ပြောလည်းပြော လက်တွေ့လည်းထိန်းရမည့် သဘာဝပတ်ဝန်းကျင်

လူသားမျိုးနွယ်စုများ အားလုံးအသက်ရှင်နေထိုင်ရန်အတွက် ရေ၊ မြေ၊ တော၊တောင် သဘာဝပတ်ဝန်းကျင် အနေအထားများ ကောင်းမွန်နေရမည်ဟုဆိုလျှင် မည်သူငြင်းချင်သနည်း။ သို့သော် ထိုကဲ့သို့ လူသားများ အသက်ရှင် နေထိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် သဘာဝပတ်ဝန်းကျင်သည် လူသားများ၏လောဘ၊ ဒေါသ၊ မောဟများ ကြောင့် ပျက်စီးနေခဲ့ပြီဖြစ်သည်။ ထိုကိစ္စသည် ၁၉၇၂ ခုနှစ်က တည်းက ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ခဲ့ပြီး ပြန်လည်ထိန်းသိမ်းရမည် ဟူသော အသံများလည်း ကျယ်လောင်လာခဲ့သည်။ သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုများလည်း ရှိလာခဲ့သည်။ ၁၉၇၄ခုနှစ် ဇွန်လ ၅ ရက်တွင် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်အခမ်းအနားကို စတင်ကျင်းပခဲ့ သည်။


ကမ္ဘာတစ်ဝန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသံများ ကျယ်လောင်လာခဲ့ပြီး နောက်ပိုင်းကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၈၃ ခုနှစ်တွင် ကမ္ဘာ့ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ကော်မရှင်ကိုဦးဆောင်သည့် နော်ဝေးနိုင်ငံသား၏ အစီအစဉ်ဖြင့် ၁၉၉၂ ခုနှစ်တွင် မြေကမ္ဘာထိပ်သီး ညီလာခံကြီးကို ကျင်းပခဲ့သည်။ အဆိုပါညီလာခံတွင် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရန် ကမ္ဘာ့နိုင်ငံအသီးသီးက ကတိပြု လက်မှတ်ရေးထိုး ခဲ့ကြသည်။ ထို့အပြင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လူသားအလွှာပေါင်းစုံ ပူးပေါင်းပါဝင်မှ အောင်မြင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် အမျိုးသမီးများ၊ ကလေးငယ်များ၊ လူငယ်များ၊ ဒေသခံတိုင်းရင်းသားများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသအဖွဲ့အစည်းများ၊ အလုပ်သမားနှင့် ကုန်သွယ်ရေးအဖွဲ့အ စည်းများ၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များ၊ သိပ္ပံပညာရှင်များ၊ လယ်သမားများစသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရမည့် အစုအဖွဲ့များကို ဖော်ထုတ်ပေးခဲ့သည်။

နောက်ပိုင်းကာလများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုများ ပိုမိုများပြားလာခဲ့သကဲ့သို့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲမှုကလည်း သိသာထင်ရှားလာခဲ့သည်။ ထိုဖြစ်စဉ်များ၏ နောက်ဆက်တွဲအဖြစ် သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားလာခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အမျိုးမျိုးကြုံတွေ့လာခဲ့ကြရသည်။ ထို့ကြောင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတု ပြောင်းလဲမှုညီလာခံကို ကျင်းပခဲ့သည်။ ယင်းညီလာခံ မတိုင်မီကလည်း ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချရန် ၁၉၉၇ ခုနှစ်က တိုကျိုပရို တိုကောလ်စာချုပ်ကို နိုင်ငံပေါင်းစုံက လက်မှတ်ရေးထိုးခဲ့သေး သည်။ သို့သော်လည်း ဖန်လုံအိမ်ဓာတ်ငွေ့များ တစ်နှစ်ထက် တစ်နှစ် တိုးလာခဲ့သည်။ ကမ္ဘာကြီးလည်း ပိုမိုပူနွေးလာခဲ့သည်။ မုန်တိုင်း၊ ဆူနာမီ၊ မြေငလျင် အပါအ၀င် သဘာဝဘေး အန္တရာယ်များ ခပ်စိပ်စိပ်၊ ခပ်ပြင်းပြင်း ဖြစ်လာခဲ့သည်။

ဆိုရလျှင် ကမ္ဘာ့နိုင်ငံအသီးသီးက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ညီလာခံကြီး များ ပြုလုပ်ဆွေးနွေးကြ၊ ကတိပြုလက်မှတ်များ ရေးထိုးကြ၊ ကြေညာစာတမ်းများ ထုတ်ကြ၊ စည်းကမ်းချက်များ ချမှတ်ကြစသဖြင့်တစ်ကမ္ဘာလုံး ပွက်လောညံနေအောင် ဆောင်ရွက်နေကြသော် လည်း လက်တွေ့တွင် သဘာဝပတ်ဝန်းကျင်ကို မထိန်းနိုင်ခဲ့ကြပေ။ အဘယ်ကြောင့်နည်း။ ကျွန်တော့်အမြင်အရ ပြောရလျှင် ကမ္ဘာ့နိုင်ငံအသီးသီးက ပတ်ဝန်းကျင် ထိန်းသိမ်းရေး ညီလာခံများ၊ ဆွေးနွေးပွဲများ၊ ကတိပြုလက်မှတ်များ၊ ကြေညာစာတမ်းများကို လက်တွေ့တွင် အကောင်အထည် မဖော်ခဲ့သောကြောင့်ဖြစ်သည်။ လက်တွေ့ အကောင်အထည်ဖော်မှု များသည်လည်း လူမြင်ကောင်း အောင် လုပ်ဆောင်မှုများပင် ဖြစ်နေပါလိမ့်မည်။ ထိုကိစ္စများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကိုပဲ ကြည့်ကြည့်လိုက်ပါ။

