ပြည်သူကို ဂျင်းမထည့်ရ

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးရှင်သဖွယ် ဂုဏ်ခံနေကြသူတွေ ရှိတယ်။ ပြည်သူ့ဘဝနဲ့ ကင်းကွာပြီး ဆင်စွယ်နန်းထက်ပေါ်ကနေဆီဦးထောပတ် စားနေကြသူတွေက ပြည်သူကို အချဉ်လိုသဘောထားခဲ့ကြတယ်။ ပြည်သူတွေခမျာ သူတို့လုပ်သမျှ ခါးစည်းခံခဲ့ကြရတယ်။ ပြည်သူတွေအပေါ် ဘယ်သူတွေက ဘယ်လိုသဘောထားခဲ့သလဲဆိုတာ သမိုင်းဆရာတွေက မော်ကွန်းရေးထိုး မှတ်တမ်းတင်ကြပါလိမ့်မယ်။

အောက်ပါဖြစ်ရပ်အချို့ကို နမူနာအဖြစ် ထုတ်နုတ်ဖော်ပြပါ မယ်။

ဖြစ်ရပ် (၁)

စက်သုံးဆီတွေကို ခွဲတမ်းနဲ့ ရောင်းချစဉ်က အများပြည်သူ တွေမှာ သတ်မှတ်စက်သုံးဆီဆိုင် မှာပဲ ဆီစာအုပ်နဲ့တကွ ထုတ်ခဲ့ကြ ရပြီး ခွဲတမ်းအတိုင်း အတိအကျ ထုတ်ယူခဲ့ကြရတယ်။ စက်သုံးဆီ ဆိုင်နဲ့ ဝေးသည်ဖြစ်စေ၊ နီးသည် ဖြစ်စေ သတ်မှတ်ဆိုင်မှာသာ ထုတ်ကြရလို့ ဝေးဝေး၊ နီးနီး လာ ထုတ်ကြရတယ်။ စက်သုံးဆီကို စိတ်ကြိုက်အချိန်မှာ ဝယ်ယူခွင့် မရဘဲ သတ်မှတ်ထားတဲ့နေ့ရက် မှာသာ ရုံးချိန်အတွင်း ဝယ်ယူခဲ့ ကြရတာပါ။ နေ့လယ်ထမင်းစား ချိန်နဲ့ တိုက်ဆိုင်နေရင် ထုတ်ယူ ခွင့်မရသေးဘဲ တမေ့တမော စောင့်ဆိုင်းဝယ်ယူခဲ့ကြရတယ်။ ပြက္ခဒိန်ရာသီရောက်ရင် စက်သုံး ဆီစာအုပ် လုပ်တဲ့နေရာမှာ ပြက္ခ ဒိန်မဝယ်မနေရ ဝယ်ခဲ့ရသလို စက်သုံးဆီရောင်းတဲ့ဆိုင်က ပြက္ခ ဒိန်ကိုလည်း မဖြစ်မနေ ဝယ်ကြရ ပြန်တယ်။

ဖြစ်ရပ် (၂)

တယ်လီဖုန်းဆင်းမ်ကတ် တွေကို တစ်ကတ် ကျပ်ငွေ ၁၅ သိန်းနဲ့ ရောင်းချစဉ်ကလည်း ခွဲတမ်းနဲ့ သာ ရောင်းချခဲ့ကြတယ်။ တယ်လီဖုန်း ဆင်းမ်ကတ်တစ် ကတ်ရဖို့အရေး ထောက်ခံစာမျိုးစုံ တောင်းခံခဲ့ကြတယ်။ တယ်လီ ဖုန်းဘီလ် ဆောင်ချိန်မှာလည်း နေ့တစ်ဝက်လောက်ပေးမှဆောင်လို့ရခဲ့ကြတယ်။ ပုဂ္ဂလိကဂျာနယ်တချို့က တွန်းအားပေးတဲ့အခါ ဖုန်းကတ်တွေကို တစ်ကတ် ကျပ်ငါးသိန်းနဲ့ ရောင်းချပေးခဲ့ပြန်တယ်။ နောက်တော့ ကျပ်နှစ်သိန်းနဲ့ ရောင်းချပေးခဲ့ ပြန်တယ်။ ၅,၀၀၀ တန်ဖုန်း ရစေဖို့ ဝိုင်းဝန်းတောင်းဆိုကြပါစို့ဆိုတဲ့ လှုပ်ရှားမှုတွေ ပြည်သူတွေ ကိုယ် တိုင် လုပ်လာချိန်ရောက်မှ ဆင်းမ် ကတ်တွေကို တစ်ကတ် ကျပ် ၁,၅၀၀ နဲ့ ရပ်ကွက်တွေမှာ မဲ ဖောက်ပေးခဲ့ ပြန်တယ်။ ဆင်းမ် ကတ်မဲနှိုက်ကြရင်း ခိုက်ရန်ဖြစ် ပွားတာတွေ၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့ပြီး ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ရတယ်။ နောက်ပိုင်းမှာ တော့ ပြည်ပအခြေစိုက် ဆက် သွယ်ရေးအော်ပရေတာတွေ ဝင် လာပြီး ဆင်းမ်ကတ်တစ်ကတ် ကျပ် ၁,၅၀၀ နဲ့ ဖောဖောသီသီ ရောင်းချပေးခဲ့ပါတယ်။

