ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် နုတ်ထွက်ပေးရေး မြ၀တီတွင် ကဗျာဆရာနှစ်ဦး ဆန္ဒထုတ်ဖော်

ကဗျာဆရာနှစ်ဦးဆန္ဒဖော်ထုတ်နေစဉ်

စာပေညီလာခံ၏ဆုံး ဖြတ်ချက်ကို မျက်ကွယ်ပြုပြီး ကတိမတည်ဟုဆိုကာ ပြန်ကြား ရေးဝန်ကြီးဒေါက်တာဖေမြင့်နုတ် ထွက်ပေးရေး၊ အမျိုးသားစာပေ ဆုပေးရာတွင် ကဗျာဆုနှစ်ဆုပေး ရေးမြ၀တီမြို့တွင် ဇွန်လ ၉ ရက်က ကဗျာဆရာနှစ်ဦးဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲကို မြ၀တီ မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌကဗျာဆရာသက်ဦးနိုင် (မြ ၀တီ)နှင့် ကဗျာဆရာကိုချစ်(မြ၀ တီ)တို့နှစ်ဦးက တရားဝင်ခွင့်ပြု ချက်တင်၍ ပြုလုပ်ခဲ့သည်ဟုဆို သည်။ ဆန္ဒထုတ်ဖော်သူများ သည် ပြန်ကြားရေးဝန်ကြီးဒေါက် တာဖေမြင့် နုတ်ထွက်ပေးရေး၊ မြန်မာ့ရိုးရာအစဉ်အလာကဗျာ များထိန်းသိမ်းရေး၊ ခေတ်ပေါ် ကဗျာနှင့် မြန်မာကဗျာနှစ်မျိုး၊ နှစ်ဆုပေးရေးတို့ကို ကြွေးကြော်သည်။

အမျိုးသားစာပေဆုပေးရာ တွင် ကဗျာကဏ္ဍ၌ ခေတ်ပေါ်နှင့် ဂန္ထ၀င်ဟူ၍ နှစ်ဆုခွဲပေးရန် နိုင်ငံ လုံးဆိုင်ရာစာပေညီလာခံက ဆုံး ဖြတ်ထားသည့်အပေါ် အမျိုးသား စာပေဆုရွေးချယ်ရေးကော်မတီ က မဲခွဲဆုံးဖြတ်ကာ ကဗျာဆုတစ် ဆုတည်းသာပေးရန် ပြန်လည် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ဆုရွေးချယ်ရေး ကော်မတီ၏ ဆုံးဖြတ်ချက်သည် ဂန္ထ၀င်ကဗျာကို မှေးမှိန်ပျောက် ကွယ်အောင်လုပ်ရာရောက်သည့် အပြင် ပြန်ကြားရေးဝန်ကြီးအနေ ဖြင့်လည်း ကတိမတည်ရာရောက် ကြောင်း ဆန္ဒထုတ်ဖော်သူ ကဗျာဆရာသက်ဦးနိုင်(မြ၀တီ)ကပြောသည်။

စာပေနယ်ပယ်အသီးသီးမှ ကိုယ်စားလှယ် ၆၀၀ ကျော်တက် ရောက်ဆုံးဖြတ်သည့် နိုင်ငံလုံး ဆိုင်ရာစာပေညီလာခံ၏ဆုံးဖြတ် ချက်ကို သဘောတူလက်ခံ ကြောင်း ဒေါက်တာဖေမြင့်ကိုယ် တိုင် ညီလာခံနောက်ဆုံးရက် အ မှာစကားပြောကြားရာတွင် ထည့် သွင်းပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘သူကိုယ်တိုင်သဘောတူ တယ်လို့ ပြောခဲ့တာ။ အခုသူ ကတိမတည်ဘူး။ ကတိမတည် ရင် နုတ်ထွက်ပေး။ ကျွန်တော်တို့ မကျေနပ်ဘူး။ တိုင်းပြည်မှာကတိ မတည်တဲ့ဝန်ကြီးတွေရှိနေရင် တိုင်းပြည်တိုးတက်မှာမဟုတ်ဘူး ဗျ’’ ဟု ကဗျာဆရာသက်ဦးနိုင် (မြ၀တီ)က ပြောသည်။