         မြန်မာနိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ်တွင် အမျိုးသားပတ်ဝန်းကျင် ရေးရာမူဝါဒကို ချမှတ်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် မြန်မာ့ ၂၀ ရာစုအစီအစဉ်ကို ရေးဆွဲခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အပူပိုင်း စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနကို ဖွဲ့စည်းခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ထောင်စုနှစ်ရည်မှန်းချက်ကို ထုတ်ပြန်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အမျိုးသားအဆင့် စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို ပြုစုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ၀န်ကြီးဌာနနှင့် ပတ်ဝန်းကျင်ဦးစီးဌာနများ ဖွဲ့စည်းခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ နောက်ထပ်လည်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်ချက်များ ရှိပါသေးသည်။ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ချက်များ ပေါ်လွင်စေရန် နမူနာအနေဖြင့် ထုတ်ပြခြင်းသာ ဖြစ်ပါသည်။ ထို့အပြင်မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့်အတူ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ညီလာခံများ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးများ တက်ရောက်ပြီး ကတိပြုလက်မှတ်များကိုလည်း ရေးထိုးခဲ့ပါသည်။သို့သော်လည်း မြန်မာနိုင်ငံတွင်သစ်တောများ အပါအ၀င် မြေပေါ်၊မြေအောက်၊ ရေပေါ်၊ ရေအောက်သဘာဝ သယံဇာတများ အလွန်အကျွံ  ထုတ်ယူမှုနှင့်အတူ သဘာဝပတ်ဝန်းကျင်များ ပိုမိုပျက်စီးခဲ့သည်။ သဘာဝဘေး အန္တရာယ်များလည်း ပိုမိုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုများလည်း များပြားခဲ့သည်။ ထိုဖြစ်စဉ်များကို ကြည့်ခြင်းအား ဖြင့် မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အပြောဖြင့်သာ လုပ်ပြီး လက်တွေ့ဆောင်ရွက်မှု အားနည်းကြောင်း သိသာလှပါသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး နောက်ပိုင်းတွင် အစိုးရအပါအ၀င် ပြည်သူအချို့က သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးကို ပိုမိုအာရုံစိုက်လာခဲ့သည်ကို တွေ့ရသော်လည်း သဘာဝပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှုက တော့ နည်းပါးနေသေးသည်။ အစိုးရအဆက်ဆက်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အရေးကြီးကြောင်း တခုတ်တရ ပြောကြားခဲ့သော်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်နေသည့်၊ ထိခိုက်နိုင်သည့် စီမံကိန်း ကြီး၊ငယ်များကို ခွင့်ပြုထားခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လူကြားကောင်းအောင်ပြောပြီး လက်တွေ့တွင် လျစ်လျူရှုထားခဲ့သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အထိမ်းအမှတ်ပွဲများ၊ အခမ်းအနားများတွင် သာ သဘာဝပတ်ဝန်းကျင် အကြောင်းပြောပြီး အခြားအချိန်များတွင် သဘာဝပတ်ဝန်းကျင် ကို မေ့နေခဲ့ကြသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို တားဆီးထိန်းချုပ် မရနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့မဟုတ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ လည်း ရှိပါသည်။ သို့သော်လည်း ပြည်သူအများစုက သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများကို ဒေါ်လာရရန် လုပ်ဆောင်နေကြသည်ဟု ထင်မှတ်ပြီး အယုံအကြည် သိပ်မရှိကြသည်ကို တွေ့ရသည်။ တကယ်တမ်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး မည်သည့်ငွေကြေး တစ်စုံတစ်ရာ မရရှိဘဲ တကယ့် စိတ်ရင်း စေတနာဖြင့် ပြောဆိုဆောင်ရွက်နေကြ သည့် ပညာရှင်များ၊ အဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့များ ရှိပါသည်။ ဒေါ်လာ ရဖို့ လုပ်ဆောင်နေသည့် အဖွဲ့များတွင်လည်း စိတ်ရင်းစေတနာဖြင့် လုပ်ဆောင်နေသော အဖွဲ့များလည်း ရှိနိုင်ပါသည်။သို့သော်လည်း မြန်မာနိုင်ငံရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းအများစုသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အပြောဖြင့်သာ ဆောင်ရွက်နိုင်ပြီး လက်တွေ့ပိုင်း ဆောင်ရွက်မှု အားနည်းခဲ့ကြသည်။ ထို့ကြောင့် ပြည်သူများ ပူးပေါင်းပါဝင်မှုသည်လည်း အားနည်းနေဆဲ ပင် ဖြစ်သည်။

