MLM စူပါ

"သူငယ်ချင်း၊ မင်းအ လုပ်မပျက်၊ အကိုင်မပျက် တစ်လ လေးငါး၊  ဆယ်သိန်း အပိုဝင်ငွေရမယ့်အချိန်ပိုင်းအလုပ်မျိုး မလုပ်ချင်ဘူးလား’’


ကျောင်းနေဖက် ငယ်သူ ငယ်ချင်းဇေကြီး၏ စကားကြောင့် စူပါတစ်ယောက် သောက်လက်စ ကော်ဖီပင် သီးမတတ် ဖြစ်သွား သည်။

‘‘ဟေ့ကောင်...တော်တော်။ ဒီနားတင်ရပ်။ အခုရပ်’’

‘‘ငါပြောတာ ဆုံးအောင် နား ထောင်ပါဦးဟ။ နီနီခင်ဇော် သီချင်း လာဆိုပြမနေနဲ့’’

‘‘သီချင်းဆိုတာမဟုတ်ဘူး။ မင်းပြောမယ့် စကား ငါသိလို့ ရပ် ခိုင်းတာ။ မင်း ငါ့ကို MLM ကုမ္ပဏီတစ်ခုခုအတွက် ဆွယ်မလို့မဟုတ် လား’’

စူပါ၏စကားမှန်သွားသဖြင့် ဇေကြီး စပ်ဖြီးဖြီးဖြစ်သွားသည်။

‘‘ဟီး...ဆိုပါတော့ကွာ။ မင်း ကလည်း MLM ဆိုတိုင်း လိမ်နေ တာတော့ မဟုတ်ပါဘူးကွ’’

‘‘ကောင်းပြီလေ။ ဒါဆို မင်း ကော အခု တစ်လဘယ်လောက် ရပြီလဲ’’

‘‘ငါက နောက် ၂ နှစ်၊ သုံးနှစ် လောက်ဆိုရင်...’’

‘‘ရပြီ။ တော်တော့။ ငါမေး တာ အခုရတာကိုပဲ မေးတာ။ မင်း ပြောသလောက် ပိုက်ဆံမင်းကိုယ်တိုင်တောင် မရသေးဘူးမဟုတ် လား။ မင်းကုမ္ပဏီက ဘာရောင်း တာလဲ’’

‘‘အဓိကရောင်းတာကတော့ ဓာတ်စာပဲ။ ကျန်းမာရေးကောင်း စေတဲ့ ဖြည့်စွက်စာတွေ၊ လက် ဖက်ခြောက်တို့၊ သွားတိုက်ဆေး တို့လည်းရောင်းတာ’’

‘‘တကယ်ကော ကောင်း လား’’

‘‘ဟာ...ကောင်းတာက တော့ ပြောမနေနဲ့။ ငါတို့ဆီကထုတ်တဲ့ ပဒိုင်းသီးဝတ်မှုန်ဆိုရင်...’’

‘‘တော်တော့။ ငါမေးတာပဲ ဖြေ။ တကယ်ကောင်းတယ်ဆိုရင် မင်းတို့ကုမ္ပဏီက ပစ္စည်းတွေကို ဈေးကွက်ထဲမှာ ဘာလို့ မရောင်း ကြတာလဲ’’

‘‘ငါတို့က ငါတို့နည်းနဲ့ပဲ စားသုံးသူလက်ထဲကို တိုက်ရိုက် ရောက်အောင်...’’

‘‘မဆိုင်ပါဘူး။ တကယ် ကောင်းရင် ဈေးကွက်ထဲမှာ လူ တိုင်း တွင်တွင်ကျယ်ကျယ်ရောင်း နေကြပြီပေါ့။ မင်းတို့တိုက်ရိုက် ရောင်းတော့ ဈေးနှုန်းကျတော့ ကော သက်သာလား’’

‘‘အရည်အသွေးမြင့်တဲ့ ပစ္စည်းဆိုတော့ကွာ...’’

