မိုးသက်လေနှင့် မုန်တိုင်းပင့်လျှင်

(၁)

‘‘အနောက်တောင်ဆီက ရွာမည်ဟန်ပြင် ××× မိုးသက် လေနှင့် မုန်တိုင်းပင့်လျှင်...’’

မုတ်သုံဝင်လာတဲ့ မိုးဦးကျ ကာလမှာ စာအုပ်တွေထဲကတစ် ဆင့် လေးစားကြည်ညိုခဲ့ရတဲ့ ဆရာ ဂီတနက်သန်ကိုစောညိန်း ရဲ့ မိုးသက်လေနှင်သီချင်းက ခဏတိုင်း ခေါင်းထဲရောက်လာပါ တယ်။ မိုးသက်လေနှင်သီချင်းနဲ့ အတူ သတိရမိတာကတော့ နာ ဂစ်မုန်တိုင်းကြီးပါပဲ။ နာဂစ်ကို သတိရမိပြန်တော့ ...။

(၂)

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေက ဒီမိုကရေစီ နည်းကျ၊ မကျတွေကို စဉ်းစားကြ တဲ့ တစ်ပြိုင်နက်တည်းမှာအဲဒီ ဖွဲ့စည်းပုံကို ဘယ်လိုအတည် ပြုပြဋ္ဌာန်းခဲ့သလဲဆိုတဲ့ အချက်ကို လည်း ထည့်သွင်းစဉ်းစားဖို့လိုပါ တယ်။ ဒါကြောင့်မို့ လက်ရှိ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဘယ်လို အတည်ပြုပြဋ္ဌာန်းခဲ့တယ်ဆိုတာ ကို ပြန်လည်စိစစ်ကြည့်ကြစေချင် ပါတယ်။ အထူးသဖြင့်တော့ လွန် ခဲ့တဲ့ ၁၀ နှစ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုခဲ့တဲ့ ဖြစ်စဉ် တွေကို သတိမပြုမိခဲ့တဲ့သူတွေ၊ မသိမီလိုက်သူ လူငယ်တွေ အတွက် နာဂစ်ဖွဲ့စည်းပုံလို့ လူသိ များတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုအတည်ပြုပြ ဋ္ဌာန်းခဲ့သလဲဆိုတာကို နောက် ကြောင်းပြန်တင်ပြလိုပါတယ်။

မြန်မာနိုင်ငံအောက်ပိုင်းက ပြည်သူတွေ နာဂစ်မုန်တိုင်းဒဏ်နဲ့ အတိဒုက္ခရောက်နေကြရတဲ့ အချိန်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေ စိတ်သောကရောက် နေကြရချိန်မှာပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုခဲ့တာ အခု ဆိုရင် ၁၀ နှစ်ပြည့်ခဲ့ပါပြီ။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်ညမှာ မြန်မာ နိုင်ငံအောက်ပိုင်းကို စိစိညက် ညက်ကြေအောင် တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးက ပေးတဲ့ ဒုက္ခတွေကို ပြည်သူလူထုတွေ ခံစားနေရတဲ့အချိန် မေလ ၁၀ ရက်မှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွေကို မြို့ပေါင်း ၂၇၈ မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ ဆန္ဒမဲပေးခွင့် ရှိသူပေါင်း ၂၂,၇၀၈,၄၃၄ ဦးရှိတဲ့အနက် ၉၉ ဒသမ ၀၇ ရာခိုင်နှုန်းဖြစ်တဲ့ ၂၂,၄၈၆,၆၆၀ ဦးက လာရောက် မဲပေးပြီး အဲဒီလို လာရောက်မဲပေး ခဲ့တဲ့သူတွေထဲက ၉၂ ဒသမ ၄ ရာခိုင်နှုန်းဖြစ်တဲ့၂၀,၇၈၆,၅၉၆ ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံခဲ့တယ်လို့ ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုးက ၂၀၀၈ ခုနှစ် မေလ ၁၅ ရက်မှာ ကြေညာခဲ့ပါ တယ်။