ဖြစ်ရပ် (၃)

စာပေစိစစ်ရေးရှိစဉ်အခါက အရာရာကို စာပေစိစစ်ရေး တံ တိုင်းနဲ့ကာရံပြီး စာပေအနုပညာနဲ့ သတင်းအချက်အလက်တွေကို ခုတ်ထစ်ပိုင်းဖြတ်ခဲ့ကြတယ်။ စိစစ်ရေးကြောင့် မလိုအပ်ဘဲ အချိန်တွေကြာ၊ ငွေတွေကုန် ဖြစ် ခဲ့ကြရတယ်။ စာပေစိစစ်ရေး ထားရှိခြင်းကြောင့် စာဖတ်သူ၊ စာရေးသူ၊ ထုတ်ဝေဖြန့်ချိသူတွေ သာ နစ်နာခဲ့ရပြီး စိစစ်ရေးကြောင့် အိတ်ဖောင်းခဲ့တဲ့ဝန်ထမ်းဆိုးတွေ သာရှိခဲ့ပါတယ်။ စာပေစိစစ်ရေး ဖြုတ်ပြီး နောက်ပိုင်းမှာ မြန်မာ့ ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်တဲ့ စာပေတွေ ထွက်မလာဘဲ ခေတ် အဆက်ဆက် တိမ်မြုပ်ပျောက် ကွယ်ခဲ့ရတဲ့ အဆင့်အတန်းမြင့်တဲ့ စာပေတွေသာ ပေါ်ထွက်လာခဲ့ရ တာပါ။ စိစစ်ရေးခေတ်မှာ မလို အပ်ဘဲ မထည့်မနေရဆောင်းပါး တွေ ထည့်ပြီး စာရွက်တွေ၊ ငွေ တွေ၊ အချိန်တွေ၊ လုပ်အားတွေ ဖြုန်းတီးပစ်ခဲ့ကြတယ်။

အထက်ပါဖြစ်ရပ်အချို့က နမူနာဖြစ်ရပ်တွေသာ ဖြစ်ပါ တယ်။ နိုင်ငံကူးလက်မှတ်ရုံးကို ရန်ကုန်မြို့တစ်ခုတည်းထားခဲ့ပြီး ပြည်သူတွေရဲ့ အချိန်တွေ၊ ငွေ တွေ ကုန်ဆုံးစေခဲ့တာ ဆယ်စုနှစ် ပေါင်းများစွာ ကြာမြင့်ခဲ့တယ်။ အခုတော့ တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေရဲ့ မြို့ကြီးတွေမှာ နိုင်ငံ ကူးလက်မှတ်ရုံးတွေ တိုးချဲ့ဖွင့် လှစ်နိုင်ခဲ့ပါပြီ။ အလားတူဖြစ်ရပ် တွေလည်း ရှိနေပါသေးတယ်။ ပြည်သူတွေ လွယ်လင့်တကူ လုပ်ကိုင်ဆောင်ရွက်လို့ မရ အောင် ဂျင်းထည့်ခဲ့ကြတာဖြစ်ပါ တယ်။ အဲဒီလို လုပ်တဲ့ အကျိုး ဆက်က ပြည်သူတွေရဲ့ ချစ်ခြင်း မေတ္တာကို မရရှိတော့ဘဲ ပြည်သူ နဲ့ ဝေးသထက်ဝေးသွားစေခဲ့တာ သာ အဖတ်တင်ခဲ့ပါတယ်။