‘‘မသက်သာဘူး မဟုတ် လား။ ငါကြားပါတယ်။ သွားတိုက်ဆေးတစ်ဘူးကိုတောင် တစ် သောင်းကျော်လောက် ရောင်း တယ်ဆိုတာ။ ဒါနဲ့ မင်း အခုလာ တာ ငါ့ကို မန်ဘာဆွယ်မလို့ မ ဟုတ်လား’’

‘‘ဆွယ်တယ်လို့လည်း မ ဟုတ်ပါဘူးကွာ။ ငါတို့လုပ်ငန်း မင်းများစိတ်ဝင်စားမလားလို့ မေး ကြည့်တာ။ ပြီးတော့ အချိန်ရရင် ငါတို့ဆီက ဟောပြောပွဲလေး လာ တက်ပါလားလို့ ဖိတ်မလို့။ မန်ဘာ ဝင်တာ၊ မဝင်တာ မင်းသဘောပါ’’

စကားကို ရေပက်မဝင် အ ပြောခံနေရသည့်တိုင် ဇေကြီးက လည်း ဇွဲကောင်းကောင်းဖြင့် ရသ လောက် ဆက်ဆွယ်ကြည့်သေး သည်။

‘‘တော်ပါပြီ။ ငါလျှောက်မေး ရင် မင်းတို့ပွဲတွေ ပျက်ကုန်မယ်။ မင်းကိုလည်း သူငယ်ချင်းအချင်း ချင်း စေတနာနဲ့ ပြောမယ် ဇေကြီး။ မင်း ပိုက်ဆံအများကြီး မထည့်ရ သေးရင်  နောက်ဆုတ်လိုက်တော့။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူများကျွန်အဖြစ်မခံနဲ့။ ဒီလောကအကြောင်း ငါအများကြီးသိတယ်။ ငါ့ကို လည်း ဆက်မဆွယ်နဲ့တော့’’

စူပါ၏အတန်တန်ဖျောင်းဖျ သော စကားများကြောင့် ဇေကြီး ခေါင်းငိုက်စိုက်ကျသွားပြီး သူ့အ ဖြစ်ကို အမှန်အတိုင်းဝန်ခံသည်။

‘‘ငါလည်း တကယ်တော့ ဒီအလုပ်ကြီး စိတ်ကုန်နေပါပြီ ကွာ။ သူငယ်ချင်းတစ်ယောက် အဆွယ်ကောင်းလို့ ဝင်မိရာကနေ မက်လုံးတွေကို အဟုတ်မှတ်ပြီး အမှတ်များများရဖို့ ပစ္စည်းတွေ လောဘတကြီးယူရင်း အခု တော် တော်နစ်နေပြီ။ ငါ့အိမ်ဂရန် တောင် အခုပေါင်ထားရတယ်’’

‘‘ဟေ’’

‘‘အေး...လူရပြီးရောဆိုပြီး ငါ့မိဘတွေရော၊ မောင်နှမတွေ ရော အိမ်နီးနားချင်းတွေကိုပါ အတင်း မန်ဘာဝင်ခိုင်းခဲ့မိတာ အခုတော့ အိမ်ကို မျက်နှာတောင် မပြရဲဘူး’’

‘‘မင်း တော်တော်မိုက်တဲ့ ကောင်ပဲ။ ဘာလို့ အဲဒီလောက် တောင် လုပ်ပစ်ရတာတုံး’’

‘‘သူတို့ပေးတဲ့ မက်လုံးတွေ မှာ မျောသွားမိတာပါကွာ။ ပထမ တော့ ချမ်းသာချင်ဇောနဲ့ လုပ်မိ ခဲ့ပေမယ့် နောက်ပိုင်းကျတော့ ဆုံးသွားတာလေး ပြန်ရမလားဆို ပြီး ဆက်မျောနေမိတာ’’

စူပါ ခေါင်းကို ခါရမ်းလိုက် သည်။

‘‘ငါ အကြံပေးရရင်တော့ ဆုံးသွားတဲ့ ပိုက်ဆံတွေကို တခြား နည်းနဲ့ပဲ မင်းရှာသင့်တယ်။ မင်း လိုသူများတွေ ဒုက္ခရောက်အောင် ဒီအလုပ်ကြီးနဲ့ လိုက်မဆွယ်သင့် တော့ဘူး’’

‘‘အေးပါကွာ။ ငါ နောင်တ တော်တော်ရနေပါပြီ။ ငါ အမြန် ဆုံးထွက်နိုင်အောင် ကြိုးစားပါ့ မယ်’’