မြန်မာ့ရိုးရာအစဉ်အလာ (ဂန္ထ၀င်)ကဗျာသည် ပုဂံခေတ် ကတည်းက ပေါ်ပေါက်ခဲ့သည့် ကဗျာအမျိုးအစားဖြစ်ပြီး ယင်း ကဗျာကို ထိန်းသိမ်းရန်လိုအပ် ကြောင်း ၎င်းကဆိုသည်။

အမျိုးသားစာပေဆုပေးရာ တွင် ခေတ်ပေါ်ကဗျာနှင့်မြန်မာ့ ရိုးရာအစဉ်အလာကဗျာနှစ်ခုကို ပေါင်းပြီး ဆုတစ်ဆုတည်းပေး မည်ဆိုပါက ခေတ်ပေါ်ကဗျာများ သာဆုရရှိမည်ဖြစ်ကြောင်း၊ ဂန္ထ ၀င်ကဗျာ မှေးမှိန်သွားမည်ဖြစ် ကြောင်း ကဗျာဆရာသက်ဦးနိုင် (မြ၀တီ)က ပြောသည်။

‘‘ရိုးရာကဗျာကို ပျောက် ပျက်အောင် အကြံအစည်ရှိရှိ ဖောက်ဖျက်တာလားလို့ သံသယ ရှိတယ်’’ ဟု ၎င်းကဆိုသည်။

 ဆန္ဒထုတ်ဖော်ရာတွင် တောင်းဆိုခဲ့သည့်အချက်များကို လိုက်လျောဖြေရှင်းပေးခြင်းမရှိ ပါက ဆန္ဒထုတ်ဖော်ပွဲများဆက် လက်ပြုလုပ်မည်ဟု ကဗျာဆရာ သက်ဦးနိုင်(မြ၀တီ)က ပြော သည်။

ကဗျာဆုတစ်ဆုတည်းသာ ပေးရန် ဆုံးဖြတ်သဖြင့် အမျိုး သားစာပေဆုရွေးချယ်ရေးကော် မတီအဖွဲ့ဝင် စာရေးဆရာမ မစန္ဒာနှင့် ကဗျာဆရာသူရဇော်တို့ သည် ဆုရွေးချယ်ရေးကော်မတီမှ နုတ်ထွက်ခဲ့သည်။

အမျိုးသားစာပေဆုစိစစ် ရေးကော်မတီသည် မြန်မာ့အစဉ် အလာရိုးရာကဗျာ(ဂန္ထ၀င်ကဗျာ) ကို မှေးမှိန်ပျောက်ကွယ်အောင် လုပ်ဆောင်သည်ဟု သမိုင်းဝင် တော့မည်ဖြစ်သဖြင့် သမိုင်း တရားခံမဖြစ်လို၍ နုတ်ထွက်ခြင်း ဖြစ်ကြောင်း စာရေးဆရာမမစန္ဒာ ၏ နုတ်ထွက်စာတွင် ရေးသား ထားသည်။

ယခင်နှစ်များက အမျိုးသား စာပေဆုပေးရာတွင် ဂန္ထ၀င်ကဗျာ ကိုသာ ကဗျာဆုအဖြစ်ပေးအပ်ခဲ့ ပြီး ၂၀၁၆ ကစတင်ကာ ကဗျာဆု အတွက် အစဉ်အလာနှင့်ခေတ် ပေါ်ကဗျာမခွဲခြားတော့ဘဲ တစ် ဆုတည်းပေါင်း၍ ပေးအပ်ခဲ့သည်။

၂၀၁၆ အတွက်ကဗျာဆုကို ‘ရန်ကုန်ကို အလစ်မပေးနဲ့ ဒေလီ ယာ’ ကဗျာများဖြင့် ကဗျာဆရာ ကိုရွေးက ရရှိခဲ့သည်။

More in News Section

Top News