ဖာပွန်ခရိုင်အတွင်း စစ်ရေးတင်းမာစဉ် တိမ်းရှောင်နေသည့် ဒေသခံ ၁,၀၀၀ ခန့်နေရပ်ပြန်

ကရင်ပြည်နယ် ဖာပွန် ခရိုင်အတွင်း တပ်မတော်နှင့် KNUတို့စစ်ရေးတင်းမာမှုကြောင့် ထွက် ပြေးတိမ်းရှောင်ခဲ့သည့် ဒေသခံ များအနက် လူ ၁,၀၀၀ ခန့် နေရပ်သို့ ပြန်ရောက်လာပြီဖြစ်ကြောင်း ဖာပွန်ခရိုင် အရေးပေါ်ကူညီ ထောက်ပံ့ရေးအဖွဲ့ (MEAT)တာဝန်ရှိသူ ပဒိုမန်းမန်းက ပြောသည်။


‘‘လုံးဝ အရင်နေရာမှာ ပြန် အခြေချနေတဲ့ အဆင့်တော့ မ ဟုတ်သေးဘူး။ သူတို့ရဲ့ ပစ္စည်း တွေကို ပြန်ကြည့်တယ်။ အခြေ အနေကို ပြန်လေ့လာတယ်ပေါ့ နော်။ လွန်ခဲ့တဲ့ တစ်ပတ်လောက် က စပြီးတော့ ဒီနေ့အထိ လူဦးရေနည်းနည်းစီလောက် ပြန်နေကြ တာ လူဦးရေ ၁,၀၀၀ လောက်ရှိ ပြီ။ သို့သော်လည်း ပြန်နေပေမယ့် ဒေသအခြေအနေက စိတ်ချလုံခြုံ ရတဲ့ အခြေအနေတော့ မရှိသေး ဘူးပေါ့နော်။ မြေမြှုပ်မိုင်းအန္တ ရာယ်နဲ့ တပ်တွေ နီးနီးကပ်ကပ်ရှိ နေကြတဲ့အပေါ် အများစုက စိုးရိမ်နေတုန်းပဲ’’ဟု ပဒိုမန်းမန်းက ဇွန် လ ၉ ရက်တွင် ပြောသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် လယ်မူပလောဒေသ၌ မတ်လ ဆန်းတွင် တပ်မတော်က လမ်း ဖောက်လုပ်ခြင်းအပေါ် KNU တပ် မဟာ (၅) က ကန့်ကွက်ရာမှ စစ် ရေးတင်းမာခဲ့သည်။ စစ်ရေးတင်း မာနေစဉ် ပစ်ခတ်မှုကြောင့် နှစ်ဖက်ထိခိုက်မှုများရှိပြီး ကျေးရွာအနီး စစ်ကြောင်းများလာရောက်သဖြင့် ယင်းဒေသကျေးရွာ ၁၀ ရွာကျော်မှ ရွာသား ၂,၀၀၀ ကျော်သည် ကျေးရွာများနှင့် မိုင်အနည်းငယ်ကွာဝေးသည့် တောအတွင်း နှစ်လခွဲခန့် တိမ်းရှောင်ခဲ့ရကြောင်း ပဒိုမန်းမန်းကပြောသည်။

နှစ်ဖက်စစ်ရေးတင်းမာမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) တို့အပြန်အလှန်ကန့် ကွက်ခဲ့သည်။ သို့သော် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ မေလ ၁၇ ရက်ကဆွေးနွေးပွဲတွင် ဖာပွန်ဒေသစစ်ရေး ပဋိပက္ခပြေလည်မှုရရှိခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ရုံးက KNU က စိုးရိမ်ပူပန် နေသည့် လမ်းကြောင်းပြုပြင် ဆောင်ရွက်နေမှုကို တပ်မတော် က နားလည်မှုရှိစွာ ယာယီရပ် ဆိုင်းပေးမည်ဟု သတင်းထုတ်ပြန် ခဲ့သည်။ လယ်မူပလောဒေသမှ ပြန်လည်ရုပ်သိမ်းမည့် တပ်မ တော်စစ်ကြောင်းများကို အနှောင့် အယှက်မပေးရန် KNU/KNLA ဗဟိုဌာနချုပ်က တပ်မဟာ (၅) အား ညွှန်ကြားခဲ့သည်။

‘‘စစ်ရေးပြဿနာမရှိတော့ ပေမယ့် အခုပြဿနာရှိနေတာက ဒီတိမ်းရှောင်တဲ့ထဲမှာ ကလေး တွေ ၅၀၀ ခန့်လောက်ပါလာ တယ်။ မူလတန်းတက်နေတဲ့ ကလေးတွေပေါ့နော်။ ကျောင်း တွေက အရင်နေရာမှာဆိုတော့ စိုးရိမ်ချက်ရှိတယ်။ ကျောင်းတက် နေတုန်းမှာ အရင်လိုပြန်ထွက်ပြေး တိမ်းရှောင်ရမယ်ဆိုရင်တော့ အကုန်လုံးက ကသောင်းကနင်း တွေဖြစ်မယ်ပေါ့။ ဆိုတော့ ဘယ် လောက်အထိ စိတ်ချနိုင်မှုရှိမလဲ ဆိုတာကို ပြောလို့မရဘူးဖြစ်နေ တယ်’’ဟု ပဒိုမန်းမန်းက ပြော သည်။

နေရပ်မပြန်ရဲသည့် ဒေသခံများအတွက် နိုင်ငံတကာရောက် ကရင်အသိုင်းအ၀ိုင်းနှင့် ပြည်ပအရပ်ဘက်အဖွဲ့အစည်းအချို့ ကူညီထောက်ပံ့မှုဖြင့် MEAT နှင့် အခြားလူမှုအဖွဲ့အစည်းများက စီစဉ်ဆောင်ရွက်ပေးထားကြောင်း ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။

မတ်လ ၄ ရက်က စတင် သည့် ဖာပွန်ဒေသဖြစ်စဉ်တွင် နှစ်လကျော်အတွင်း KNLA တပ်ဖွဲ့များ၏ နှောင့်ယှက်ပစ်ခတ်မှု ၅၃ ကြိမ်ရှိခဲ့ကြောင်း တပ်မတော်က မေလ ၁၁ ရက်၌ သတင်းထုတ်ပြန်သည်။ တပ်မတော်၏ လမ်းဖောက်လုပ်ရေးဆောင်ရွက်မှုနှင့် ပတ်သက်၍ တိုက်ပွဲများဖြစ်ပွားခဲ့သော လယ်မူပလောဒေသတွင် လက်ရှိ၌ တိုက်ပွဲဖြစ်ပွားမှုမရှိတော့ဘဲ အခြေအနေတည်ငြိမ်နေပြီဟု ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ (၅) တပ်ရေးတာဝန်ခံ ဗိုလ်မှူးစောကလယ်ဒိုက ပြောကြားထားသည်။

More in News Section

Top News