ဆက်သွယ်ရေးတွေ ပြတ် တောက်ပြီး တစ်နေရာနဲ့ တစ်နေ ရာ သွားလာဖို့တောင် အတော် ခက်ခဲတဲ့ အချိန်မှာ လူ ၁၀၀ မှာ ၉၉ ယောက်က ဆန္ဒခံယူပွဲကို လာရောက်ဖို့ တကယ်ပဲဖြစ်နိုင် သလားဆိုတာ စဉ်းစားစရာ ကောင်းပါတယ်။ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ မကောင်းသေးသလို မုန်တိုင်း ဒဏ်ကြောင့် တယ်လီဖုန်းဆက် သွယ်ရေးတွေ ပြတ်တောက်၊ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေတဲ့ ကာလကြီးမှာ မေလ ၁၀ ရက်ညကမှ ပြီးသွားတဲ့ ဆန္ဒခံ ယူပွဲရလဒ်ကို အလုပ်လုပ်ရက် ၄ ရက်ပဲယူပြီး မေလ ၁၅ ရက်မနက် မှာ အသေးစိတ်ထုတ်ပြန်ကြေညာ ပေးခဲ့တဲ့ ကော်မရှင်ဥက္ကဋ္ဌကြီးကို လည်း ဘယ်လိုများ အလုပ်တွေ ကြိုးစားခဲ့တာလဲလို့ မေးကြည့်ချင် မိပါတယ်။ နောက်ထပ် မေးခွန်း တစ်ခုကတော့ မေလ ၁၀ ရက် ကျင်းပတဲ့ ဆန္ဒခံယူပွဲတွေမှာ ချန် လှပ်ခဲ့တဲ့ မြို့နယ် ၄၇ ခုမှာ ရန်ကုန်တိုင်းက မြို့နယ် ၄၀ နဲ့ ဧရာဝတီတိုင်းက မြို့နယ် ခုနစ် မြို့နယ်ပဲ ပါဝင်ပါတယ်။ ဧရာ ဝတီတိုင်းဟာ အဲဒီအချိန်က မုန် တိုင်းဒဏ်ကို အများဆုံးခံခဲ့ရတဲ့ ဒေသဖြစ်ပါတယ်။ ဒါနဲ့တောင် ခုနစ်မြို့နယ်တည်းကိုသာ ချန် လှပ်ထားခဲ့တာကရော ဆန္ဒခံယူ ပွဲရလဒ်တွေအပေါ် မေးခွန်းထုတ် စရာပဲ ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်းကြီးရဲ့ သက် ရောက်မှုက နှစ်ချီပြီးကြာခဲ့တာ လူတိုင်းအသိပဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က တာဝန်ရှိသူ တွေကတော့ မုန်တိုင်းတိုက်ပြီး သုံးပတ်အကြာ မေလ ၂၄ ရက် မှာပဲ ကျန်ရှိနေတဲ့ ၄၇ မြို့နယ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူ ပွဲတွေကို ထပ်ပြီးကျင်းပခဲ့ပါ တယ်။ ဒီအခါမှာလည်း မဲပေးခွင့် ရှိသူဦးရေပေါင်း ၄,၅၈၀,၃၉၃ ဦး ရှိတဲ့အနက် ၉၃ ဒသမ ၄၄ ရာခိုင် နှုန်းဖြစ်တဲ့ ၄,၂၈၀,၀၁၅ ဦးက လာရောက်မဲပေးခဲ့ပြီး မဲပေးသူ ဦးရေစုစုပေါင်းရဲ့ ၉၂ ဒသမ ၉၃ ရာခိုင်နှုန်းဖြစ်တဲ့ ၃,၉၇၇,၅၂၈ ဦး က ထောက်ခံဆန္ဒမဲပေးခဲ့တယ်လို့ ဥက္ကဋ္ဌကြီး ဦးအောင်တိုးက ထပ်မံ ကြေညာပြန်ပါတယ်။ မေလ ၂၆ ရက်မှာပါ။ အဲဒီအချိန်က ဧရာ ဝတီတိုင်းအတွင်းမှာ တစ်ရွာနဲ့ တစ်ရွာ၊ တစ်နေရာနဲ့တစ်နေရာ ဆက်သွယ်ဖို့ အလွန်ကို ခက်ခဲနေ တဲ့အချိန်ပါ။ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ပြီး သုံးပတ် ကြာချိန်မှာပဲ မုန်တိုင်းသင့် ဧရာဝတီတိုင်းမှာနေတဲ့ ပြည်သူ ဆွေမျိုးသားချင်းတွေ သေကုန်လို့၊ အိုးအိမ်တွေ ပျက်စီးကုန်လို့ ဝမ်း နည်းပူဆွေးနေ ကြတဲ့သူ ၁၀၀ မှာ ၉၃ ယောက်ကျော်က မဲရုံကိုလာ ပြီး မဲပေးခဲ့တယ်ဆိုတာက ယုတ္တိ ရှိ၊ မရှိ စဉ်းစားကြည့်ဖို့လိုသလို မေလ ၂၄ ရက်ညမှာမှ ကျင်းပ ပြီးစီးခဲ့တဲ့ မဲဆန္ဒတွေကို မေလ ၂၆ ရက်မှာ တိတိကျကျ ထုတ်ပြန် ကြေညာခဲ့ တာကလည်း အံ့သြ ကုန်နိုင်ဖွယ်ရာ ကြိုးစားအားထုတ် မှုဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် မေလ ၂၉ ရက် မှာတော့ နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါ တယ်။ အဲဒီကြေညာချက်မှာ ဆန္ဒ မဲပေးခွင့်ရှိသူပေါင်း ၂၇,၂၈၈,၈၂၇ ဦးတဲ့အနက် ၉၈ ဒသမ ၁၂ ရာခိုင် နှုန်းက ဆန္ဒမဲပေးခဲ့ကြပြီး မဲပေး သူ စုစုပေါင်း ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထောက်ခံခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