တကယ်တမ်းတွင် ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင် ရာ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အခြေအနေများကို အစိုးရနှင့် ပြည်သူများ သိရှိအောင် ဖော်ထုတ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင် ရန် လိုအပ်ကြောင်းကို အသိပေးမည်။ အစိုးရနှင့် ပြည်သူများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးတွင် လက်တွေ့ကျကျ ပါဝင်ဆောင်ရွက်လာအောင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဟောပြောပွဲများ၊ သစ်ပင်စိုက်ပွဲများ၊ အမှိုက်ကောက်ပွဲများ၊ ပန်းချီပြပွဲ၊ ဓာတ်ပုံပြပွဲ၊ ကာတွန်းပြပွဲများ စသဖြင့် လှုပ်ရှားမှုများ ပြုလုပ် မည်။ သည်လောက်သာ သူတို့တတ်နိုင်ပေလိမ့်မည်။ အဓိကဆောင်ရွက်ရမည်မှာ နိုင်ငံတော်အစိုးရပင် ဖြစ်သည်။ အစိုးရအဖွဲ့က ဦးဆောင်ပြီး ပြည်သူများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။

          ထို့ကြောင့် နိုင်ငံတော်သမ္မတ အပါအ၀င် အစိုးရအဖွဲ့ တာဝန်ရှိသူများအနေဖြင့် ညီလာခံများ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ အထိမ်းအမှတ် အခမ်းအနားများတွင် ပတ်ဝန်းကျင်ထိန်း သိမ်းရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသကဲ့သို့ လက်တွေ့လည်း ဆောင်ရွက်ဖို့ လိုပါသည်။ ၂၀၁၈ ခုနှစ် ဇွန်လ ၅ ရက် ကမ္ဘာ့ ပတ်ဝန်း ကျင်နေ့တွင်လည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယခင်နိုင်ငံတော် သမ္မတအဆက်ဆက် လုပ်ဆောင်ခဲ့သည့်အတိုင်း မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် ‘‘ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုတာ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေက လက်ဆင့်ကမ်း ပေးလိုက်တဲ့ အမွေအနှစ်ဖြစ်ပြီး ကျွန်တော်တို့ကလည်း အနာဂတ် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးရမယ့် အမွေအနှစ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံ့လူဦးရေ တိုးတက်လာတာနဲ့အမျှ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ရေရှည်စဉ်ဆက်မပြတ် ဖြည့်ဆည်း ဆောင်ရွက်နိုင်ဖို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံများကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မှာ ပေါင်းစပ် ဆောင်ရွက်ဖို့ ပြောလိုပါတယ်။ ပတ်ဝန်းကျင်ညစ် ညမ်းမှု မရှိစေဖို့နဲ့ ယိုယွင်းပျက်စီးမှုများ မဖြစ်စေဖို့ ကာကွယ်ထိန်းသိမ်းရာမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုနဲ့အတူ အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေ၊

ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် တွေ ပူးပေါင်းပြီး ထိထိရောက် ရောက် အကောင်အထည် ဖော်ဆောင်ရွက်ကြမှသာ သာယာဝပြောတဲ့ အနာဂတ်ကို ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေ ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်’’ဟု ထည့်သွင်း ပြောကြားခဲ့သည်။ သမ္မတ၏ မိန့်ခွန်းကို နားထောင်ပြီး သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအတွက် အားတက်မိပါသည်။ ၀မ်းသာမိပါသည်။ သို့သော် အခမ်းအနားနှင့် လိုက်လျောညီထွေပြောသည့် မိန့်ခွန်းမဖြစ်ပါ စေနှင့်ဟု စိတ်ထဲက ဆုတောင်း နေမိသည်။

အချုပ်အားဖြင့် ဆိုရလျှင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စကားများများပြောရ မည်ဖြစ်ပြီး လက်တွေ့လည်း ဆောင်ရွက်ရမည်ဖြစ်သည်။ လတ်တလောတွင် နိုင်ငံတော် သမ္မတ မိန့်ခွန်းထဲတွင် ပြောခဲ့ သည့်အတိုင်း ကျွန်တော်တို့၏ ဘိုးဘေးဘီဘင်များက လက်ဆင့် ကမ်းပေးခဲ့သော ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင် အမွေအ နှစ်များကို အနာဂတ် မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေး ခဲ့နိုင်ရန် ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀ ထိခိုက်မှုများသည့် စီမံကိန်းများကို မလုပ်ဆောင်ဖို့ လိုပါသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများကို ထည့်သွင်းဆောင်ရွက်ရမည် ဖြစ်သည်။ထိုလုပ်ငန်းများကို အပြောဖြင့်သာ မဟုတ်ဘဲ လက်တွေ့တွင်လည်း ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုကြောင်း ရေးသားလိုက်ရပါ သည်။    ။                                      

(ဆောင်းပါးရှင် ရွှေလက်သည် သဘာဝ ပတ်ဝန်းကျင်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်)

Top News