မလေးရှားတွင် တရားမ၀င်နိုင်ငံခြားသားအလုပ်သမားအရေးကိုင်တွယ်နေ၍ သတိထားရန် မြန်မာသံရုံး သတိပေး

၂၀၁၆ ခုနှစ်အတွင်းက မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို ရန်ကုန်လေဆိပ်၌ တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

မလေးရှားအစိုးရသည်တရားမ၀င်အလုပ်သမားများ ငှားရမ်းခြင်းအစီအစဉ်ကို ဇွန်လကုန်တွင် ခွင့်ပြုမည် မဟုတ်ကြောင်းနှင့်တရားမ၀င် နိုင်ငံခြားသားအလုပ်သမားများ ဖမ်းဆီးရေးလုပ်ငန်း စီမံချက်ကို စတင်ချမှတ်ဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မြန်မာလုပ်သားများအား သတိပေးချက်ထုတ်ပြန်သည်။

မလေးရှားနိုင်ငံတွင်းရှိ တရားမ၀င်နိုင်ငံခြားသားအလုပ်သမားများ ပြဿနာကို တင်းကျပ်သည့် စည်းမျဉ်းဥပဒေများနှင့် အညီ အလေးပေးကိုင်တွယ် ဆောင်ရွက်နေပြီး ဖမ်းဆီးရမိသည့် တရားမ၀င် အလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေး ဥပေဒချိုးဖောက်မှုဖြင့် အရေးယူမည်ဟု မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး MuhyiddinYassin က တရားဝင်ကြေညာခဲ့ကြောင်း ယမန်နေ့က မြန်မာသံရုံးက ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုအပြင် ဇွန်လ ၁ရက်ကကွာလာလမ်ပူမြို့ Petaling လမ်းရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင်တရားမ၀င်နိုင်ငံခြားသားအလုပ်သမားများဖမ်းဆီးရေးလုပ်ငန်းစီမံချက်စတင်ရာတရားမ၀င်မြန်မာလုပ်သားများအပါအ၀င် နိုင်ငံခြား သားလုပ်သား ၁၇၀ ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

မလေးရှားနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးသစ်ဖြစ်လာသော ၀န်ကြီး Muhyiddin Yassin သည်မလေးရှားနိုင်ငံသားများ အလုပ်အကိုင်ရရှိစေရေး ရည်ရွယ်၍ ယခုစီမံချက်ကို စတင်အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း မလေးရှားရောက်မြန်မာလုပ်သာများ အရေးကူညီပေးနေသော ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှု အသင်း (မလေးရှား) ဥက္ကဋ္ဌဦးစန်းဝင်းက ပြောသည်။

‘‘နိုင်ငံခြားသား အလုပ်သမားကို လျှော့ချမှာပေါ့။ အလုပ်ပါမစ်တွေကိုလည်း ထုတ်ပေးမှုကိုလျှော့ချမယ်လို့ ပြောဆိုထားတယ်။ ဒါက သူတက်ပြီး နာမည်ရအောင်လို့ လုပ်ပြလိုက်တာလား၊ အတည်ပဲလုပ်မှာလားဆိုတာ စောင့်တော့ကြည့်ရမယ်’’ ဟု ရွှေ့ပြောင်းအလုပ်သမား ကူညီမှုအဖွဲ့အစည်းအဖွဲ့ (မလေးရှား) မှ ဦးချစ်ကောင်းက ပြောသည်။

မလေးရှားနိုင်ငံတွင် မြန်မာလုပ်သား သုံးသိန်းကျော် အလုပ်လုပ်ကိုင်နေရာ နှစ်သိန်းခန့်သည် တရားမ၀င် နေထိုင်လုပ်ကိုင်သူများဖြစ်ကြောင်း မြန်မာအဖွဲ့အစည်းများက ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ တရားမ၀င်နိုင်ငံခြားသား လုပ်သားများကို ဖမ်းဆီးရေးစီမံချက် နေ့စဉ်ပြုလုပ်နေကြောင်း မြန်မာအဖွဲ့အစည်းများက ပြောသည်။

More in News Section

Top News