ကချင်စစ်ပွဲ ခုနစ်နှစ်ပြည့် ဆုတောင်းပွဲတာဝန်ခံကို တရားရုံးက ဒဏ်ငွေကျပ်တစ်သောင်း ချမှတ်

မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့က တရားစွဲခဲ့သည့် ကချင်စစ်ပွဲ ခုနစ်နှစ်ပြည့် ဆုတောင်းပွဲ တာဝန်ခံ ဦးယိန်းကျန်းကို မြို့နယ်တရားရုံးက ဒဏ်ငွေကျပ်တစ် သောင်း ချမှတ်ခဲ့သည်။

မြစ်ကြီးနားမြို့၌ ဇွန်လ ၉ ရက်က ပြုလုပ်သည့် ကချင်စစ်ပွဲ ခုနစ်နှစ်ပြည့် အထိမ်းအမှတ် စစ်ရှောင်များ၏ ဆုတောင်းပွဲကျင်းပရေးတာဝန်ခံ ဦးယိန်းကျန်းကို ဆုတောင်းပွဲကျင်းပရာတွင် စည်းကမ်းမလိုက်နာမှု၊ သတ်မှတ်ထားချိန်ထက် ကျော်လွန်ပြီး အခမ်းအနား ကျင်းပခြင်းတို့နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က တရားစွဲရာ ဇွန်လ ၁၁ ရက်တွင် စီရင်ချက် ချမှတ်ခဲ့သည်။
    
‘‘ စီရင်ချက်က ဒဏ်ငွေ တစ်သောင်းပေါ့။ ဒဏ်ငွေတစ်သောင်း မဆောင်နိုင်ရင် ထောင်ဒဏ် ခုနစ်ရက် ချပါတယ်။ ဒဏ်ငွေတစ် သောင်း ဆောင်သွားပါတယ်။ အမှုကတော့ ပြီးပြတ်သွားပါပြီ’’ဟု တရားလို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲ မှူးမြင့်မိုးက ပြောသည်။
  
 ပြစ်ဒဏ်ချမှတ်မှု နှင့်ပတ် သက်၍ တရားစီရင်ရေးအပိုင်း၏ ဆုံးဖြတ်ချက်အပေါ် မည်သည့် မှတ်ချက်မျှ မပြုလိုဟု ၎င်းကဆို သည်။  
  
 ဦးယိန်းကျန်းကလည်း ‘‘ဒါက ကျွန်တော်တို့ နားလည်သ လောက်တော့ ကြီးတဲ့ အမှုလည်းမဟုတ်ဘူး။ ငယ်တဲ့ အမှုကိုပပျောက်ရမယ်ဆိုတဲ့ ရဲရဲ့လုပ်ထုံးလုပ်နည်းအပေါ် ကျွန်တော်တို့ ညှိတော့ ညှိသေးတယ်။ ဒါပေမဲ့ သူတို့လည်း စွပ်စွဲရမယ့် အခြေအနေ ဖြစ်နေတာ ကျွန်တော်တို့ နားလည်ပါတယ်။  ဒါကြောင့် တရားရုံးမှာ ဒဏ်ငွေတစ်သောင်းနဲ့ ပြီးခဲ့တာပေါ့’’ဟု ပြောသည်။
    
တပ်မတော်နှင့် ကချင်လက်နက် ကိုင်အဖွဲ့(KIA) အကြား ၂၀၁၁  ဇွန်လ ၉ရက်ကတစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားကြောင့် ကချင်ပြည်သူများ စစ်ဘေးဒုက္ခ ကြုံခဲ့ရ၍ ယင်းနေ့ရက်ကို  အောက်မေ့ဖွယ် နေ့ရက်အဖြစ် သတ်မှတ်ထားကြောင်း၊ နောင်တွင်လည်း ယင်းသို့အောက်မေ့ ဖွယ် အခမ်းအနားများ ဆက်လုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
    
‘‘စစ်ဘေးဒုက္ခသည်တွေ ခံစားနေရတဲ့အပေါ်မှာ ကျွန်တော်တို့က ဒီမိုကရေစီနိုင်ငံလည်း ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဆန္ဒထုတ်ဖော်မှုတွေ၊ ကျွန်တော်တို့ရဲ့ ဆုတောင်းမှုတွေကတော့ ဥပဒေနဲ့ ငြိစွန်းတယ်ရယ်လို့တော့ ကျွန်တော်တို့ မထင်ပါဘူး’’ဟု ဦးယိန်းကျန်းက ပြော သည်။
  
 မြစ်ကြီးနားမြို့ မနောကွင်း၌ ပြုလုပ်သည့် တိုက်ပွဲဖြစ်ပွားမှု ခုနစ်နှစ်ပြည့် ဆုတောင်းပွဲသို့   မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ် တို့ရှိ စစ်ရှောင်စခန်းမှ ပြည်သူ များ၊ ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းများမှ  ပုဂ္ဂိုလ်များနှင့် ဒေသခံများ ထောင်ချီ တက်ရောက်ခဲ့ပြီး  စစ်ပွဲရပ်တန့်ရေး တောင်း ဆိုခဲ့သည်။

More in News Section

Top News