လေးရက်ဆက်တိုက် မိုးများနေ၍ မကွေးတိုင်းရှိ နှမ်းစိုက်ခင်းများ ရေမြုပ်ပျက်စီး

လေးရက်ကြာ အဆက်မပြတ် မိုးရွာသွန်းခြင်းကြောင့် ပွင့်ဖြူမြို့နယ်ရှိ နှမ်းခင်းများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။(ဓာတ်ပုံ − ဇော်ဇော်)

 လေးရက်ကြာ မိုးသည်း ထန်စွာ ရွာသွန်းနေခြင်းကြောင့် မကွေးတိုင်းရှိ နှမ်းစိုက်ခင်းများ ရေမြုပ်ပျက်စီးခဲ့ကြောင်း ဒေသခံ နှမ်းစိုက်တောင်သူများက ပြော သည်။

  မကွေးတိုင်းဒေသကြီးရှိ မကွေး၊ မင်းဘူး-စကု၊ ပွင့်ဖြူ စသည့်မြို့နယ်များရှိ ရေသွင်းစိုက် ပျိုးသည့် နွေနှမ်းစိုက်ဧကများ ရေ မြုပ်ပျက်စီးနေကြောင်း တောင် သူများက ဆိုသည်။


ပွင့်ဖြူမြို့နယ်ရှိ နှမ်းစိုက်ခင်း များသည် ရေသွင်းစိုက်ပျိုးထား ခြင်းဖြစ်ပြီး မိုးရွာသွန်းမှုများကြောင့် နှမ်းစိုက်ခင်းများ ရေနစ်မြုပ်နေကြောင်း ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ကျေးရွာနေ တောင်သူ ဦးအောင်ဇော်က ပြောကြားသည်။

‘‘နှမ်းခင်းတွေကတော့ လုံး လုံးပျက်ကုန်မှာပဲ။ အလွန်ဆုံးပြန် ရ မျိုးလောက်ပေါ့။ နွေနှမ်းကို ရေ သွင်းစိုက်ပျိုးတာ မိုးက အရမ်းများသွားတော့ လယ်ကန်သင်းရေတွေ ဖောက်ချဖို့က အဆင်မပြေဖြစ် သွားတယ်။ ပြန်ပြီး ပြုပြင်စိုက်ပျိုး ဖို့က မဖြစ်နိုင်တော့ဘူး’’ဟု ၎င်းကဆိုသည်။

ရေမြုပ်ပျက်စီးသည့် နှမ်း စိုက်ဧကအရေအတွက် မသိရ သေးဘဲ မိုးဆက်လက်ရွာသွန်းနေ ခြင်းကြောင့် ဧရာဝတီမြစ်ဘေးရှိ သဲမြေများတွင် စိုက်ပျိုးသည့် နှမ်း စိုက်ခင်းများပါ ပျက်စီးနေသည် ဟု မကွေးမြို့နယ်ရှိ နှမ်းစိုက် တောင်သူများက ပြောသည်။

 ‘‘ဧရာဝတီအနောက်ဘက် ခြမ်းက လယ်မြေတွေမှာ စိုက်တဲ့ နှမ်းတွေက ဘယ်လိုမှ အခြေအ နေမကောင်းနိုင်ဘူး။ ကျွန်တော် တို့ ဧရာဝတီအရှေ့ဘက် မကွေး မြို့နယ်ထဲက ယာမြေ သဲထုရှိတဲ့ မြေမှာတောင်မှ အခုလောက်မိုး များရင် ခုနစ်ရက်ကနေ ၁၄ ရက် သားပဲရှိသေးတဲ့ နှမ်းပင်တွေက အခြေအနေကောင်းမှာ မဟုတ်ဘူး’’ဟု မကွေးမြို့နယ် မကြီးကန် ကျေးရွာနေ တောင်သူ ဦးနိုင်က သုံးသပ်ပြောဆိုသည်။

သို့သော် လယ်မြေမဟုတ်ဘဲ သဲထုရှိသည့် မကွေးမြို့နယ်ရှိ ယာမြေများပေါ်တွင် စိုက်ပျိုးထား သည့် တစ်လကျော်အရွယ်ရှိ နှမ်းပင်များမှာ ပျက်စီးမှုနည်းနိုင်သော် လည်း မှိုလိုက်ခြင်းများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး မှိုသတ်ဆေး စနစ် တကျသုံးစွဲ၍ ကာကွယ်နိုင်မှသာ အဆင်ပြေနိုင်မည်ဟု ၎င်းက ပြောကြားသည်။

‘‘ပတ်မြောင်း၊ စိမ့်မြောင်း နည်းစနစ်နဲ့ စိုက်ပျိုးခဲ့ရင်တော့ အခုလို မိုးများသွားတဲ့အချိန်မှာသက်သာမယ်။ ဒါပေမဲ့ အများစုကရိုးရိုးပဲကြဲပြီး စိုက်ပျိုးကြတာ။ အခုလို မိုးရွာလိုက်တော့ ကာကွယ်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး။ ပတ်မြောင်း၊ စိမ့်မြောင်းစနစ်ဆို တာက ကျောက်ပြင်လိုပဲ၊ ရေကလျှောဆင်းသွားတဲ့စနစ်၊ အဲဒီလို မဟုတ်ရင်တော့ ဆုံးရှုံးရမှာပဲ’’ဟု မင်းဘူး-စကုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန သီးနှံကာကွယ်ရေး တာဝန်ခံ ဦးသိန်းဝင်းက ပြော ကြားသည်။

ယခုအချိန်သည် ပွင့်ဖြူမြို့ နယ်ရှိ တောင်သူများ အများစု ရေသွင်းကာ နွေနှမ်းစိုက်ပျိုးသည့် ကာလဖြစ်သည်။ နွေနှမ်းများ ရိတ်သိမ်းပြီးပါက မိုးစပါး ဆက် လက်စိုက်ပျိုးလေ့ရှိသည်။

Top News