ဇေကြီးတစ်ယောက် မျက် ရည်ဝဲပြီး ငိုက်စိုက်ငိုက်စိုက်နှင့်ထ ပြန်သွားသည်။ စူပါလည်း ဒုက္ခ ရောက်နေသည့် လူတစ်ယောက် ကို နိုင်သလောက် ကယ်တင်နိုင်ခဲ့ ပြီဟု စိတ်ထဲတွင် ပီတိဖြစ်ရင်း လက်ဖက်ရည်ဆိုင်မှ ထွက်လာ သည်။ ထို့နောက် ရပ်ကွက်ရုံးတွင် ထောက်ခံစာတစ်ခုလုပ်ဖို့ ပြော ထားသည့်ကိစ္စကို သတိရသွားပြီး ရုံးဘက် ဆက်လျှောက်လာခဲ့ သည်။

ရုံးရောက်သည့်အခါ အုပ် ချုပ်ရေးမှူးနှင့် အဆင်သင့်တွေ့ သဖြင့် ကိစ္စများ မြန်မြန်ဆန်ဆန် တစ်ခါတည်း ပြီးအောင် လုပ်လိုက်သည်။ အုပ်ချုပ်ရေးမှူးက ရေနွေး ကြမ်းနှင့် ဧည့်ခံရင်း အာလာပ သလ္လာပပြောနေသဖြင့် အလိုက် သင့်ပြန်ပြောနေရသေးသည်။

ရပ်ကွက်အကြောင်း ထွေရာ လေးပါးပြောနေရာမှ အုပ်ချုပ်ရေး မှူးက တစ်စုံတစ်ခုကို သတိရ သွားဟန်ဖြင့်

‘‘သြော်...စကားမစပ် မောင် စူပါကို မေးရဦးမယ်။ မောင်ရင် အလုပ်မပျက်၊ အကိုင်မပျက် တစ်လလေး၊ ငါး၊ ဆယ်သိန်း အပို ဝင်ငွေရမယ့် အချိန်ပိုင်းအလုပ်မျိုး မလုပ်ချင်ဘူးလား’’

‘‘ဟိုက်’’

အုပ်ချုပ်ရေးမှူးဆက်ပြော မည့်စကားများကို ကြိုသိနေသော စူပါတစ်ယောက် ထပြေးရန် အ ကြောင်းရှာရတော့သည်။

‘‘ဟိုလေ...အုပ်ချုပ်ရေးမှူး ကြီး။ ကလေးကျောင်းလွှတ်ချိန် နီးနေလို့ သွားလိုက်ဦးမယ်နော်။ နောက်မှ အေးအေးဆေးဆေး ဆက်ပြောတာပေါ့။ အခုလို ကူညီ တာ ကျေးဇူးတင်ပါတယ်’’

စူပါလည်း နှုတ်ဆက်စကား ပြောရင်း ကမန်းကတမ်းထပြေးရ သည်။ စိတ်ထဲမှလည်း ဇေကြီးကို ကြိတ်ကျိန်ဆဲမိသည်။ သင်းလက် ချက်ပဲနေမည်။

ရပ်ကွက်ရုံးမှ အပြန်တွင် သမီးဖြစ်သူ စာဥလေးကို ကျောင်း သွားကြိုပြီးနောက် ရပ်ကွက်ထိပ် ဘုန်းကြီးကျောင်းမှ ဆရာတော်ထံ ပြေးရပြန်သည်။ အိမ်တွင် နောက် တစ်နေ့ ဆွမ်းကျွေးရှိသဖြင့် ဆရာ တော်ကို ပင့်ရန် သွားလျှောက် ထားခြင်းဖြစ်သည်။

ဘုန်းကြီးကျောင်းရောက် တော့ စူပါတို့သားအဖကို ဆရာ တော်က ကျက်သရေခန်းထဲမှ ငှက်ပျောသီး၊ ထန်းလျက် စသည် တို့ ချကျွေးပြီး ဧည့်ခံသည်။ ဆရာ တော်ထံ ဆွမ်းကျွေးကိစ္စလျှောက် ထားပြီးနောက် စူပါတို့နှင့်စကား ပြောစဉ် ဆရာတော်က

