ပြည်မြို့တွင် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများကို ခွင့်ပြုချက်မရှိ ထားရှိသည့်နေရာနှစ်ခုကို ဝင်ဖမ်း

ပြည်မြို့တွင် ဖမ်းဆီးရမိသည့် တောရိုင်းတိရိစ္ဆာန်ထွက်ပစ္စည်းများကို တွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရှိသည့်နေရာနှစ်ခု ကို ဇွန်လ ၉ ရက် ည ၈   နာရီခန့် တွင်   ဖမ်းဆီးခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ပြည်မြို့ ကျောင်းကြီးအိုး တန်းရပ်ကွက်ရှိ တပ်လမ်းနှင့် ဈေး လမ်းထောင့်ရှိ နေအိမ်၊ ပွဲရုံနှင့်ရွာဘဲရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နေအိမ်၊ ဂိုဒေါင်တို့တွင် တောရိုင်း တိရစ္ဆာန်ထွက်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း ၎င်းက ဆိုသည်။

‘‘ရဲတပ်ဖွဲ့နှစ်ဖွဲ့ခွဲပြီး နေရာ နှစ်ခုကို တစ်ပြိုင်တည်း ဝင်ရောက်ဖမ်းဆီးကြတာပါ’’ဟု ၎င်းက ဆို သည်။

ထိုသို့ ဝင်ရောက်ရှာဖွေရာ ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ တပ်လမ်းနှင့် ဈေးလမ်းထောင့်ရှိ နေအိမ်နှင့်ပွဲရုံမှ ချေသားရေ  ၁၂ ချပ်၊ လိပ်ဗိုက်ခွံ ၂၄၅ ချပ်၊ လိပ်ခွံအပိုင်းအစ ၁၂ ပိဿာနှင့် ၄၀ ကျပ်သား၊ ဆတ်ချိုမျက်နှာပါ စုစုပေါင်း ၁၁ ခု၊ ဆတ်ချိုအကျိုး ၁၀ ချောင်း၊ တောင်ဆိတ်ချိုငါးခု၊ နွားနောက်ချိုတစ်စုံ၊ သင်းခွေချပ် ၂ ဒသမ ၂၄ ပိဿာ၊ ဖြူဆူး ၁ ဒသမ ၉၀ ပိဿာ၊ ဝက်ဝံလက်သည်းခုနစ်ခု၊ ချေချိုပေါက်ခုနစ်ချောင်း၊ ဝက်စွယ်လေးချောင်း၊ တောင် ဆိတ်ချိုတစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သည်။

ပြည်မြို့ ရွာဘဲရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နေအိမ်နှင့် ဂိုဒေါင်မှ ပြောင်ချို ၂၄ ခု၊ ဆတ်ချိုသုံးခု၊ လိပ်ဗိုက်သားနှင့်အခွံ ၁၉ ခု၊ ဖြူဆူးတောင် ၁၀ ကျပ်သား၊ ဝက်ဝံအရိုးသုံးချောင်း၊ တောင်ဆိတ်ချို မျက်နှာပါ ခုနစ်ခု၊ ချေချိုငါးခုနှင့်  ချေသားရေသုံးချပ်ကို  သိမ်းဆည်းရမိသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း များအား ခွင့်ပြုချက်မရှိဘဲ လက် ဝယ်ထားရှိသည့် အသက် (၅၁)နှစ်နှင့် (၄၉)နှစ်အရွယ် အမျိုးသားတို့ကို ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀ (က)/၄၁ (က) အရ ပြည်မြို့မရဲစခန်းနှင့် ပြည်အမှတ် (၁) ရဲစခန်းတို့တွင်အမှုဖွင့်အရေးယူထားသည်။

Top News