ကင်မ်နှင့် ထရမ့်တို့ ငြိမ်းချမ်းရေးအတွက် ဦးတည် ဆွေးနွေးမည်ဟု မြောက်ကိုရီးယား အစိုးရ မီဒီယာ ဖော်ပြ

ဒေါ်နယ်လ်ထရမ့်နှင့် တွေ့ဆုံချိန်၌ ကင်မ်ဂျုံအန်းသည် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကိစ္စအပြင် ခိုင်မာ တည်မြဲသည့် ငြိမ်းချမ်းရေး ကဏ္ဍအတွက်ပါ ထည့်သွင်း ဆွေးနွေးသွားမည်ဟု မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ဖော်ပြခဲ့သည်။


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နှင့် အမေရိကန် သမ္မတ ထရမ့်တို့သည် ဇွန်လ ၁၂ ရက် တွေ့ဆုံပွဲ မတိုင်မီတွင် စင်ကာပူ နိုင်ငံသို့ အသီးသီး ဆိုက်ရောက်နေကြပြီ ဖြစ်သည်။ ကေစီအန်အေ သတင်းဌာနက ကင်မ်၏ ခရီးစဉ်နှင့် ပတ်သက်၍ သတင်းမပြတ် ဖော်ပြပေးနေပြီး ကင်မ်သည် ငြိမ်းချမ်းရေးနှင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ရည်မှန်းချက်များအတွက် ထရမ့်နှင့် တွေ့ဆုံခဲ့ခြင်းဟု ဖော်ပြသွားသည်။

အခြား မြောက်ကိုရီးယား အစိုးရ သတင်းအေဂျင်စီ တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်ကလည်း အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား ဆက်ဆံရေး ကဏ္ဍသစ်တစ်ရပ် တည်ထောင်နိုင်ရန် ယုံကြည် မျှော်လင့်နေကြောင်း ရေးသားခဲ့သည်။

ထရမ့်နှင့် ကင်မ်တို့သည် ရန်ဘက် နှစ်နိုင်ငံ၏ အာဏာရ ခေါင်းဆောင်များ အနေဖြင့် သမိုင်းတလျှောက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။ 

ကင်မ်သည် တရုတ် လေကြောင်းလိုင်း၏ ပို့ဆောင်ပေးမှုဖြင့် နိုင်ငံခြားရေးဝန်ကြီး ရီယောင်ချို၊ ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုလ်၊ ၎င်း၏ ညီမအရင်း ကင်မ်ယိုဂျောင်တို့ ခြံရံလိုက်ပါကာ ဇွန်လ ၁၀ ရက်က ချန်ဂီ လေဆိပ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ညပိုင်းတွင်မူ ထရမ့်လိုက်ပါလာသည့် Air Force One လေယာဉ်ကလည်း စင်ကာပူသို့ ဆိုက်ရောက်လာခဲ့သည်။ ကင်မ်နှင့် ထရမ့်တို့သည် လတ်တလောတွင်မူ မနီးမဝေး ဟိုတယ်နှစ်ခု၌ အသီးသီး တည်းခိုနေကြပြီး ဇွန် ၁၂ ရက် မနက် ၉ နာရီတွင် ဆန်တိုဆာ ကျွန်းပေါ်ရှိ ကာပယ်လာ ကြယ်ငါးပွင့် ဟိုတယ်၌ တွေ့ဆုံသွားကြမည် ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် အစည်းအဝေး၏ အိမ်ရှင်နိုင်ငံဖြစ်သော စင်ကာပူ၏ ဝန်ကြီးချုပ် လီရှန်လွန်းကိုလည်း အီစတာနာ အစိုးရ အိမ်တော်တွင် အသီးသီး သွားရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြသေးသည်။

Ref: CNA

Top News