‘‘မေးစရာရှိလို့ ဒကာကြီး’’

‘‘တင်ပါ့ဘုရား’’

‘‘ဒါနဲ့ ဒကာကြီးမောင်စူပါ။ ဒကာ့အနေနဲ့ အလုပ်မပျက်၊ အကိုင်မပျက် တစ်လလေး၊ ငါး၊ ဆယ် သိန်း အပိုဝင်ငွေရမယ့်အချိန်ပိုင်း အလုပ်မျိုး မလုပ်ချင်ဘူးလား’’

‘‘ငင့်’’

စူပါခမျာ မည်သို့ ပြန်ပြော ရမှန်းမသိ၍ အကျပ်ရိုက်သွား သည်။

‘‘အရှင်ဘုရား။ တပည့်တော် အိမ်မှာလေ အမျိုးသမီးက မီးဖွားနေလို့။ အဲဒါ မီးသတ်တွေကို အရေးတကြီးခေါ်ဖို့ ပြန်လိုက်ဦး မယ်နော်’’

သူ့စကားသူပင် ဘာပြောမိ မှန်းမသိ။ ပါးစပ်ထဲ တွေ့ကရာ ဆင်ခြေတစ်ခုကောက်ပေးပြီး စူပါထပြေးလာရသည်။ ဆရာတော် ခမျာ စူပါ၏စကားအဓိပ္ပာယ်စဉ်း စားရင်း ခေါင်းကုတ်ပြီး ကျန်ခဲ့ရှာ သည်။

အိမ်သို့ ပြန်ရောက်မှသာ MLM သမားတွေနှင့် လွတ်ကင်း ရာ အရပ်ကို ရောက်ပေပြီဟု စူပါ ခမျာ သက်ပြင်းတုံးတုံးချနိုင်တော့ သည်။ အိမ်ရှေ့ ကုလားထိုင်တွင် ထိုင်ပြီး အမောဖြေနေစဉ် စူပါ၏ မဒမ် မစာဘုက အိမ်ထဲမှ လှမ်း ပြောသည်။

‘‘ယောက်ျားရေ။ ပြောစရာ ရှိတယ်’’

‘‘အေး..ပြောလကွာ’’

မဒမ်စာဘုက ပြုံးစိစိလုပ် ရင်း

‘‘ယောက်ျား အလုပ်မပျက်၊ အကိုင်မပျက် တစ်လ လေး၊ ငါး ဆယ်သိန်း အပိုဝင်ငွေရမယ့် အ ချိန်ပိုင်းအလုပ်မျိုး မလုပ်ချင်ဘူး လား’’

စူပါခမျာ ထိုင်ခုံမှ ဝုန်းခနဲ ခုန်ထမိသည်။

‘‘အိမ်ကို ဇေကြီးလာသွား တာလား’’

‘‘ဟုတ်တယ်တော်ရေ။ သူ့ အလုပ်အကြောင်းလာပြောပြရှာ တာ။ ရှင့်ကို သူငယ်ချင်းအချင်း ချင်း အဆင်ပြေစေချင်လို့ဆိုပြီး စေတနာနဲ့ လာတာ။ သိပ်စေတနာကောင်းတဲ့သူ။ ရှင် ပင်ပင်ပန်းပန်း ရှာဖွေကျွေးမွေးနေတာ ကျွန်မ လည်း မကြည့်ရက်ဘူးလေ။ ဒါ ကြောင့် အပိုဝင်ငွေလေးရအောင် အခု သူတို့အလုပ်ထဲမှာ မန်ဘာ ဝင်လိုက်ပြီ’’

စူပါ ဒေါသူပုန်ထသွားသည်။

‘‘မင်း ဘာတွေလျှောက်လုပ် နေတာလဲကွာ။ ငါ့ကို နည်းနည်း ပါးပါး မေးပါဦးလား’’

‘‘ဘာမေးစရာလိုလဲ။ ရှင့်အ လုပ်က တစ်လနေလို့ သုံးလေး သိန်း နပ်မမှန်တဲ့ဟာကို။ အခု တစ်လလေး၊ ငါး၊ ဆယ်သိန်းရမယ့် အလုပ်တွေ့တာ ဘာကိုအကြာကြီးစဉ်းစားနေမလဲ’’

