြား ဆွေးနွေးမှုများရှိပြီး ၂၀၁၃ တွင် စစ်ရှောင်ကျေးရွာ လေးရွာကို ကနဦးအနေဖြင့် စမ်းသပ်ဆောင်ရွက်ရန်သဘောတူခဲ့သည်။ သို့ရာတွင် အကောင်အထည်မဖော်နိုင်ခဲ့ပေ။

လက်ရှိတွင် အစိုးရက ကချင်ဒေသရှိ စစ်ရှောင်စခန်းများအပါအဝင် ပြည်နယ်လေးခုရှိ IDP (ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ) စခန်းအားလုံး ပိတ်သိမ်းနိုင်ရေး စတင်ပြင်ဆင်နေသည်။ IDP စခန်းများ အားလုးံပိတ်သိမ်းနိုင်ရေး၊ မဟာဗျူဟာစီမံချက်ရေးဆွဲနိုင်ရေးဆွေးနွေးမှုကို အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများသည် ဇွန်လ ၂ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

တပ်မတော်နှင့် KIA အကြား ညှိနှိုင်းဆောင်ရွက်မှသာစစ်ဘေးဒုက္ခသည်စခန်းများ ပိတ်သိမ်းရေး ဆောင်ရွက်နိုင်မည်ဟုမြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ကျေးရွာ ၃၀၀ ကျော်မှဒေသခံများ အစိုးရထိန်းချုပ်နယ်မြေနှင့် KIA ထိန်းချုပ်နယ်မြေအတွင်း တိမ်းရှောင်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

More in News Section

Top News