တကယ်တော့ တချို့ကိစ္စ တွေ အစကတည်းက မလိုအပ်ခဲ့ ပါဘူး။ အုပ်စိုးသူအဆက်ဆက်က အာဏာတည်မြဲရေးတစ်ခုတည်း ကြည့်ခဲ့ကြပြီး စိတ်ကူးပေါက် သလို လုပ်ခဲ့ကြတာကို ဝန်ထမ်း တွေက ဖော်ဆောင်ပေးခဲ့ရတာ သာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ဖော်ဆောင်ပေးလိုက်တဲ့ အတွက် သက်ဆိုင်ရာ ဌာနမှာလည်း နာ မည်ဆိုးတွင် ရသလို လုပ်ကိုင် ဆောင်ရွက်ရတဲ့ ဝန်ထမ်းတွေမှာ လည်း အမည်းစက်စွန်းထင်ခဲ့ရ တာတွေရှိတယ်။ တချို့က အစ ကတည်းကမရှိသင့်တဲ့ စာပေစိ စစ်ရေးဆိုတာကြီးကို သူတို့လက် ထဲမှာ ဖြုတ်ပေးနိုင်ခဲ့တဲ့အတွက် ပြည်သူတွေကပဲ ကျေးဇူးတင်ရ မယောင် ကိုယ့်ကိုယ်ကိုယ် ဂုဏ် ဖော်နေကြသူတွေ ရှိတယ်။ စာပေစိစစ်ရေးဆိုတာ တကယ် ကော လိုအပ်ခဲ့လို့လား။

ကောက်ခံစရာမလိုတဲ့ မြို့ ဝင်ကြေးတွေ တံတားဖြတ်သန်းခ တွေ ရာစုတစ်ဝက်ကျော် မှိန်း ကောက်ခံခဲ့ပြီးမှ သူတို့လက်ထက် မှာ ကောက်ခံခြင်းမပြုတော့ပါ ဘူးလို့ လက်မထောင်နေကြသူ တွေရှိတယ်။ (အချို့မြို့နယ်တွေ မှာ အခုချိန်ထိ မြို့ဝင်ကြေးတွေ ပေးနေရဆဲဖြစ်ပါတယ်)။ မြို့ဝင် ကြေးတွေ၊ တံတားဖြတ်သန်းခတွေ ကောက်ခံစရာကော လိုလို့လား။ အိမ်နီးချင်းနိုင်ငံအချို့မှာ သည် ပင် မြို့ဝင်ကြေး ကောက်ခံတယ် ဆိုတာ မရှိပါဘူး။ နိုင်ငံတကာမှာ လည်း မြို့ဝင်ကြေး ပေးရတယ်ဆို တာ မကြားဖူးဘူး။ နိုင်ငံသားတိုင်း က နိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်ရှိရမှာ မဟုတ်ပါ လား။ ကျွန်တော်တို့နိုင်ငံမှာတော့ မြို့တစ်မြို့ကို ဖြတ်သွားတိုင်း မြို့ဝင်ကြေးတွေ ပေးနေရတယ်။ မြို့ဝင်ကြေးဆိုတာကလည်း ပြည် သူတွေအပေါ် ထည့်တဲ့ ဂျင်းတွေ သာဖြစ်ပါတယ်။

ပြည်သူကို နှိပ်စက်ကလူပြု ခဲ့ရင် သမိုင်းကဒဏ်ခတ်စမြဲဖြစ် တယ်။ ပြည်သူရွေးချယ်တယ်ဆို တဲ့ အစိုးရခေတ်ထိ လွယ်တာကို ခက်သယောင် လုပ်နေကြသူတွေ ရှိနေဆဲဖြစ်တယ်။ မေတ္တာပေးသူ သာ မေတ္တာရစမြဲဖြစ်ပါတယ်။ အရှေ့တိုင်းသားတွေက စိတ်ခံ စားမှုကို ဦးစားပေးကြသူတွေများ တယ်။ ပြည်သူကိုချစ်တယ်၊ ခင် တယ်ဆိုတာ ပါးစပ်က တဖွဖွ ပြောနေရုံနဲ့မပြီးဘူး။ လက်တွေ့ လုပ်ရပ်တွေနဲ့ သက်သေပြကြဖို့ သာ လိုပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲနိုင်ငံရေးကို ဖြတ် သန်းကြမယ့်သူတွေအနေနဲ့ ပြည် သူ့မဲတွေကို လိုချင်ရင် ပြည်သူကို ဂျင်းမထည့်ကြဖို့ လိုအပ်လှပါ တယ်။။

(ဆောင်းပါးရှင် သန်းနိုင်ဦးသည် လူမှုရေး၊ စီးပွားရေးနှင့် မျက် မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်)

Top News