‘‘ဟ... အဲဒါ လိမ်နေတာဟ။ အဲဒါ မင်းငွေနဲ့မင်းပြန်ခိုင်းစားခံရ တဲ့အလုပ်’’

‘‘အို...ဈေးရောင်းတာပဲ။ ခိုင်းစားတယ်လို့ ဘယ်ဟုတ်ပါ့မ လဲ။ ထိုက်တန်တဲ့ လုပ်အားတော့ ပြန်ပေးရမှာပေါ့။ ရှင်က အပေါင်း အသင်းပေါတာပဲ။ နောက်ထပ် မန်ဘာနှစ်ယောက်လောက် ဆွယ် ပေးတာ ဘာခက်လို့တုံး’’

‘‘ဘာကိစ္စ ငါက ဆွယ်ပေး ရမှာလဲ။ မင်းလုပ်ထားတာ မင်း ဘာသာဆွယ်ပါ့လား’’

စူပါက ဂျစ်တိုက်ပြီး ပြန်ပြော သည်။

‘‘ဘာပြောတယ်။ ရှင်က အခု တော့ ကျွန်မကို ခိုင်းစားပြီပေါ့ လေ။ အရင်တုန်းကတော့ ကျွန်မပင်ပန်းမှာစိုးလို့ဆိုပြီး ဘာမှ မခိုင်းရက်တဲ့သူ။ အခုတော့ ပြောင်းလဲသွားပြီ။ မှန်မှန်ပြောစမ်း။ ရှင် နောက်တစ်ယောက်တွေ့နေတာ မဟုတ်လား’’

‘‘မဆိုင်တာကွာ’’

‘‘ဘာမဆိုင်ရမှာလဲ။ ဟုတ် မှာပါ ဟုတ်မှာပါ။ အခုတစ်လော သူ အချိုးတွေ တော်တော်ပြောင်း နေတာ။ လှချင်ပချင်စိတ်တွေ လည်း တအားများလာတယ်။ ဘီယာဆိုင်က ကောင်မနဲ့လား၊ ကေတီဗီက ကောင်မနဲ့လားမသိ ဘူး။ တော်ပြီ။ ရှင့်လိုသစ္စာမရှိတဲ့ ယောက်ျားကို ကျွန်မ မပေါင်းနိုင် ဘူး။ အခုကွာမယ်။ အမေ့အိမ် ပြန်မယ်’’

‘‘ဟေ့...ဟေ့။ နေဦးလေ’’

ငိုကြီးချက်မဖြင့် အထုပ်ဆွဲ ပြီး ဆင်းရန် ပြင်နေသော စာဘုမ ကို စူပါခမျာ အသည်းအသန် လိုက်ချော့ရသည်။ စာဘုမကလည်း တော်တော်နှင့် စိတ်ကောက်မ ပြေ။ နောက်ဆုံး မန်ဘာဝင်ဖို့ လူ ဆွယ်ပေးရန် ကတိပေးလိုက်မှသာ ပြုံးပြုံးရွှင်ရွှင်ပြန်ဖြစ်သွား သည်။ စိတ်ထဲတွင်တော့ ဇေကြီးကို တွေ့ရာသင်္ချိုင်းဓားမဆိုင်းဟု ကြုံးဝါးလျက်ရှိသည်။

နောက်တစ်နေ့နံနက်တွင် တော့ လမ်းထိပ် လက်ဖက်ရည် ဆိုင်တွင် တစ်ဝိုင်းတည်း ထိုင်နေ ကျ မိတ်ဆွေများကို စူပါ အာပေါင် အာရင်းသန်သန်ဖြင့် ယခုကဲ့သို့ ပြောနေသည်ကို မြင်ကြရလေ သည်။

‘‘ခင်ဗျားတို့ အလုပ်မပျက်၊ အကိုင်မပျက် တစ်လ လေး၊ ငါး ဆယ်သိန်း အပိုဝင်ငွေရမယ့် အ ချိန်ပိုင်းအလုပ်မျိုး မလုပ်ချင်ကြ ဘူးလား’’

(မောင်စူပါသည် သရော်စာဆောင်းပါးများ ရေးသားသူဖြစ်သည်။)

Top News