‘‘ဒါက မြန်မာပြည်မှာ ဒီမို ကရေစီမျိုးစေ့ကို ပြန်ချပေးခဲ့ပါ တယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို အတည်ပြုပြဋ္ဌာန်း ခဲ့ရာမှာ ဘယ်လောက် ဒီမိုကရေစီ နည်းကျခဲ့သလဲဆိုတာကို စဉ်းစား ကြည့်နိုင်ဖို့ ကိန်းဂဏန်းလေးတွေ ကို ပြန်လည်စေ့ငုနိုင်ကြစေဖို့ပါ။

(၃)

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းပြီး ၁၀ နှစ်အတွင်းမှာ ရွေးကောက်ပွဲ နှစ်ကြိမ်ကျင်းပခဲ့ ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကြား ဖြတ်ရွေးကောက်ပွဲတွေလည်း ကျင်းပခဲ့ပါတယ်။ ရာသီဥတု သာတောင့်သာယာ အခြေအနေ မှာ ကျင်းပခဲ့တဲ့ အဲဒီရွေးကောက် ပွဲတွေမှာ မဲဆန္ဒပေးမှုအခြေအနေ တွေ ဘယ်လိုရှိခဲ့သလဲဆိုတဲ့ အ ချက်နဲ့ နှိုင်းယှဉ်ပြီး နာဂစ်မုန်တိုင်း လွန်ကာလ ဒုက္ခတွေကြားမှာ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန္ဒမဲခံယူပွဲရလဒ်တွေကို ကိန်းဂဏန်းအချက်အလက်တွေ ဟာ ပြန်လည်စဉ်းစားစိစစ်ဖို့ မကောင်းပေဘူးလားလို့ အတွေး ပွားမိပါတယ်။

 ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုခဲ့တာ ၁၀ နှစ်ပြည့်ခဲ့ပါ ပြီ။ ဒီအချိန်မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အသေး စိတ် ပြန်လည်သုံးသပ်ကြဖို့ အ ချိန်ကျပြီလို့ ယူဆမိပါတယ်။ အဲဒီလို ပြန်လည်သုံးသပ်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များအပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုပြဋ္ဌာန်းခဲ့သလဲ ဆိုတဲ့ အချက်ကလည်း မမေ့သင့် တဲ့အချက်ဖြစ်ပါတယ်။ မိုးဦးကျ တိုင်း နာဂစ်မုန်တိုင်းကို သတိရမိ ကြသလိုပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဋ္ဌာန်းခဲ့ပုံကိုလည်း သတိ ရမိကြဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ သြော် ... မိုးသက်လေနှင့် မုန်တိုင်းပင့်လျှင် ...။။

(ဆောင်းပါးရှင် ခိုင်ကြည်သစ် သည် နိုင်ငံရေး၊ ကျန်းမာရေးနှင့် မျက်မှောက်ရေးရာဆောင်းပါး များ ရေးသားနေသူဖြစ်သည်။)

Top News